F-35 တိုက်လေယာဉ်များ ဝယ်ယူမည့် ထိုင်း၏ ကမ်းလှမ်းမှုကို အမေရိကန် ငြင်းပယ်

F-35 တိုက်လေယာဉ်များ ဝယ်ယူမည့် ထိုင်း၏ ကမ်းလှမ်းမှုကို အမေရိကန် ငြင်းပယ်

လေ့ကျင့်သင်ကြားမှုနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သက်သည့် ကိစ္စများကြောင့် အမေရိကန်သည် F-35 ကိုယ်ပျောက် တိုက်လေယာဉ်များကို ထိုင်းနိုင်ငံထံသို့ ရောင်းချပေးရန် ငြင်းပယ်ခဲ့ကြောင်း ထိုင်းလေတပ်က မေလ ၂၅ ရက်တွင် ပြောသည်။

နေတိုးအဖွဲ့ဝင် မဟုတ်သော အဓိကမဟာမိတ်နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်က ၂၀၀၃ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် ထိုင်းသည် ယင်း၏ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် အမေရိကန်ထုတ် F-5 နှင့် F-16 တိုက်လေယာဉ်များ၏နေရာတွင် တိုက်လေယာဉ်သစ်များဖြင့် အစားထိုးရန် ယမန်နှစ်က ဘတ်ငွေ ၁၃ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၄၀၇ ဒသမ ၆၈ သန်း) ဘတ်ဂျက်တစ်ရပ်ကို သီးသန့်ဖယ်ထားခဲ့သည်။

Lockheed Martin ထုတ် F-35A တိုက်လေယာဉ် ရှစ်စင်းကို ဝယ်ယူရန် ချိန်ရွယ်ထားသည်ဟု ထိုင်းက ထုတ်ဖော်ခဲ့သည်။

သို့သော် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ ရောင်းချမှုကိစ္စကို အချိန်အကန့်အသတ်၊ နည်းပညာ လိုအပ်ချက်များနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အံဝင်ခွင်ကျဖြစ်မှု တို့ အပါအဝင် လိုအပ်ချက်များအပေါ် မူတည်ပြီး ဆုံးဖြတ်ခဲ့ပြီး အမေရိကန်အနေဖြင့် ထိုရောင်းချမှုကို ကမ်းလှမ်းပေးနိုင်ခြင်း မရှိကြောင်း ထိုင်းလေတပ် ပြောရေးဆိုခွင့်ရှိသူ လေတပ်အဆင့်မြင့်အရာရှိ ပရာပတ် ဆွန်ချိုင်းဒီက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

F-35 သည် ကမ္ဘာ့ အဆင့်မြင့်ဆုံး တိုက်လေယာဉ် တစ်မျိုး ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသရှိ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် စင်္ကာပူ အပါအဝင် အမေရိကန်၏ အနီးစပ်ဆုံး မဟာမိတ်များကိုသာ ရောင်းချပေးသည့် သတိထားဆင်ခြင်ရသော ပို့ကုန်တစ်ခုအဖြစ် ရှုမြင်ခံရသည်။

ထိုင်းတွင် လက်ရှိတွင် ဆွီဒင်၏ Saab က ထုတ်လုပ်သော JAS-39 Gripen တိုက်လေယာဉ် ၁၂ စင်းနှင့် အမေရိကန်ထုတ် တိုက်လေယာဉ် မော်ဒယ်များ ရှိနေပြီး အများအပြားကို ဆယ်စုနှစ်များကြာ အသုံးပြုထားခဲ့ပြီးဖြစ်သည်။

ထိုင်းစစ်တပ်သည် အမေရိကန်နည်းပညာကို ဗီယက်နမ်စစ်ပွဲကာလကတည်းက အသုံးပြုထားခဲ့ပြီး ထိုစဉ်အချိန်က ထိုင်းသည် အမေရိကန် လေတပ်နှင့် ရေတပ် တပ်ဖွဲ့ဝင်များကို ယင်း၏ အခြေစိုက်စခန်းများတွင် လက်ခံနေရာချပေးခဲ့သည်။ ထို့ပြင် ထိုင်းသည် အမေရိကန်နှင့်အတူ  နှစ်စဉ် ပြုလုပ်နေကျ “ရွှေမြွေဟောက်” ဟု ခေါ်သည့် စစ်ရေးလေ့ကျင့်မှုကိုလည်း နှစ်များကြာ လုပ်ဆောင်ထားခဲ့သည်။

သို့သော် ၂၀၀၆ နှင့် ၂၀၁၄ တို့တွင် ရွေးကောက်ခံ အစိုးရများကို ထိုင်းစစ်တပ်၏ အာဏာသိမ်းမှုများကြောင့် အဆိုပါ နွေးထွေးသည့် ဆက်ဆံရေးများသည် တင်းမာခဲ့ရသလို ထိုင်းစစ်တပ်ကျောထောက်နောက်ခံပြု အစိုးရများက တရုတ်ထံ ချဉ်းကပ်မှုများနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်မှုများကို ဖြစ်စေခဲ့သည်။

Thailand air force says U.S. has denied request to buy F-35 jets
https://www.reuters.com/business/aerospace-defense/thailand-air-force-sa...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly