တရုတ်၏ ကုန်ထုတ်လုပ်ငန်း အမြတ်အစွန်း ၄ လဆက်တိုက်ကျဆင်း

တရုတ်၏ ကုန်ထုတ်လုပ်ငန်း အမြတ်အစွန်း ၄ လဆက်တိုက်ကျဆင်း

‌တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများမှ အမြတ်အစွန်းသည် ၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်း ကျဆင်းသွားပြီး စီးပွားရေး ပြန်လည်ကောင်းမွန်ရန် အလားအလာနည်းနေချိန်တွင် ကုမ္ပဏီများအနေဖြင့် ကုန်ကျစရိတ်ကို ကာမိစေရန်နှင့် ဝယ်လိုအား ကျဆင်းမှုများအတွက် ရုန်းကန်နေရကြောင်း  မေ ၂၇ ရက်က တရားဝင် ထွက်ပေါ်လာသည့် အချက်အလက်များတွင် ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီအထိ အမြတ်ငွေသည် ယမန်နှစ်ကာလကထက် ၂၀ ဒသမ၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းနှင့် ပထမ ၃ လအတွင်း ကျဆင်းမှုသည် ၂၁ ဒသမ၄ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတော် စာရင်းအင်းအဖွဲ့ (NBS) က ထုတ်ပြန်လိုက်သည်။

 ဧပြီလတစ်လအတွင်း၌ပင် စက်မှုလုပ်ငန်းများ၏ အမြတ်ကျဆင်းမှုမှာ ယမန်နှစ်ကထက် ၁၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး မတ်လအတွင်းက ကျဆင်းမှုသည် ၁၉ ဒသမ၂ ရာခိုင်နှုန်းရှိကြောင်း NBS က ဖော်ပြထားသည်။ တရုတ်ကုမ္ပဏီများအနေဖြင့် ပြည်တွင်း၌ ဝယ်လိုအား ကျဆင်းမှုနှင့် ကြုံတွေ့နေရသလို ကိုဗစ်-၁၉ ကာလ အလွန်၌ စီးပွားရေး ပြန်လည်တိုးတက်မှုများ  နှေးကွေးကာ အဓိက ဝယ်ယူသည့် ပြည်ပဈေးကွက်များမှ ဝယ်လိုအားမှာလည်း လျော့နည်းလျက်ရှိသည်။ စက်မှုလုပ်ငန်းမှ ထုတ်လုပ်မှုသည် ဧပြီလအတွင်း တိုးတက်ခဲ့သော်လည်း မျှော်မှန်းချက်ကို ပြည့်မီခြင်း မရှိသေးပေ။

‌ပီစီကွန်ပြူတာ ကုမ္ပဏီ Lenovo က ဇန်နဝါရီ-မတ် ပထမ ၃ လအတွင်း ဝင်ငွေနှင့် အကျိုးအမြတ် ကျဆင်းသွား ကြောင်း ယခုသီတင်းပတ်အတွင်းက ထုတ်ပြန်ခဲ့ပြီး  ကမ္ဘာပေါ်တွင် ပီစီ ကွန်ပြူတာများ ဝယ်လိုအား ကျဆင်းခဲ့ သည့်အတွက် ကုန်ကျစရိတ်ကို လျော့ချနိုင်ရန် ဝန်ထမ်းအင်အားကို ၈ မှ ၉ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ရကြောင်းး ကြေညာခဲ့သည်။

 သံမဏိနှင့် အခြား စက်မှုလုပ်ငန်းသုံး သတ္ထုများ ထုတ်လုပ်ရေး လုပ်ငန်းများတွင်းလည်း ထိခိုက်မှုများ ရှိနေသည်။  ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုသည့်  အားဖြည့် သံမဏိချောင်း ဈေးများလည်း ယခုသီတင်းပတ်က  သုံးနှစ်အတွင်း အနိမ့်ဆုံးသို့ရောက်ရှိသွားကာ နိုင်ငံတွင်း စက်ရုံ ၃ ပုံ ၁ ပုံသာ အမြတ်အစွန်းရရှိအောင် လုပ်ငန်းလည်ပတ်နေကြောင်း အတိုင်ပင်ခံအဖွဲ့ Mysteel က ဖော်ပြထားသည်။

 နိုင်ငံခြားလုပ်ငန်းများသည်လည်း ဇန်နဝါရီ-ဧပြီ ကာလအတွင်း အမြတ်ငွေ ၁၆ ဒသမ၂ ရာခိုင်နှုန်း ကျဆင်းသွားကာ ပုဂ္ဂလိက ကဏ္ဍတွင်လည်း ၂၂ ဒသမ၅ ရာခိုင်နှုန်း လျော့ကျသွားသည်။ 

အဆိုပါ ကာလအတွင်း အဓိက စက်မှုလုပ်ငန်းကဏ္ဍမှ လုပ်ငန်း ၄၁ ခုအနက် ၂၇ ခုတွင် အမြတ်ကျဆင်းခဲ့ကာ သံရည်ကျိုလုပ်ငန်းနှင့် ပုံသွင်းလုပ်ငန်းများတွင် အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ကာ ၉၉ ဒသမ၄ ရာခိုင်နှုန်း ရှိခဲ့သည်။ 

 China industrial profits tumble for 4th straight month in April
https://www.reuters.com/world/china/china-industrial-profits-tumble-4th-...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly