ထိုင်ဝမ်မှ မူဝါဒများကို အတုယူကျင့်သုံးမည်ဟု ထိုင်းရွေးကောက်ပွဲ အနိုင်ရ ခေါင်းဆောင် ပြော

By Taipei Times
26 May 2023
ထိုင်ဝမ်မှ မူဝါဒများကို အတုယူကျင့်သုံးမည်ဟု ထိုင်းရွေးကောက်ပွဲ အနိုင်ရ ခေါင်းဆောင် ပြော
Photo-AFP

ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိသော ရှေ့သို့ချီပါတီ (MFP) နှင့် အလားအလာရှိသော ညွန့်ပေါင်း ခုနစ်ပါတီ ချမှတ်ကျင့်သုံးမည့် မူဝါဒအချို့သည် ထိုင်ဝမ်မှ ဆင့်ပွားယူခြင်း ဖြစ်သည်ဟု MFP ၏ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်က အင်္ဂါနေ့ အင်တာဗျူးတစ်ရပ်တွင် ပြောသည်။

မေ ၁၄ ရက်က ထိုင်းအထွေထွေရွေးကောက်ပွဲတွင် MFP ပါတီက မဲအများဆုံး အနိုင်ရခြင်းဖြစ်သော်လည်း ပီတာ၏ ဝန်ကြီးချုပ် ဖြစ်လာရေး မျှော်လင့်ချက်များကို ထိုင်းစစ်တပ်က ငြင်းဆန်လာသေးခြင်း မရှိပေ။

ညွန့်ပေါင်းပါတီအချို့မှ အဆိုပြုသော မူဝါဒ ၂၃ ခုသည် ထိုင်ဝမ်တွင် အကောင်အထည်ဖော်ထားပြီးသား မူဝါဒများပေါ်တွင် အခြေတည်သည်ဟု ပီတာက CNA သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ရဲ့ မူဝါဒပေါ်လစီ တော်တော်များများဟာ ထိုင်ဝမ်အတွေ့အကြုံပေါ် အခြေပြုပါတယ်”ဟု ၎င်းက ပြောပြီး အခွန်ရှောင်တိမ်းမှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ထိုင်ဝမ်၏ Uniform Invoice အောင်ဘာလေထီစနစ်ကို ကိုးကားပြောသည်။

အိမ်ထောင်ပြုမှု တန်းတူရည်တူ ရှိရေးသည်လည်း အခြားပြဿနာတစ်ရပ်ဖြစ်ပြီး ယင်းကို ထိုင်ဝမ်၏ ဦးဆောင်မူဝါဒများနောက် လိုက်လံကျင့်သုံးရန် သူ့ပါတီအနေဖြင့် မျှော်လင့်ထားကြောင်း အသက် ၄၂ နှစ်အရွယ် ပီတာက ထပ်လောင်းပြောသည်။

ထိုင်ဝမ်၏ ပွင့်လင်းမြင်သာပြီး ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မြှင့်တင်ခြင်းအပြင် အစိုးရသတင်းအချက်အလက်များ ပိုမို ရရှိရေး ဒီဂျစ်တယ် ပလက်ဖောင်း အသုံးပြုခြင်းတို့ကို ထိုင်းနိုင်ငံအနေဖြင့် သင်ယူသွားမည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က APEC ထိပ်သီးအစည်းအဝေးတွင် Taiwan Semiconductor Manufacturing Co တည်ထောင်သူ မောရစ် ချန်းနှင့် တွေ့ဆုံခဲ့ကြောင်း ပီတာက ကိုယ်ရေးကိုယ်တာဖြစ်ရပ်ကို မှတ်ချက်ပြု ပြောဆိုသည်။

ချန်းသည် ထိုင်းနိုင်ငံတွင် ကျင်းပသော အဆိုပါ အစည်းအဝေးသို့ ထိုင်ဝမ်သမ္မတ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခြင်း ဖြစ်သည်။

“memory chip ထုတ်လုပ်ရေးလုပ်ငန်းမှာ လုပ်ငန်းစီးပွားနဲ့ အသိပညာတွေအတွက် ဖြစ်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ဖို့ မောရစ် ချန်းနဲ့ တွေ့ဆုံသွားချင်ပါတယ်”ဟု ၎င်းက ပြောပြီး ၎င်းတို့နှစ်ဦးစလုံးသည် မန်ဆာချူးဆက် နည်းပညာသက်မွေးသိပ္ပံမှ ဘွဲ့ရများ ဖြစ်ကြသည်ဟု ထပ်လောင်း ပြောသည်။

ထိုင်းအောက်လွှတ်တော်တွင် MFP နှင့် ညွန့်ပေါင်းပါတီများသည် အများစုနေရာ ရထားသော်လည်း စစ်တပ်ခန့်အပ်သည့် အထက်လွှတ်တော် အမတ် ၂၅၀ က နိုင်ငံ၏ ဝန်ကြီးချုပ်သစ်ကို မဲပေးနိုင်ခြင်းကြောင့် ပီတာအနေဖြင့် ယင်းရာထူးကို လက်လွတ်သွားနိုင်မှုလည်း ရှိနေသည်။

သံခင်းတမန်ခင်းနှင့် ပတ်သက်ပြီး ၎င်း၏ မူဝါဒအစီအစဉ်များကို မေးမြန်းရာ၌ အာရှနှင့် တစ်ကမ္ဘာလုံး တည်ငြိမ်မှုရှိရေးကို ရည်သန်သည့် သံခင်းတမန်ခင်းအပေါ်တွင် အခြေပြုသွားမည်ဟု ပီတာက CNA သို့ ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.taipeitimes.com/News/front/archives/2023/05/25/2003800396

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly