ပဒူကျေးရွာတွင် စစ်ကောင်စီတပ်စွဲ၊ ဒေသခံ ၃,၀၀၀ကျော် နေရပ်ပြန်မရ

By MTO (မဇ္ဈိမ)
27 May 2023
ပဒူကျေးရွာတွင် စစ်ကောင်စီတပ်စွဲ၊ ဒေသခံ ၃,၀၀၀ကျော် နေရပ်ပြန်မရ

စစ်ကိုင်းမြို့နယ် ၊ပဒူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီး တပ်စွဲထားသောကြောင့် ဒေသခံများသည် ၁၀ရက်ခန့်ကြာသည်အထိ နေရပ်မပြန်နိုင်ပဲ စစ်ဘေးရှောင်နေကြရကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကသတင်းထုတ်ပြန်သည်။

" ပဒူတရွာလုံး နီးပါးဆိုတော့ ၃၀၀၀ခန့်ရှိပါတယ်။ စစ်သားတွေ ရွာထဲရှိနေတော့ ပြန်ဖို့ကတော့ မလွယ်ပါဘူး။ ပြန်လည်း နေစရာမရှိဘူး"ဟုစစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၉ရက်မှစတင်၍ ပဒူကျေးရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မေလ ၂၂ ရက်တွင် ပဒူတိုက်နယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရဲစခန်းကို သိမ်းလုနီးပါးအထိ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်က လလေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ပြီးပဒူကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။ ထို့နောက်စစ်ကောင်စီတပ်ဖွဲ့ သည် မေလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ များတွင် ရွာအတွင်းရှိ နေအိမ်များကို ထပ်မံ၍ မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ မေလ ၂၇ ရက်နေ့ အထိ ကျေးရွာအတွင်း တပ်စွဲနေထိုင်နေကြောင်း သိရသည်။

" ရွာက အိမ်‌ခြေ ၅၀၀ လောက်ကို မီးတင်ရှို့တာ။ ဒေသခံတွေက ထွက်ပြေးနေရတယ်။ တ‌နေရာရာမှာ အကြာကြီး မနေရဲဘူး" ဟု ပဒူရွာဒေသခံတစ်ဦးကပြောသည်။

ပဒူရွာဒေသခံ လူဦးရေ ၃၀၀၀ ခန့်သည် မေလ ၁၉ရက်နေ့မှ စတင်တိမ်းရှောင်ခဲ့ရပြီး ယနေ့ မေလ ၂၇ရက်အထိ ထွက်ပြေး‌နေရသည်ဟု သိရသည်။၎င်းတို့နှင့်အတူယာယီစစ်ဘေးရှောင်ရာနေရာများသို့ ကျွဲနွားများလည်း ပါလာသောကြောင့် တိရိစ္ဆာန်အစာအတွက်ပါ အခက်တွေ့နေရသည်ဟုစစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ‌ဆိုသည်။

စာတည်း - မောင်ကြီး

#mizzima

#စစ်ကိုင်း

#ပဒူကျေးရွာ

#စစ်ကောင်စီတပ်စွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly