စစ်ကောင်စီလက်ထက် ဇောက်ထိုးဆင်းနေသော အညွှန်းကိန်းများ (ဆောင်းပါး) 

By ဓားရိုင်း
26 May 2023
စစ်ကောင်စီလက်ထက် ဇောက်ထိုးဆင်းနေသော အညွှန်းကိန်းများ (ဆောင်းပါး) 

အရပ်သားအစိုးရဆီကနေ အာဏာလုယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာ့ အညွှန်းကိန်းတွေဟာ စိုးရိမ်ရေမှတ်ရောက်လာနေပါတယ်။ အာရှမှာ အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်လာသလို စားနပ် ရိက္ခာမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲလည်းရောက်လာပါတယ်။ ဒါ့အပြင် သတင်း လွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ အဂတိလိုက်စားမှု အများဆုံးနိုင်ငံတစ်ခုလည်း ဖြစ်လာနေတာပါ။  

ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်းအရ စစ်ကောင်စီအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံဟာ အာရှမှာ အန္တရာယ်အများဆုံး ဖြစ်နေပြီး အာဖဂန်နစ္စတန်ရဲ့အထက် အဆင့် ၉ ကိုရောက်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကပ်လျက်မှာတော့ ယီမင်၊ ဆီးရီးယား၊ ရုရှား၊ အီရတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်နဲ့ အီရန်တို့ရှိနေတာပါ။  

ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်း အဆင့် ၁၂ မှာရှိနေခဲ့တာဖြစ်ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ အရှေ့တောင်အာရှမှာ အန္တရာယ်အများဆုံးနိုင်ငံအဖြစ် နေ့ချင်းညချင်းပြောင်းလဲသွားခဲ့တာက စစ်တပ် အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေပဲဖြစ်ပါတယ်။ အခုဆိုရင် ဒေသတွင်းနိုင်ငံတွေထဲမှာ အန္တရာယ် အများဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံရတဲ့ တစ်ခုတည်းသော နိုင်ငံလည်းဖြစ်သွားခဲ့ပါတယ်။  

အမေရိကန်နဲ့ ဗြိတိန်အပါ အဝင် အနောက်နိုင်ငံတွေကဆိုရင် သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံကိုခရီးမသွားဖို့ သတိပေးထားတာဖြစ်ပါ တယ်။ စစ်ကောင်စီကိုယ်တိုင် သူတို့ရဲ့တပ်သားတွေကို ပြည်တွင်းခရီးသွားတာ သတိနဲ့သွားလာဖို့ သတိပေးထား ရတဲ့ အခြေအနေဖြစ်နေတာပါ။  

မြန်မာပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေရဲ့ မတရား ဖမ်းဆီးသတ် ဖြတ်မှုတွေကြောင့် စိုးရိမ်စိတ် တွေနဲ့ သွားလာနေထိုင် နေရတာဖြစ်ပါတယ်။ မြန်မာပြည် အထက်ပိုင်းနဲ့ အလယ် ပိုင်းမှာဆိုရင် နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ်တွေကြောင့် နေအိမ်တွေစွန့်ခွာပြီး ထွက်ပြေးနေရတဲ့ ပြည်သူအရေအတွက် ဟာဆိုရင် လည်း ထောင်ချီရှိနေတာဖြစ်ပါတယ်။ 

 မြို့ပြတွေမှာဆိုရင်လည်း နေ့စဉ်နီးပါး မဟုတ်တောင် စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတာပါ။ တိုင်းပြည်ကို ချောက်ထဲဆွဲချရုံနဲ့အားမရဘဲ တက်ပါနင်းနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် အခုဆိုရင် နိုင်ငံဟာ သမိုင်းဆိုး တွင်ကျန်ရစ်ဖို့ မှတ်တမ်းတွေ အပြည့်ဖြစ်နေခဲ့ပြီ။  

တစ်ချိန်က ကမ္ဘာ့အလယ်မှာ စိုက်ပျိုးရေး အထွန်းကားဆုံးနိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ နိုင်ငံဟာ အခုတော့ စားနပ် ရိက္ခာမလုံလောက်တဲ့ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲတောင် ဝင်လာပါတယ်။ မေလအစောပိုင်းမှာထုတ်ပြန် ခဲ့တဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ဆိုထားပါတယ်။ ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကထုတ်ပြန်တဲ့ ဆိုးရွားတဲ့စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၆ ကိုရောက်နေခဲ့တာဖြစ်ပါတယ်။ 

 မြန်မာနိုင်ငံရဲ့အထက်မှာဆိုလို့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အီသီယိုးပီးယား၊ အာဖဂန်နစ္စတန်၊ နိုက်ဂျီးရီးယားနဲ့ ယီမင်တို့ပဲရှိတော့တာဖြစ်ပါ တယ်။ ပဋိပက္ခ၊ စီးပွားရေး ကမောက်ကမဖြစ်တာနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ် တွေဟာ ဆိုးရွားတဲ့ ရိက္ခာမလုံလောက်မှု ဖြစ်စေတဲ့ အခြေခံအကြောင်းတွေအဖြစ် FAO ကဖော်ပြခဲ့ပြီး အဲဒီ အချက်တွေအားလုံးနဲ့ မြန်မာနိုင်ငံက ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။  

အထူးသဖြင့် တိုင်းပြည်ရဲ့ အဓိက စိုက်ပျိုးရေးဒေသဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ကျေးလက်ဒေသတွေမှာ နေအိမ်နဲ့ လယ်ယာတွေအပြင် စိုက်ပျိုးဖို့သိုလှောင်ထားတဲ့ သီးနှံတွေကိုပါ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးနေတာက စားနပ်ရိက္ခာမလုံ လောက်မှုကို ပိုပြီးအခြေအနေဆိုးစေခဲ့တာ ဖြစ်ပါတယ်။  

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေ၊ လောင်စာနဲ့ အစား အစာဈေးနှုန်းမြင့်မားတာ၊ အလုပ်လက်မဲ့ဖြစ်တာနဲ့ တခြားပြဿနာပေါင်းများစွာကြောင့် ပြည်သူပေါင်းများစွာဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အခြေခံစားသောက်ကုန်နဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းဈေးနှုန်းတွေ ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သုံးဆတိုးလာခဲ့တာဖြစ်ပါတယ်။ 

 တည်ငြိမ်မှုအနည်းရှိတဲ့ မြို့ပေါ်နေ ပြည်သူတွေတောင် အစားအသောက်ကိုခြိုးခြံလာရတာတွေ့ရပြီး ပဋိပက္ခဇုန်ဖြစ်တဲ့ ကျေးလက်ဒေသတွေမှာ ဆိုရင် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ လှူဒါန်းတဲ့ အစားအသောက်ကိုသာ မှီခိုနေရတာဖြစ်ပါတယ်။ 

 ဒီလို ပဋိပက္ခတွေ၊ စားရပ်ရိက္ခာမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တိုင်းပြည်အတွင်း အဂတိလိုက်စား မှုပြဿနာ တွေလည်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတာဖြစ်ပါတယ်။ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ အဂတိ လိုက်စားမှု အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇ ဆင့် လျှောကျသွားပြီး အဆင့် ၁၅၇ ကိုရောက်သွားခဲ့တာတွေ့ရပါတယ်။  

ဒါဟာ အရှေ့တောင်အာရှမှာ အဂတိလိုက်စားမှု အဆိုးဆုံး ကမ္ဘောဒီးယားရဲ့နေရာကို ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံးအကြိမ် အစားထိုး ဝင်ရောက်သွားတာလည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အဂတိ လိုက်စားမှု အယူအဆ ဆိုင်ရာ အညွန်းကိန်း (CPI)မှာ မြန်မာဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၅၇ ကိုရောက် သွားတာဖြစ်ပြီး အာရှ-ပစိဖိတ်မှာ အဂတိလိုက်စားမှု အဆိုးနိုင်ငံနေရာကို မြောက်ကိုရီးယားနဲ့ အပြိုင်လုနေရတဲ့ အဖြစ်မျိုးလည်း ဖြစ်နေခဲ့ပါတယ်။ 

 ဆယ်စုနှစ်များစွာကြာတဲ့ စစ်အုပ်ချုပ်ရေးအပြီး ပထမအကြိမ် နှိုင်းယှဉ်ချက် အနေနဲ့ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ မြန်မာဟာ ကမ္ဘောဒီးယားအောက်ကို ပထမဆုံးအကြိမ် ရောက်သွားခဲ့တာ လည်းဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် CPI အစီရင်ခံစာမှာ ဒီမိုကရေစီအစိုးရလက်ထက် မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ် ကထက် အဆင့် ၁၃ နေရာ တက်လာခဲ့ဖူးတာဖြစ်ပါတယ်။ အခုတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အရာရာတိုင်းဟာ ဇောက်ထိုးဆင်းနေတဲ့ ဘဝရောက်နေခဲ့ပြီဖြစ်ပါတယ်။ 

နိုင်ငံတစ်နိုင်ငံရဲ့အဓိကကျတဲ့အခြေခံအချက်တွေထဲက သတင်းလွတ်လပ်ခွင့်နဲ့ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် တွေမှာလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာ့အညွှန်းကိန်းတွေဟာ တောင်ကျရေစီးသလို စီးနေတာတွေ့ရ ပါတယ်။ ဒီမိုကရေစီအစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း အဆင့် ၁၃၉ ရှိခဲ့ရာကနေ အခုတော့ အဆင့် ၁၇၃ အထိခုန်ဆင်းသွားခဲ့ပြီဖြစ်ပါတယ်။  

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)က ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့်အ ညွှန်းကိန်း မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ ကိုရောက်နေဖြစ်ပါတယ်။ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဒုတိယ ထောင်ချမှု အများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေအချိုးအစားအရ တွက်ချက်ကြည့်မယ်ဆိုရင် သတင်းသမားထောင်ချမှု အများဆုံး နိုင်ငံလည်းဖြစ်နေပါတယ်။ 

 အထူးသဖြင့် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မီဒီယာတွေကို ဖိနှိပ်ရုံသာမက အကြောင်းအမျိုးမျိုးရှာပြီး ဖမ်းဆီးတာတွေအပြင် သတ်ဖြတ်တာတွေအထိကျူးလွန်ခဲ့တဲ့ အကျိုးဆက်တွေလည်း ဖြစ်ပါတယ်။ အခုပြည်တွင်း မှာ ရပ်တည်နေတဲ့ မီဒီယာအားလုံးဟာလည်း စစ်ကောင်စီထိန်းချုပ်မှုအောက်ကို ရောက်နေခဲ့ပြီဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ ပုဂ္ဂလိက ဆန်စွာရပ်တည်နေတဲ့ မီဒီယာဆိုတာမရှိတော့ပါဘူး။  

စစ်ကောင်စီအရည်ခြုံမီဒီယာတွေပဲ ကျန်တော့တာဖြစ်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ဘက်မှာလည်း မတိမ်း မယိမ်းပါပဲ။ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF)ရဲ့ဖော်ပြမှုမှာ မြန်မာနိုင်ငံဟာ တရုတ်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့နဲ့အတူ ဘာသာရေး လွတ်လပ်ခွင့်အရ အထူးစိုးရိမ်စရာဖြစ်နေတယ်လို့ဆိုထားပါတယ်။  

ဘုရားတည် ကျောင်းဆောက်ပြီး လူသတ်ဖို့ညွှန်ကြားချက်ပေးနေ တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ သူ့ကိုယ်သူ သာသနာပြုမင်းလို လုပ်နေပေမယ့် တစ်ဖက်မှာ သူ့ရဲ့စစ် ကောင်စီတပ်တွေက ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတွေပါမကျန် မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။ 

 ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာဆိုရင် စစ်ကောင်စီတပ်တွေဟာ စစ်ခေါင်းဆောင် ခွင့်ပြုချက်တောင် တောင်းစရာမလိုဘဲ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်း အမြောက်အများကို မီးရှို့ဖျက်ဆီးခဲ့ ကြတာဖြစ်ပါတယ်။  

 ဒါကြောင့်လည်း ပြီးခဲ့တဲ့ မေလ ၁၅ ရက်က ၂၀၂၂ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထုတ် ပြန်ရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဘာသာရေးလူနည်းစုအပေါ် စစ်ကောင်စီရဲ့ဖိနှိပ်မှု တွေကိုဝေဖန်ခဲ့ပြီး ဘာသာရေး လွတ်လပ်ခွင့်အတွက် ရဲရင့်စွာရပ်တည်သူတွေကို ဝါရှင်တန်က ထောက်ခံပေးသွား မယ်လို့ ဆိုခဲ့တာ တွေ့ရပါတယ်။  

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေ ကို စစ်တပ်က ဖြိုခွဲမှုတွေကို ကိုးကား ပြီး ၂၀၂၀ ပြည့်နှစ်မှာ မြန်မာကို အထူးစိုးရိမ်စရာ နိုင်ငံစာရင်းထဲထည့်သွင်း ထားခဲ့တာလည်းဖြစ်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေပါမကျန် ဖျက်ဆီးနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေဟာ မြန်မာ့သမိုင်းကို ရိုင်းအောင်လုပ်တဲ့အဆင့်မဟုတ်တော့ဘဲ ဖျက်ဆီးတဲ့အဆင့် ရောက်နေခဲ့ပြီလို့ပဲ ဆိုရပါ တော့မယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly