ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသ ပျံလွန်တော်မူ

By 007၊ မောင်ခက်နွေ (မဇ္စျိမ)
26 May 2023
ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသ ပျံလွန်တော်မူ

နိုင်ငံတော်သံံဃမဟာနာယကအဖွဲ့(မဟန)ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသသည် ယမန်နေ့ညက မန္တလေးမြို့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယမန်နေ့မေလ ၂၅ ရက် ည ၁၁ နာရီ ၁၁ မိနစ်အချိန်ခန့်တွင် ဆရာတော်သီတင်းသုံး နေထိုင်တော်မူသည့် မန္တလေး မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်ကွက် ဗန်းမော်ကျောင်းတိုက်၌ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းတိုက်နေ ရဟန်းတော်များက အတည်ပြုသည်။

“ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အမှူးပြုသော ပါမောက္ခ၊ကထိကဆရာတော်များနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် တက်ရောက်ပြီး၊ တက်ရောက်နေဆဲ (သံဃာတော်၊သီလရှင်၊လူပုဂ္ဂိုလ်) ကျောင်းတော်သူ ၊ကျောင်းတော်သားများအတွက် ကြီးစွာစိတ်နှလုံးထိခိုက်ရခြင်းနှင့်အတူ မိမိတို့တက္ကသိုလ်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ရပါသည်"ဟု ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ကြည့်မြင်တိုင်) မှ ဆရာတော်တစ်ပါးက မိန့်သည်။

ဆရာတော်သည်၊ ယခုနှစ် မတ်လနှင့်ဧပြီတို့တွင် အသည်းရောဂါကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူခဲ့ရသေးသည်။

ထို့နောက် ဧပြီလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လည်ကြွရောက်ခဲ့ပြီး ကျောင်းတိုက်အတွင်း ဆေးဝါးကုသမှု ခံယူရင်း ပျံလွန်တော်မူခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် တစ်ပါးတည်းသာ ရယူနိုင်ခဲ့သော ပါဠိသိရောမဏိဘွဲ့ရ အဋ္ဌကထာကျမ်းပြုအကျော် သာသနာ့အာဇာနည်တစ်ပါးဖြစ်တော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒမေဇာတိက၊ သက်သီဟ-၀ဋံသကာနှင့် ပြည်တွင်းပြည်ပ ဘွဲ့ထူးဂုဏ်ထူးရ ဗန်းမော်ဆရာတော်ကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော် ဦးဘိုးသစ် မယ်တော်ဒေါ်အေးသိုက်တို့က ၁၂၉၁ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက်တွင် ဖွားမြင်တော်မူခဲ့သည်။

ဆရာတော်သည် ၂၀၁၀ ပြည့်နှစ်မှ ပျံလွန်တော်မူချိန်အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ် တာ၀န်ယူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၉၄ နှစ်၊ ဝါတော် ၇၄ ဝါ ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော် နဝမမြောက် ဗန်းမော်ဆရာတော်ဟု လူသိများသည့်အပြင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင်လည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာတော်၏ဈာပနအခမ်းအနားနှင့်ပတ်သက်၍ သီးခြားသတင်းထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly