ငါန်းဇွန်မြို့နယ်ရှိ TGYR စခန်း ဝင်စီးခံရ ၊ လက်နက်ခဲယမ်းအများအပြားဆုံးရှုံး

By ကိုခင်မောင်(မဇ္ဈိမ)
27 May 2023
ငါန်းဇွန်မြို့နယ်ရှိ TGYR စခန်း ဝင်စီးခံရ ၊ လက်နက်ခဲယမ်းအများအပြားဆုံးရှုံး

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်အတွင်း လှုပ်ရှားနေသော TGYR -Youth Revolution Guerrilla Force အဖွဲ့ စခန်း စစ်ကောင်စီတပ်၏ ဝင်စီးခံရ၍ စခန်းတစ်ခုလုံးပြာကျသွားပြီး လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့သည်ဟု ယင်းအဖွဲ့က ယမန်နေ့ မေလ ၂၆ရက်တွင် သတင်းထုတ်ပြန်သည်။

ဒလန်၏သတင်းပေးတိုင်ကြားမှုကြောင့် ယမန်နေ့ နံနက် ၅ နာရီခန့် TGYR စခန်းတွင် လူအင်အားနည်းသည့်အချိန်၌ ကျောက်ရစ်အထိုင်စခန်းမှ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း TGYR - Youth Guerrilla Counter Revolution ခေါင်းဆောင် ဗိုလ်အေကေက ဆိုသည်။

" တပ်ဖွဲ့ခေါင်းဆောင် ကျနော်က ဦးဆောင်ပြီး ရဲဘော် ၁၂ယောက်က ငါန်းဇွန်နယ်မှာအလုပ်သွားနေတာ ။ ငါးယောက်ကို တခြားအလုပ်လွှတ်ထားတာ။ စခန်းမှာက စခန်းစောင့်ရဲဘော် ရှစ်ယောက်ပဲထားခဲ့တာ။ အင်အားနည်းနေတာကိုဒလန်က အတိအကျပေးထားလို့ အင်အားနည်းနေချိန် ဝင်ရောက်စီးခံရတာပါဗျ” ဗိုလ်အေကေက မဇ္ဈိမသို့ပြောသည်။

Youth Guerrilla Counter Revolution တပ်ဖွဲ့ စခန်းတွင်းရှိ AK ကျည် ၄၁ တောင့်၊ 5.56 ကျည် ၂၅၀ တောင့်၊ 9.လုံးကျည် ၂၄၇ တောင့်၊လိုကယ်ဖောင်အပြည့်စုံ ၊ ဖုန်း နှစ်လုံး၊ စကားပြောစက် လေးလုံး၊ 9.mm ကျည် ၃၄ တောင့်၊ မိုင်း ခြောက် လုံး၊ ခြောက်ဆယ်မမအဖူး လေးဆယ်၊ ဆိုင်ကယ်- နှစ်စီး၊ ဆန် တစ်အိတ်၊ ဆီတစ်ပုံး၊ စာရွက်စာတန်းအကုန်၊ ကွပ်တိုက်ကြိုးတစ်ခွေနဲ့ C2-C4တို့ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းမှုကြောင့် ကာလပေါက်ဈေးအရ ကျပ်သိန်း ၁၅၀နီးပါး ဆုံးရှုံးခဲ့သော်လည်း စခန်းရှိရဲဘော်များ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအချိန်တွင် ငါန်းဇွန်မြို့နယ်၊ မယ်မသော်ရွာတွင် တပ်စွဲထားသည်ဟုလည်းဆိုသည်။

TGYR - Youth Guerrilla Counter Revolutionအနေဖြင့် ဆုံးရှုံးခဲ့ရသော စခန်းအား ပြန်လည် တည်ဆောက်ရေးပြုလုပ်ရမည်ဖြစ်သည့်တွက် ပြည်တွင်း၊ပြည်ပ အလှူရှင်များ၏ အကူအညီ အရေးပေါ်လိုအပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

TGYR - Youth Guerrilla Counter Revolution အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ထောက်တိုင်များကို ရှင်းလင်းတာအပြင် အခြားမစ်ရှင်ပေါင်းများစွာပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#TGYR စခန်း ဝင်စီးခံရ

#ငါန်းဇွန်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly