ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီ ရွေးကောက်ပွဲ ငြင်းပယ်ခံရ

ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီ ရွေးကောက်ပွဲ ငြင်းပယ်ခံရ
Photo-AFP

ကမ္ဘောဒီးယား အဓိက အတိုက်အခံပါတီ၏ လာမည့် ရွေးကောက်ပွဲများမှ တားမြစ်ခံရမှုကို ပယ်ဖျက်ပေးရန် လျှောက်ထားချက်က ကြာသပတေးနေ့တွင် ပယ်ချခံရရာ ကာလရှည် ခေါင်းဆောင် ဟွန်ဆန်အတွက် အပြတ်အသတ် အနိုင်ပန်းမည့်ဆီ လမ်းပွင့်သွားတော့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမျိုးသား ရွေးကောက်ပွဲကော်မရှင်သည် တိကျသော မှတ်တမ်းများ တင်သွင်းရန် ပျက်ကွက်မှုဖြင့် ဟွန်ဆန်၏ အဓိက စိန်ခေါ်သူ Candlelight Party ကို မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ယင်းပါတီက ကန့်ကွက်အရေးဆိုလာမှုအား ပယ်ဖျက်သည်ဟု ဖွဲ့စည်းပုံဆိုင်ရာကောင်စီက ထုတ်ပြန်ချက်တစ်ရပ်တွင် ဆိုထားသည်။

“ကျွန်တော်တို့ အတော်လေး စိတ်မကောင်း ဖြစ်ရတယ်၊ ကျွန်တော်တို့ ပါတီဟာ ရွေးကောက်ပွဲတွေကနေ ပထုတ်ခံရတယ်၊ ကျွန်တော်တို့ အရမ်း စိတ်ပျက်မိတယ်”ဟု Candlelight Party  (CP) မှ ပြောခွင့်ရသူ ကင်ဆော ဖီရစ်ရှ်က အေအက်ဖ်ပီသို့ ပြောသည်။

CP ပါတီသည် မိမိတို့နိုင်ငံ၌ ဒီမိုကရေစီ အခြေခံများ ပြန်လည်ဖြစ်ထွန်းရေးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ရန် မျှော်လင့်ထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အခြေခံလူထုရဲ့ ထောက်ခံမှု ရထားတဲ့ ပါတီ မပါဝင်တော့တာဟာ ဒီမိုကရေစီကို ကျဉ်းမြောင်းသွားစေလိမ့်မယ်”ဟု ၎င်းက ထပ်လောင်း ပြောသည်။

ဟွန်ဆန်သည် ကမ္ဘာ့အရှည်ကြာဆုံး ခေါင်းဆောင်များတွင် အပါအဝင် ဖြစ်သည်။ သူ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သူများအား ဖြိုခွင်းခြင်း အထူးသဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ပိတ်ဆို့ခြင်းအတွက် ဟွန်ဆန်သည် တရားရေးစနစ်ကို အသုံးချနေကြောင်း ဝေဖန်သူများနှင့် လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲကြသည်။

ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲတွင် ဟွန်ဆန်၏ အာဏာရ Cambodian People’s Party (CPP) ၏ အလားအလာရှိသော စိန်ခေါ်သည့် ပါတီအဖြစ် CP ပါတီကို ရှုမြင်ထားကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမှ CP ပါတီကို တားမြစ်ခံရခြင်းသည် “အတော်လေး ပြဿနာများ”ကြောင်း အမေရိကန်က ပြောဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.mizzima.com/article/cambodian-opposition-party-loses-bid-overturn-election-ban

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly