အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက် အဖွားအိုသေဆုံး

By ကိုခင်မောင်(မဇ္ဈိမ)
26 May 2023
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက် အဖွားအိုသေဆုံး

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မေလ ၂၂ရက်မှ ၂၅ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ အဖွားအိုသေဆုံးပြီး ဘုန်းကြီးအကျောင်းအပါအဝင် အဆောက်အဦ လေးလုံး ပျက်စီးသွားသည်ဟု Indaw Revolution - IRအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ယမန်နေ့ မေလ ၂၅ရက် နံနက် ၅နာရီ ၃၀မိနစ်လောက်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား အင်းတော်မြို့နယ်၊ ကျွန်းတောရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများ ပစ်ကူပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် နံနက်ပိုင်း ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ကျွန်းတောရွာကို လေကြောင်းမှ တိုက်ခိုက်သကဲ့သို့ ယင်းနေ့ ညနေ ၃နာရီ ၃၀မိနစ်ခန့်အချိန်တွင်လည်း နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းတောရွာမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကြောင်း ၊ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်ဗျ။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းမှာသွားနေတဲ့ အသက် ၉၃နှစ်အရွယ် အဖွားအို တစ်ယောက်လည်း ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေသွားတယ်။” ဟု Indaw Revolution-IRမှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

မေလ ၁၅ရက်နေ့ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ရှစ်ကြိမ်လာရောက်ပျံဝဲကာ တစ်ကြိမ်လျှင် ဗုံးသီးနှစ်လုံးစီ ကြဲချတိုက်ခိုက်၍ စုစုပေါင်းဗုံးသီး ၁၆ လုံးကြဲချခဲ့ပြီး ဗုံးသီးများသည် ကျေးရွာအတွင်းမကျဘဲ အနီးပတ်ဝန်းကျင်တွင်သာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ ညနေပိုင်းတွင်လည်း ဂျက်ဖိုက်တာတစ်စီးဖြင့် ငါးကြိမ်လာရောက်ပျံဝဲကာ တစ်ကြိမ်လျှင် ဗုံးသီးနှစ်လုံးဖြင့် တိုက်ခိုက်၍ ဗုံးသီး ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကျွန်းတောရွာဘုန်းကြီးအကျောင်းအပါအဝင် အဆောက်အဦ လေးလုံးပျက်စီးသွားကြောင်း အင်းတော် PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းတောရွာ ဘုန်းကြီးကျောင်း၊ ဘုန်းကြီးကျောင်းနားက နေအိမ် နှစ်လုံး ၊ ကျေးရွာခန်းမဆောင်နှင့် ဆန်စက်များ ထိခိုက်ပျက်စီးသွားကြောင်းလည်း ဆိုသည်။

ထို့အပြင် ကျွန်းတောရွာ ဒေသခံ အသက် ၉၃ နှစ်အရွယ် အဖွားအိုလည်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားများ ရွာထဲတွင်ရှိနေသေး၍ ယနေ့ မေလ၂၆ရက် ညနေပိုင်းအချိန်ထိ သေဆုံးရုပ်အလောင်း မကောက်ရသေးကြောင်း သိရသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အင်းတော် PDF ရဲဘော်တစ်ဦးက “ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က တော်တော်အထိနာတယ်ဗျ။ သူတို့မနေ့ ညနေတုန်းက ဒီရွာသာယာက ကားငှားပြီးတော့ အင်းတော်ဘက်ကို လူနာတွေနဲ့ တချို့သေတဲ့ အကြီးပိုင်းတွေကို ပို့တယ်ဗျ။ အယောက် ၂၀ကျော်မယ်။ လက်ရှိ စစ်ကောင်စီတပ်တွေက ကျွန်းတောမှာရှိနေသေးတယ်။ သူတို့အင်းအား တော်တော်လေးတော့နည်းနေတယ် ။” ဟုပြောသည်။

မေလ ၂၂ရက်မှ စ၍ မေလ ၂၅ရက်နေ့အထိ အင်းတော်မြို့နယ် ရွာသာယာရွာ၊ ကျွန်းတောရွာများတွင် စစ်ကောင်စီတပ်၏ တပ်မ(၈၈)လောက်အောက်ခံ ခမရ (၄၁၆)၊ တပ်မ(၇၇)လက်အောက်ခံ တပ်ရင်းများပေါင်းထားသောအဖွဲ့များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ယနေ့ မေလ ၂၆ရက်နေ့ ညနေပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်သားများသည် ကျွန်းတောရွာတွင် ဆက်လက်တပ်စွဲထားကြောင်း ကြားသိရသည်ဟု အင်းတော်PDF ရဲဘော်တစ်ဦးက ဆိုသည်။

မေလ ၂၂ရက်နေ့က တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အသေအပျောက်များသောကြောင့် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးပစ်ကူခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

မေလ၂၃ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အင်းတော် PDF မှ အသက် ၂၉နှစ်အရွယ် ရဲဘော်တစ်ဦးနှင့် အသက် ၂၈နှစ်အရွယ် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်

#ဗုံးကြဲတိုက်ခိုက်မှု

#အင်းတော်မြို့နယ်

#တိုက်လေယာဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly