အိန္ဒိယနိုင်ငံ၏ ဂျီဒီပီ  ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၅  ထရီလီယံ ကျော်လွန်

 အိန္ဒိယနိုင်ငံ၏ ဂျီဒီပီ  ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၅  ထရီလီယံ ကျော်လွန်

အိန္ဒိယနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံကို ကျော်လွန်ခဲ့ပြီး လာမည့် နှစ်အများအတွင်း ဂျီ-၂၀ နိုင်ငံများအနက် တိုးတက်မှု အလျင်မြန်ဆုံး ဖြစ်လာသည်။ 

သို့သော် ပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒဆိုင်ရာတို့တွင် ရှိနေသည့် အတားအဆီးများက ရင်းနှီးမြှုပ်နှံမှုများအတွက် အတားအဆီး ဖြစ်နိုင်ကြောင်း အမေရိကန် အခြေစိုက် အဆင့်သတ်မှတ်ရေး အေဂျင်စီ Moody's Investors Service ၏ မေ ၂၃ ရက်က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 အိန္ဒိယ၏ ဗျူရိုကရေစီစနစ်က လုပ်ငန်းလိုင်စင်ရရှိရေးနှင့် လုပ်ငန်း ထူထောင်ရေးတို့အတွက် အတည်ပြုလုပ်ငန်းစဉ်ကို နှေးကွေးစေကာ စီမံကိန်း စတင်ရေးအတွက် ကြန့်ကြာစေကြောင်း ယင်းအဖွဲ့၏ သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။

 “ဆုံးဖြတ်ချက် ချရာမှာ အိန္ဒိယရဲ့ ဆိုးရွားတဲ့ ဗျူရိုကရေစီ စနစ်က  နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်မှု လျော့ကျစေပါတယ်။ အထူးသဖြင့် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့လို့ ဒေသတွင်းက ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရာမှာ အထူး အရေးကြီးပါတယ်” ဟု Moody's Investors Service က ဖော်ပြထားသည်။ 

ငယ်ရွယ်၍ ပညာတတ် လုပ်သားအင်အား၊ နျူကလီးယားနှင့် ပိုမိုအကျွမ်းဝင်လာခြင်း၊ မြို့ပြပေါ်ထွန်းမှု မြင့်တက်လာခြင်းတို့က အိမ်ယာ၊ ဘိလပ်မြေနှင့် ကားသစ်များ လိုအပ်ချက်ကို မြင့်တက်လာစေခြင်း အစီအရင်ခံစာတွင် ပါရှိသည်။ 

အစိုးရက အခြေခံအဆောက်အဦပိုင်းအတွက် သုံးစွဲမှုသည် သံမဏိနှင့် ဘိလပ်မြေ လုပ်ငန်းကို  ပိုမိုအားကောင်းလာစေသလို အိန္ဒိယ၏ ကာဗွန်အသားတင်ပိုလျံထွက်ရှိမှု သုံညအဆင့်ရည်မှန်းချက်က  ပြန်လည်ပြည့်ဖြိးမြဲဆိုင်ရာ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကို တွန်းအား ဖြစ်လာစေသည်။ 

“ထုတ်လုပ်မှုနဲ့ အခြေခံအဆောက်အဦကဏ္ဍတွေမှာ လိုအပ်ချက်ဟာ လာမယ့် ဆယ်စုနှစ်အတွင်း ၃ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်သလို  အိန္ဒိယရဲ့ စွမ်းဆောင်မှုဟာ ၂၀၃၀ ပြည့်နှစ်မတိုင်မီမှာ တရုတ်ရဲ့ နောက်မှာ ကပ်လျက်ရှိနေပါလိမ့်မယ်” ဟု ယင်းအစီရင်ခံစာတွင် ပါရှိသည်။ 

စီးပွားရေး အလားအလာမှာ အားကောင်းနေသော်လည်း အိန္ဒိယ၏  ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အဦကဏ္ဍများတွင် အခက်အခဲများရှိနေရခြင်းမှာ စီးပွားရေးအရ ဖြေလျော့မှုနှင့် မူဝါဒအကောင်အထည်ဖော်မှု နှေးကွေးမှုများကြောင့် ဖြစ်သည်။ 

“မြေအသုံးချရန် အတည်ပြုမှုများ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်းမှုများ၊ လိုင်စင်ရရှိရေးနှင့် စီးပွား‌ရေး လုပ်ငန်းထူထောင်မှုများတွင် ကြန့်ကြာမှုများကြောင့် စီမံကိန်းစတင်ရေးအတွက် နှောင့်နှေးစေပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required