ပြည်ပရောက် မြန်မာအလုပ်သမားများ လွှဲပို့သည့် ငွေ ၆ လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရှိ

By မဇ္ဈိမ
27 May 2023
ပြည်ပရောက် မြန်မာအလုပ်သမားများ လွှဲပို့သည့် ငွေ ၆ လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရှိ

မြန်မာအလုပ်သမားများ၏ လွှဲပို့သောငွေသည် ပြီးခဲ့သည့် ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရှိခဲ့ကြောင်း ရရှိနိုင်သည့် အချက်အလက်များအရ သိရသည်။

ထိုင်း၊ မလေးရှား၊ ဂျပန်နှင့် စင်ကာပူတို့တွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ လွှဲပို့ငွေသည့် ၂၀၂၂ နိုဝင်ဘာ ၁ ရက်မှ ၂၀၂၃ ဧပြီ ၂၈ ရက် ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရှိကြောင်း မြန်မာနိုင်ငံခြားမစ်ရှင်များ၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စီးပွားရေး နှေးကွေးကာ အလုပ်အကိုင်အခွင့်အလမ်းများ သိသိသာသာ ကျဆင်းသွားသဖြင့် ပြည်သူများသည် အလုပ်အကိုင်အတွက် ပြည်ပသို့ ထွက်ခွာကြသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ ပြန်ပို့ငွေသည် ၂၀၂၂ နိုဝင်ဘာ ၁ ရက်မှ ၂၀၂၃ ဧပြီ ၂၈ ရက် ခြောက်လတာ ကာလအတွင်း ဒေါ်လာ ၄၉၆ ဒသမ ၄၉ သန်းဖြင့် ထိပ်ဆုံးတွင် ရှိသည်။

ကုန်လွန်ခဲ့သည့် ခြောက်လအတွင်း နိုင်ငံခြားမှ လွှဲပို့ငွေများကို မြန်မာနိုင်ငံရှိ အခွင့်ရအကျိုးဆောင် AD ဘဏ်များက ရရှိသည့် အချက်အလက်များ ဖြစ်သည်။ ထိုသို့ ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လွှဲပို့ငွေတွင် စင်ကာပူမှ ဒေါ်လာ သန်း ၃၆၀၊ မလေးရှားမှ ဒေါ်လာ ၂၁၁ ဒသမ ၅၈ သန်း၊ တောင်ကိုရီးယားမှ ဒေါ်လာ ၂၀၂ ဒသမ ၂၉ သန်းနှင့် ဂျပန်နိုင်ငံမှ ဒေါ်လာ ၁၁၇ ဒသမ ၅၃ သန်း အသီးသီးရှိကြောင်း မြန်မာနိုင်ငံရှိ နိုင်ငံခြား မစ်ရှင်များက ထုတ်ပြန်သည်။

အလုပ်သမား လွှဲပို့ငွေ ငွေလွှဲရာတွင် မြန်မာအလုပ်သမားများအနေဖြင့် ၎င်းတို့ ရောက်ရှိနိုင်ငံများမှ ငွေကြေးဖြင့် လွှဲပို့ရပြီး AD ဘဏ်များ ဒေါ်လာဖြင့် လက်ခံကာ ငွေလဲနှုန်းအတိုင်း လဲပေးရာတွင် တစ်ဒေါ်လာလျှင် ၂၈၆၅ ကျပ်နှင့် ၂၈၇၀ ကျပ်ကြား ရရှိသည်။

မြန်မာအာဏာပိုင်များသည် ၂၀၂၂ မေလမှစတင်ကာ အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် သွားရောက်ခွင့် ပြုခဲ့သည်။ အလုပ်သမား အများစုမှာ ထိုင်းနှင့် မလေးရှားသို့ သွားရောက်ကြသည်။ ထိုင်းတစ်နိုင်ငံတည်းမှာပင် MoU ဖြင့် သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမား တစ်နှစ်အတွင်း ၁၅၀,၀၀၀ ကျော် ရှိသည်။

အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်သော အချက်အလက်များအရ ၂၀၁၄ မှ ၂၀၂၂ အထိ မြန်မာအလုပ်သမားများ၏ လွှဲပို့ငွေသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၅ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly