မိုးဗြဲတွင် လေကြောင်းတိုက်ခိုက်ခံရ အရပ်သားထိခိုက်မှုရှိ

By ဂျူချန်း (မဇ္ဈိမ)
27 May 2023
မိုးဗြဲတွင် လေကြောင်းတိုက်ခိုက်ခံရ အရပ်သားထိခိုက်မှုရှိ
ဓါတ်ပုံ-Nan Lay Wai

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၇နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းသုံး တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းအဆောက်အဦနှင့် နေအိမ်အချို့ ပျက်ဆီးခဲ့ပြီး အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦး စိုးရိမ်ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံမှ သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ ပေါ်ဦးရပ်ကွက်တွင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံ ကိုနေကောင်း ကပြောသည်။ 

ဓါတ်ပုံ-Nan Lay Wai

ဓါတ်ပုံ-Nan Lay Wai

မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင်လည်း ပေါင် ၅၀၀ ဗုံးကြဲသွားပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

“ဘုန်းကြီးကတော့ မထိဘူးလို့တော့ ပြောတယ်။ ကျောင်းကတော့ ကြေမွသွားတာပဲ။ ကျနော်တို့လည်း မထွက်ကြည့်ရဲဘူး။ ကိုယ့်အိမ်ကိုယ် နေနေတာ။ အခုလည်း တစ်ချက်တစ်ချက် လက်နက်ကြီးသံကြားနေရတယ်ဗျ။ မြို့စွန်မှာတော့ ဟိုဘက်ကြားလိုက် မြောက်ဘက်ကြားလိုက်၊ တောင်ဘက်ကြားလိုက်ပေါ့”  ဟု မိုးဗြဲမြို့မှ ဒေသခံတစ်ဦးက ယနေ့ နေ့ခင်း ၁၂ နာရီခွဲတွင် ပြောသည်။

ယနေ့ နံနက် ၅နာရီခန့်တွင် MoBye PDF၊ KNDF နှင့် မြို့ပြပြောက်ကျား ပူးပေါင်းတပ်ဖွဲ့မှ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့များအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့်အတူ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

“လက်နက်ကြီးက (၄၂၂) ကနေ လှမ်းထုတယ်။ မိုးဗြဲမြို့ ပတ်လည်ကို ထုတာ”  ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုနေကောင်း က မဇ္ဈိမ ကိုပြောသည်။

ဓါတ်ပုံ-Nan Lay Wai

ဓါတ်ပုံ-Nan Lay Wai

ဧပြီလ ၂၆ ရက်နေ့တွင် ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ လေးနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကာ နှစ်ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 ထိုတိုက်ပွဲတွင် အထိနာထားသည့် စစ်ကောင်စီတပ်သည့် ယနေ့တိုက်ပွဲတွင်လည်း ထိုနေ့ကဲ့သို့ အထိအခိုက်များမည်ကို စိုးရိမ်သဖြင့် လေကြောင်းပစ်ကူနှင့်အတူ လက်နက်ကြီးပစ်ကူပါ အင်အားသုံးတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ကိုနေကောင်းက ပြောသည်။

“လေယာဉ်နဲ့ လာကြဲစရာ အကြောင်းတော့မရှိဘူး။ ဒါပေမယ့် အရင်တစ်ခေါက်က ဖြစ်သွားတဲ့ကိစ္စနဲ့ ပိုပြီး အခဲမကြေပြီး လာကြဲသွားတဲ့ပုံစံမျိုးဖြစ်တယ်။ အရင်က (ညောင်ဝိုင်းရပ်ကွက်)မြောက်ဘက်ကို တပ်စွဲထားတာ။ ဧပြီလထဲ ထိတွေ့မှုဖြစ်ပြီးတော့ ဒီတောင်ဘက်ကို တပ်စွဲထားတယ်။ ခုထပ်ဖြစ်တော့ လေယာဉ်က မြောက်ဘက် ဘုန်းကြီးကျောင်းကို ကြဲတာ” ဟု ကိုနေကောင်း က မဇ္ဈိမ ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ ည ၉နာရီ ၃၀ မိနစ်ခန့်တွင်လည်း မိုးဗြဲရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် နှစ်လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။ 

ဓါတ်ပုံ-Nan Lay Wai

ဓါတ်ပုံ-Nan Lay Wai

ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုးဗြဲ၊ ဖယ်ခုံနှင့် ပင်လောင်း တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိရာ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများရှိသည့် စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံများသို့ မကြာခဏ လေကြောင်းဖြင့် ဦးတည်တိုက်ခိုက်တတ်သောကြောင့် ပြည်သူများအနေဖြင့် လေယာဉ်သံကြားပါက ဗုံးခိုကျင်းထဲသို့ အမြန်ဆုံး ဝင်ရောက်ပေးကြရန် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly