စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လူဦးရေ ၁,၆၀၀ နီးပါး သေဆုံး

By KMN (မဇ္ဈိမ)
27 May 2023
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လူဦးရေ ၁,၆၀၀ နီးပါး သေဆုံး

စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ နိုင်ငံတဝန်းတွင် လူ ငါးဦးထက်မနည်း သေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၁၄၇ ကြိမ်ကို စစ်ကောင်စီက ကျူးလွန်ခဲ့ပြီး စုစုပေါင်း ၁၅၉၂ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၂၆ ရက်နေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဆန္ဒပြပွဲများဖြိုခွင်းစဉ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေကြောင်းသုံးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ တိုက်ပွဲဖြစ်ပွားစဉ်နှင့်နယ်မြေရှင်လင်းရေးလုပ်ဆောင်စဉ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်တံဆိပ်ကပ်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လေ့ရှိသည်။

ယင်းအနက် လေကြောင်းပါဝင်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကျူးလွန်မှုသည် စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ၏

၃၂ ရာခိုင်နူန်းရှိပြီး သေဆုံးသူအရေအတွက် ၅၀၈ ဦးရှိကြောင်း ၎င်းအဖွဲ့ကဆိုသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ပွားခဲ့သည့်မြို့နယ်များမှာ ဝက်လက်၊ယင်းမာပင်၊ကလေး၊ကန့်ဘလူ၊ဖားကန့်၊ကလေး၊ပဲခူး စသည့်ဒေသများဖြစ်ပြီး

ကန့်ဘလူမြို့နယ်တွင် ၂၁၇ ဦး၊ဖားကန့်မြို့နယ်တွင် ၈၃ဦးနှင့် ပဲခူးမြို့နယ်တွင် ၈၂ဦးသေဆုံးခဲ့သည်။

မှတ်တမ်းများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသတွင် ကျင်းပနေသည့် ဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဦးရေ ၈၀ နီးပါး အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည််။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊နမ်နိန်း ကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် သံဃာ သုံးဦး အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ၁၉ ဦး ကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မနက်ပိုင်းတွင် ကျင်းပနေသည့် ရုံးဖွင့်ပွဲအခမ်းအနားတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်

တိုက်ခိုက်ခဲ့ပြီး ကျေးရွာခံ ကလေးငယ်၊ အမျိုးသမီးများ အပါအဝင် လူပေါင်း ၂၀၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

#ဉာဏ်လင်းသစ်သုတေသနအဖွဲ့

#လူဦးရေ ၁,၆၀၀ နီးပါး သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly