Non CDM များ အမြန်ဆုံး CDM လှုပ်ရှားမှုတွင်ပါဝင်ကြရန် CDF သတိပေး

By ပါခွီး (မဇ္စျိမ)
25 May 2023
Non CDM များ အမြန်ဆုံး CDM လှုပ်ရှားမှုတွင်ပါဝင်ကြရန် CDF သတိပေး
ဓာတ်ပုံ - CDF - Zotung တပ်ဖွဲ့ဝင်များ

ချင်းပြည်နယ် ၊ ဇိုတုန်နယ်တွင် စစ်ကောင်စီလက်အောက်၌ ဆက်လက်တာဝန်ထမ်းဆောင်နေသည့် Non CDMer များကို အမြန်ဆုံး CDM လှုပ်ရှားမှုများတွင် ပါဝင်ကြရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) CDF – Zotung တပ်ဖွဲ့က မေလ ၂၄ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။

 အာဏာရှင်ဖြစ်သည့် စစ်ကောင်စီ လက်အောက်တွင်ဆက်လက်အလုပ်လုပ်ပြီး ပြည်သူများအားဖိနှိပ်ချုပ်ချယ်နှိပ်စက် သတ်ဖြတ်နိုင်ရန် အထောက်အပံ့ပေးလျက် ရှိသည့် Non CDM များအနေဖြင့် ပြည်သူ့ဘက်တွင် အမြန်ဆုံးရပ်တည်ကြရန် တိုက်တွန်းထားသည်။

ထို့အပြင် CDM ပြုလုပ်လျက်ရှိသည့် ဝန်ထမ်းများကို နည်းလမ်းပေါင်းစုံဖြင့် ဖြားယောင်းသွေးဆောင် ၊ ခြိမ်းခြောက်ကာ စစ်အာဏာရှင် ဖြစ်သည့် စစ်ကောင်စီ လက်အောက်တွင် ပြန်လည်တာဝန်ထမ်းဆောင်စေရန် ကြိုးစားလျက်ရှိသည့် Non CDM များအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြပါရန် အသိပေး ထားသည်။

ယခုကဲ့သို့ သတိပေးထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုမရှိသည့် Non CDM များ၏ ကိစ္စအဝဝနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း CDF – Zotung ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ ထုတ်ပြန်ချက်ပါအချက်များနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် အသေးစိတ် သိရှိရန် တာဝန်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

စစ်အာဏာရှင်အား အကြမ်းမဖက်သောနည်းလမ်းများနှင့် ဆန့်ကျင်တော်လှန်လျက် ရှိသည့် ပြည်သူ့ဝန်ထမ်းများကို လေးစားဂုဏ်ယူပြီး ၎င်တို့ဘက်တွင် CDF – Zotung အနေဖြင့် ရပ်တည်လျက်ရှိကြောင်း အသိပေးထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံတစ်ဝန်းလုံးရှိ အစိုးရဝန်ထမ်းများ၏ အကြမ်းမဖက်သော အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် အကြမ်းဖက်စစ်ကောင်စီတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးတိုက်ပွဲ၏ အဓိကအခန်းကဏ္ဍတွင်ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF – Zotung တပ်ဖွဲ့ကို ဧပြီလ ၅ရက် ၂၀၂၁ခုနှစ်တွင် စတင်တည်ထောင်ပြီး အခြားဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်များနှင့် လက်တွဲ၍ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly