မြန်မာ့တိုက်ပွဲစစ်စစ်

By မင်းမင်းသာ
25 May 2023
မြန်မာ့တိုက်ပွဲစစ်စစ်

မြန်မာနိုင်ငံဟာ စစ်မီးတောက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရယ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (ERO) တွေရဲ့တပ်တွေဟာမြန်မာစစ်တပ်ကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်လျက်ရှိနေပါတယ်။မြန်မာစစ်တပ်စစ်ယာဉ်တန်းတွေကိုဖျက်ဆီးပြီးစစ်တပ်စခန်းတွေကိုတိုက်ခိုက်ကာလက်နက်တွေသိမ်းဆည်းရမိကြသလိုသီတင်းပတ်တိုင်းမှာစစ်တပ်စစ်သားဒါဇင်များစွာကိုရှင်းလင်းသုတ်သင်နေပါတယ်။

မြန်မာစစ်တပ်က စားပွဲဝိုင်းဆီ လာပြီးနိုင်ငံရဲ့နိုင်ငံရေးနဲ့ စီးပွားရေးမှာပါဝင်နေတာကို အဆုံးသတ်မယ့် စေ့စပ်ညှိနှိုင်းဖို့ဆန္ဒဖြစ်လာတဲ့အထိဒီ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီကနေ့ တကယ့်တိုက်ပွဲစစ်စစ်ကတော့ စစ်တပ်ကို တိုက်ပွဲဆင်နေတာ မဟုတ်တော့ပါ။ မြန်မာစစ်တပ်ဟာ သူ့ဘာသာ အရေးနိမ့်ပြီးသား အဖွဲ့အစည်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ တိုက်ပွဲစစ်စစ်ကတော့ နောက်ပိုင်း အခြေအနေပါပဲ။ စစ်ရေး ရုန်းကန် တိုက်ပွဲဆင်ရမှု မဟုတ်ဘဲ အတွေးအခေါ်၊ စံနှုန်း၊ ယုံကြည်ချက်နဲ့ စံတန်ဖိုးတွေ အားလုံးအတွက် ဆင်နွှဲကြရမယ့် တိုက်ပွဲပဲ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးမှု မရှိဘဲ မြန်မာနိုင်ငံကို ဘယ်လို ပုံဖော်မလဲဆိုတာကို ဆုံးဖြတ်ရမယ့် ရုန်းကန်ရမယ့် တိုက်ပွဲပါပဲ။

တစ်ချိန်ကတပ်မတော်ဆိုပြီးအသိအမှတ်ပြုခဲ့ရတဲ့အဖွဲ့အစည်းဟာ ပြီးဆုံးတိုင်သွားခဲ့ပါပြီ။စစ်တပ်ဟာမြန်မာနိုင်ငံကိုနှစ်ပေါင်း၇၅ နှစ်လောက် အုပ်ချုပ်လာခဲ့တာပါ။ အမုန်းခံရတဲ့ စစ်တပ်ဟာ ဘာပဲပြောပြော တရားဝင် အမျိုးသားအဖွဲ့အစည်းတစ်ရပ်အဖြစ် ရှိနေခဲ့ပါသေးတယ်။ ဒီလို နေ့ရက်တွေဟာ စစ်တပ်အတွက် ပြီးဆုံးသွားခဲ့ပါပြီ။ စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်းတာနဲ့အတူ နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်မှာ ထိတ်လန့်ကြောက်မက်ဖွယ်ရာ ရက်စက်ယုတ်မာမှုတွေကို ကျူးလွန်လာတာဟာ အများပြည်သူ နှလုံးသားမှာ အမုန်းတရား စွဲကျန်သွားစေခဲ့ပါတယ်။ လက်တွေ့ကျတဲ့ ဖြစ်ရပ်ကတော့ ဘယ်သူမှ၊ စစ်တပ်ကိုယ်တိုင်တောင် နိုင်ငံကို ထိန်းချုပ်ထားတယ်လို့ မဆိုနိုင်တော့တာပါပဲ။ ရှင်သန်မှုအတွက် တိုက်ခိုက်နေရတာပဲ ဖြစ်ပါတော့တယ်။ စစ်တပ်ဟာ အမျိုးသား အဖွဲ့အစည်းအဖြစ် မရှိတော့သလို ကိုယ့်ပြည်သူအပေါ် စစ်ပွဲဆင်နွှဲနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့သာသာပဲ ရှိတော့တာပါ။ တော်လှန်ရေးကို ဖြိုခွင်းဖို့ ကြိုးပမ်းရာမှာလည်း စစ်တပ်သွားရာ ကျေးရွာတွေတစ်လျှောက် ဗုံးကြဲတာ၊ မီးရှို့တာ၊ လုယက်တာနဲ့ သတ်ဖြတ်တာတွေကို လေတပ်အားကိုးနဲ့ ကျူးလွန်နေတာပါ။ အလယ်ခေတ် ဓားပြတွေသာသာပဲ ရှိပါတယ်။ မြန်မာနိုင်ငံ မြို့နယ်တွေရဲ့ အစိတ်အပိုင်းအချို့ကိုပဲ ထိန်းချုပ်ထားနိုင်တယ်လို့ စစ်တပ်ကိုယ်တိုင်က ဝန်ခံထားရပါတယ်။ နိုင်ငံရေးအရ အများလက်ခံနိုင်မှုလည်း ဘယ်နေရာမှာမှ မရှိတော့ပါ။ ကြောက်ရွံ့လို့ ဆက်ဆံနေရတာပဲ ရှိနေပါတော့တယ်။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေးဆီ ပြန်သွားချင်သူကတော့ အလွန်နည်းပါးစွာ ရှိနေလိမ့်ဦးမှာ ဖြစ်ပါတယ်။ နောက်ပိုင်း အနာဂတ်မှာတော့ မြန်မာနိုင်ငံမှာ အမျိုးသား စစ်တပ်တစ်တပ် အသစ် ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာပါလိမ့်မယ်။ ဒါပေမဲ့ အခု စစ်တပ်တော့ မဟုတ်တော့ပါဘူး။

ဒီအတွက်မေးခွန်းကအခု စစ်တပ်ရဲ့ နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာပါပဲ။ ၁၉၄၈ ခုနှစ်ကစလို့ စစ်တပ်ဟာ မြန်မာရဲ့ ကာကွယ်ရေးအဖွဲ့အစည်းအဖြစ် ကိုယ်ပိုင် ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ စစ်တပ်ရဲ့ စံနှုန်းပုံစံဟာ သက်ဦးဆံပိုင်စနစ်ပုံစံဖြစ်နေပြီး နိုင်ငံတည်ဆောက်ရေးအသွင် မဆောင်ခဲ့ပါ။ စစ်တပ်ဟာ နိုင်ငံကို စုစည်းအုပ်ချုပ်ဖို့ ကြိုးစားပြီး ပြည်သူတွေကို သွေးခွဲကာ ထိန်းချုပ်ထားပါတယ်။ ဗမာယဉ်ကျေးမှုဓလေ့ကို အတင်းအကျပ် ပြဋ္ဌာန်းပါတယ်။ သက်ဦးဆံပိုင်ဘုရင်တွေလိုပဲ စစ်တပ်ဟာ နိုင်ငံမှာ နေရာယူထားခဲ့ပါတယ်။ သူတို့ကို သူတို့ ပြည်သူတွေရဲ့ “အမိနဲ့ အဖ” အဖြစ် ပုံစံဖော်ကြပါတယ်။ ဘုရင်အများစုလိုပဲ သူတို့ဟာ တစ်ပါးသူအပေါ် သံသယလွန်ကဲတာကြောင့် နိုင်ငံတကာဆီကနေ နိုင်ငံကို အထီးကျန်သွားစေပြီး တကယ် မရှိတဲ့ နိုင်ငံခြား ခြိမ်းခြောက်မှုတွေကို ဗန်းပြနေခဲ့တာပဲ ဖြစ်ပါတယ်။

အာဏာကိုထိန်းချုပ်ဖို့နဲ့အကြမ်းဖက်ဖို့အဖြစ်ပဲစစ်တပ်က နားလည်ထားတာပါ။ နိုင်ငံရေး၊ စီးပွားရေးနဲ့ အရပ်ဘက်နေထိုင်မှု အားလုံးလိုလိုမှာ အတင်းအကျပ် ကြီးစိုးနေခဲ့ပါတယ်။ ပြည်သူတွေ ဘယ်မှာ နေရမယ်၊ ဘယ်သူတွေမှာ စီးပွားရေး အခွင့်အလမ်းတွေ ရှိရမယ်၊ ဘာသာရေး အခန်းကဏ္ဍက ဘယ်လို ဖြစ်ရမယ်၊ အိမ်နီးချင်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ စတာတွေဟာ စစ်တပ်ရဲ့ ပါးစပ်ထဲမှာပဲ ရှိနေပါတယ်။ ယုတ်စွအဆုံး ဘယ်သူက ဘယ်သူကို တရားဝင် လက်ထပ်နိုင်တဲ့အထိပါ စစ်တပ်ဟာ လျှာစက်၊ အာစက် သုံးဖို့ ကြိုးစားခဲ့တာပါ။ ပညာရေးစနစ်ကိုလည်း ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုနဲ့ အာဏာပိုင်တွေဆီ နာခံမှုတွေ ဖြစ်အောင် စစ်တပ်က ဖန်တီးခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်တပ်ကို ဆန့်ကျင်မယ့် ဖွဲ့စည်းမှုတွေကိုလည်း ဖြိုခွင်းဖို့ လက်ဦးမှု ယူထားခဲ့ပါတယ်။ လူတိုင်းက ကိုယ့်နေရာ ကိုယ် သိလိမ့်မယ်လို့ သူတို့ မျှော်လင့်ထားခဲ့ပါတယ်။ စစ်အရာရှိတွေဟာ သူတို့ ဆန္ဒရှိသလို ကျွဲ နွား ခြံမွေးတိရစ္ဆာန်တွေ၊ မြေယာတွေကို မောင်ပိုင်စီးကြပြီး ပြည်သူတွေကိုလည်း အတင်းအကျပ် လုပ်အားပေး စေခိုင်းကြပါတယ်။ သူတို့ရဲ့ ဇနီးမယားတွေကလည်း ဈေးဆိုင်တွေကနေ သူတို့ လိုချင်တာဆို ယူသွားကြတာပါပဲ။ သူတို့ရဲ့ သားသမီးတွေကတော့ ရန်ကုန်မြို့ လမ်းတွေမှာ ကားမောင်းပြိုင်ကြပါတယ်။ အစိုးရတာဝန်ရှိသူတွေနဲ့ စစ်တပ်တာဝန်ရှိသူတွေဟာ ‘မနာခံ’တဲ့ လယ်သမားတွေကို ပါးရိုက်နားရိုက် လုပ်ကြပါတယ်။ ဌာနေရုံးတွေက အစိုးရဝန်ထမ်းတွေခမျာလည်း လာရောက်လည်ပတ်တဲ့ ဝန်ကြီးတွေကို လက်ဆောင်ပေးရတာက ဓလေ့ ဖြစ်နေပါတယ်။ အစဉ်အဆက် စစ်အုပ်ချုပ်သူတွေဟာ သစ္စာခံတွေကိုတော့ မြေယာတွေနဲ့ သွင်းကုန်လိုင်စင်တွေ ချထားပေးကြပါတယ်။ ဒါဟာဆိုရင် မြေရှင်ပဒေသရာဇ်စနစ်ကို ဗျူရိုကရေစီအဖြစ် မျက်နှာဖုံး စွပ်ထားတာပါပဲ။

အမှန်မှာလည်း အစိမ်းရောင်ဝတ် ဘုရင်လောင်းတွေဟာ ကမ္ဘာအရှည်ကြာဆုံး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို မီးမွှေးရာမှာတော့ အောင်မြင်ကြပါတယ်။ ပြည်တွင်းစစ်ဟာ အရာရာအတွက် အကြောင်းပြစရာကောင်း ဖြစ်နေပါတယ်။ သူတို့ဟာ နိုင်ငံရဲ့ လူသားရင်းမြစ်နဲ့ သဘာဝရင်းမြစ်တွေကို ဖြုန်းတီးပစ်နေကြတာပါပဲ။ မြန်မာနိုင်ငံသား သန်းပေါင်းများစွာဟာ ပြည်ပမှာ နေထိုင်နေရပြီး ကိုယ့်ရပ်ရွာ၊ ကိုယ့်အိမ်ကိုယ့်ရာမှာ မနေကြရပါဘူး။ ဖျက်လိုဖျက်ဆီးတော့ တတ်နိုင်ပြီး ဖန်တီးတည်ဆောက်တတ်တာမျိုး မရှိတဲ့ စစ်တပ်ဟာ “ပြည်ထောင်စု မပြိုကွဲရေး” နဲ့ အချုပ်အခြာ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတာထက် ပိုပြီး ကျော်လွန်မြင်တတ်ကြသူတွေလည်း မဟုတ်ပါ။ အခြားတစ်ဖက်က ပြောရရင် သူတို့ဟာ နိုင်ငံကို အပြိုကွဲ မခံတဲ့ အမြင်တစ်ခုတည်းပဲ ရှိထားပြီး သူတို့ ကြောက်တဲ့ “အစိတ်စိတ် အမြွာမြွာ ပြိုကွဲတာ”ကို သူတို့ ကိုယ်တိုင်က လုပ်ဆောင်နေတာပါလားဆိုတာကို ဘယ်တော့မှ စဉ်းစားမိမယ့်ပုံလည်း မရှိပါဘူး။ အခုဆိုရင် စစ်တပ်ဟာ သူတို့ လုပ်ရပ်အတွက် နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်နေရပါပြီ။ စစ်တပ်ဟာ နိုင်ငံရေး ယုံကြည်ရမှုလည်း မရသလို စစ်မက်ရေးရာမှာပါ စတင် ရှုံးနိမ့်နေပြီဆိုတာကို သူတို့ကိုယ်တိုင် သိမြင်နားလည်နေပါပြီ။ စစ်တပ်က နိုင်ငံကို ထပ်ပြီး အုပ်စိုးလို့ ရတော့မှာ မဟုတ်ပါ။ ၁၉၆၂ ကနေ ၂၀၁၁ အထိ အလုံးစုံ အာဏာရှင် အုပ်ချုပ်မှု ဒါမှမဟုတ် ၂၀၁၁ ကနေ ၂၀၂၁ အထိ စစ်တပ်-အရပ်သား ပူးတွဲအုပ်ချုပ်မှုဆီ ပြန်သွားဖို့က တရားကိုယ်အရလည်း မဖြစ်နိုင်တော့သလို နိုင်ငံရေးအားဖြင့်လည်း စိတ်ကူးလို့တောင် မရတော့ပါဘူး။

ဒါကြောင့် မြန်မာ့အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်မှာ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အခြားနိုင်ငံရေးပါတီတွေရဲ့ လက်ထဲမှာပဲ ရှိပါတော့တယ်။ ပြည်သူသန်းပေါင်းများစွာဟာ စစ်အုပ်ချုပ်ရေး ကင်းစင်တဲ့ အနာဂတ်အပေါ် သူတို့ရဲ့ ဘဝတွေကို ရင်းထားကြပါပြီ။ စစ်တပ် ချန်ထားရစ်မယ့် အပျက်အစီးတွေ နေရာမှာ ဘယ်လို နိုင်ငံတော်နဲ့ ဘယ်လို လူ့အဖွဲ့အစည်း ဖြစ်ရမယ်ဆိုပြီး အစားထိုး ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ စစ်တပ်ဟာ ထွက်ခွာသွားကောင်း သွားနိုင်ပေမယ့် သူ့ရဲ့ အမွေဆိုးက သတိမထားမိဘဲ ကျန်နေရစ်နိုင်ပါတယ်။ “စစ်တပ်ကို အမြစ်လှန်” တာနဲ့တင် လုံလောက်လိမ့်မှာ မဟုတ်ပါ။ အမြင်သစ်တွေကို ရှင်းလင်းဖော်ပြပြီး အလွှာအသီးသီးက ပြည်သူတွေကို ဥပမာကောင်းတွေနဲ့ ဦးဆောင်သွားနိုင်ဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးရဲ့ အနှစ်သာရပါပဲ။ တော်လှန်ရေးဆိုတာဟာ အုပ်ချုပ်သူတွေကို တော်လှန်သာတင်မဟုတ်ဘဲ ယုံကြည်ချက်တွေ၊ စံနှုန်းတွေနဲ့ အာဏာရဲ့ သဘောထားခံယူချက်ကိုပါ ပြောင်းလဲပစ်တာပါပဲ။ တော်လှန်ရေးဟာ ဖွဲ့စည်းပုံစနစ်သစ်တွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပုံဖော်ပေးပါတယ်။ ပြည်သူတွေအနေနဲ့ သူတို့ ကိုယ်တိုင်နဲ့ အခြားသူတွေအပေါ် ဘယ်လို နားလည်လက်ခံရမယ်၊ အာဏာရဲ့ အဓိပ္ပာယ်ကို ဘယ်လို နားလည်ထားရမယ်ဆိုတာကို ပြောင်းလဲပစ်တာပါပဲ။

တော်လှန်ရေးဟာ “တော်လှန်ရေးပြီးမှ လုပ်ရမယ်” ဆိုတာမျိုး မဟုတ်ဘဲ အခုက စရမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိနေပါတယ်။ နိုင်ငံတော်တော်များများမှာ တစ်နည်းမဟုတ် တစ်နည်း ပြည်တွင်းစစ် ဖြစ်နေပါတယ်။ စစ်ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းဟာ အဆုံးသတ်က တစ်မျိုးတည်း ရှိမနေပါဘူး။ တော်လှန်ရေးဆိုတာကတော့ တက္ကသိုလ်တစ်ခုလိုပါပဲ။ စံနှုန်းသစ်တွေ၊ စံတန်ဖိုးသစ်တွေကို သင်ကြားပြီး လက်တွေ့ကျင့်ကြံရတဲ့အချိန်မျိုး ရှိပါတယ်။ အနာဂတ်ကို ဆုံးဖြတ်မယ့် တော်လှန်ရေးကာလအတွင်းမှာပဲ ဒီ အလေ့အကျင့်တွေကို တည်ဆောက်ရပါတယ်။ စစ်ပွဲအပြီးကာလကို စိတ်ကူးယဉ်နေတာမျိုး မဟုတ်ဘဲနဲ့ တော်လှန်ရေးကာလအတွင်းမှာပဲ တည်ဆောက်ရတာပါ။ တော်လှန်ရေးအပြီးမှာ ရရှိမယ့် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ အဆင့်အတန်းဟာ တော်လှန်ရေးကာလအတွင်း ဒီမိုကရေစီကို ဘယ်လို ကျင့်သုံးခဲ့သလဲဆိုတာပေါ် မှီတည်နေပါတယ်။

မြန်မာ့အနာဂတ်ဟာ အခု စနေပါပြီ။ မြန်မာ့ တော်လှန်ရေးအတွင်းက PDFs တွေနဲ့ EROs တွေဟာ ရွာတွေကို မီးရှို့တာမျိုး မရှိသလို အရပ်သားတွေကို အစုလိုက် သတ်ဖြတ်တာလည်း မရှိပါဘူး။ ဒါဟာ သူတို့က သူတော်စင်တွေ ဖြစ်လို့ ဆိုတာမျိုး၊ နိုင်ငံတကာ စံနှုန်းတွေကြောင့် ဆိုတာမျိုးကြောင့် မဟုတ်ပါဘူး။ သူတို့တွေက အဲဒီ ကျေးရွာတွေကိုပဲ အမှီပြုနေရပြီး လက်နက်ရှိတဲ့ လူတွေရဲ့ ထင်သလို သတ်ဖြတ်ခံရတာမျိုးတွေ မရှိတော့ဖို့ လူ့အဖွဲ့အစည်းအတွက် တိုက်ပွဲဝင်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။ NUCC ဟာ အဖွဲ့အစည်းအတွင်း အချင်းချင်း နှစ်သက်သဘောကျမှု ရှိတာကြောင့် ရှည်လျားတဲ့ ဆွေးနွေးတာမျိုးတွေ မလုပ်ပါဘူး။ သူတို့ ပြောဆိုဆက်ဆံကြတာကလည်း ပထဝီအနေအထားအရ ထိစပ်မှု ရှိပြီး မြန်မာနိုင်ငံသစ်ကို မျှော်ကိုးကြတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ အချေအတင် ဆွေးနွေးပြောဆိုမှုဟာ အနာဂတ် နိုင်ငံရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုရင်လည်း အပြုသဘော ဝေဖန်မှုတွေကို သည်းခံနိုင်တာမျိုး အခုပဲ အစပျိုးရပါမယ်။ ကလေးတွေကို တွေးတတ်ဖို့ သင်ပေးမယ်ဆိုရင် မေးခွန်း စမေးဖို့ ခွင့်ပြုရတယ် မဟုတ်ပါလား။ သတင်းလွတ်လပ်မှု ရှိဖို့ဆိုရင်လည်း ခြိမ်းခြောက်မှုတွေ မရှိစေရဘူး မဟုတ်လား။ အနာဂတ်စစ်တပ်က အရပ်သားတွေကို လေးစားမယ်ဆိုရင် အရပ်သားတွေအပေါ် နိုင်ထက်စီးနင်း ပြုကျင့်မိတဲ့ PDFs စစ်သားတွေဟာ အပြစ်ရင်ဆိုင်ရမှာပဲ မဟုတ်ပါလား။

ကံကောင်းတာက အတွေးအခေါ် တော်လှန်ရေးဟာ မြန်မာနိုင်ငံအတွင်းမှာ ကောင်းစွာ ဖြစ်ထွန်းပြီးသား ဖြစ်ပါတယ်။ အာဏာသိမ်းမှုဟာ လူမှု စည်းလုံးညီညွတ်မှုနဲ့ ကိုယ်ထူကိုယ်ထ ရုန်းကန်မှု ဒီရေလှိုင်းတွေကို ပေါ်ပေါက်စေခဲ့ပါတယ်။ ဝန်းကျင်အနှံ့က သာမန်ပြည်သူတွေဟာ အစိုးရရုံးတွေကို ထိန်းချုပ်ခဲ့ကြပါတယ်။ စုရုံးကြပြီး အစားအစာတွေ ဝေငှကြပါတယ်။ လမ်းတွေကို ဘေးကင်းအောင် တာဝန်ယူခဲ့ကြပါတယ်။ ရန်ကုန်၊ စမ်းချောင်းမြို့နယ်ကို ညတစ်ညမှာ စစ်တပ်က တိုက်ခိုက်ချိန် မြို့အနှံ့က ပြည်သူတွေဟာ လမ်းတွေပေါ် ထွက်လာကြပြီး ပြဿနာရင်ဆိုင်နေရတဲ့ စမ်းချောင်းမြို့နယ်က စစ်တပ်ကို မောင်းထုတ်ခဲ့ကြပါတယ်။ ရင်သပ်ရှုမောဖွယ် ဖန်တီးမှုတွေနဲ့အတူ ဆန္ဒဖော်ထုတ်သူတွေဟာ စစ်အုပ်ချုပ်ရေးကို ကျောထောက်နောက်ခံပြုထားတဲ့ လက်သင့်ရာ ပစားပေးမှု၊ ဝေစုခွဲဝေကြမှုနဲ့ “နေရာဖန်တီးမှု” စံနှုန်းတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ ကိုယ်ဝန်သည်အမျိုးသမီးတွေဟာလည်း ဗိုက်ပေါ်မှာ ကြွေးကြော်သံဆောင်ပုဒ်တွေ ရေးကြပါတယ်။ အမျိုးသမီးတွေဟာ လမ်းတွေပေါ်ဖြတ်ပြီး ထမီတွေ ကြိုးတန်းကြပါတယ်။ ခရစ်ယာန်ဘုန်းကြီးတွေ၊ မွတ်စလင်ဘာသာရေးဆရာတွေနဲ့ ဘုန်းကြီးတွေဟာ အတူတကွ ချီတက်ခဲ့ကြပါတယ်။ ရွံ့မုန်းဖွယ်အဖြစ်ကနေ ပယ်ဖျက်ပြီး ‘ရိုဟင်ဂျာ’ ဆိုတဲ့ နာမည်ကို သုံးစွဲတာပါ လက်ခံလာကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုပြီး ဖက်ဒရယ်ဒီမိုကရေစီ၊ ဖွဲ့စည်းပုံနဲ့ အလွှာအသီးသီးမှာ အာဏာရှင်စနစ် အဆုံးသတ်ရေးဆီ ဆန္ဒပြသူတွေက ဗဟိုပြုထားခဲ့ကြပါတယ်။ စစ်အုပ်ချုပ်ရေးကို တော်လှန်ပုန်ကန်တဲ့ လမ်းပေါ်က ဆန္ဒပြမှုတွေဟာ နွေဦးတော်လှန်ရေးဆီ ချီတက်သွားခဲ့ပါတယ်။

ဆန္ဒပြသူတွေ ထောက်ပြတဲ့ စံနှုန်း ပျက်စီးမှုတွေကတော့ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားရရုံတင်မကဘူး စံတန်ဖိုးတွေ၊ ယုံကြည်ချက်တွေနဲ့ ပြည်သူတွေကြားက ဆက်ဆံမှုတွေကို သတ်မှတ်နေတဲ့ ကမ္ဘာ့အမြင်တွေကို ထိခိုက်စေတယ်လို့ပဲ ဖြစ်ပါတယ်။ တင်းကျပ်ပြီး ယုတ္တိမတန် လူမဆန်တဲ့ ရာထူးရာခံပေး စနစ်ဟာ အာဏာရှင်တွေကိုပဲ အကျိုးရှိစေပါတယ်။ မြန်မာစစ်တပ်ဟာ လိင်၊ အသက်အရွယ်၊ တိုင်းရင်းသားဖြစ်မှု၊ ပညာရေးနဲ့ လူမှု-စီးပွားရေး အခြေအနေတွေပေါ် မူတည်ပြီး နေရာပေးစနစ် ကျင့်သုံးလို့ သူတို့ပဲ ထိပ်ပိုင်းမှာ နေရာမြဲနေပါတယ်။ ဆန္ဒဖော်ထုတ် အရေးဆိုမှုတွေကို ထိန်းကွပ်ဖို့အတွက် ဒီလို ရာထူးရာခံ ပေးထားသူတွေကို အသုံးချနေတာပဲ ဖြစ်ပါတယ်။ နှုတ်ဆိတ်နေနိုင်တယ်ဆိုရင်တော့ ထောင်တန်းချခံရတာကနေ လွတ်မြောက်မှာပါ။ သူတို့ကတော့ ပြောပါလိမ့်မယ်၊ “မင်း ခုလို ပြောဖို့ မင်းဟာ ငယ်ရွယ်တယ်၊ မိန်းမတစ်ယောက်ပဲ၊ ပညာမတတ်ဘူး၊ တိုင်းရင်းသားပေါ့၊ ဆင်းရဲလွန်းတယ်၊ ဘာဘာညာညာ” ပြောတာမျိုး၊ “မင်းဟာ ငါနဲ့ ဖက်ပြိုင်ပြောရမှာ မဟုတ်ဘူး” ဆိုတာမျိုးနဲ့ နှုတ်ပိတ်စေတဲ့ သူတွေပါ။

စစ်တပ်က အသံတိတ်သွားအောင် ကြိုးပမ်းပေမယ့် နွေဦးတော်လှန်ရေးဟာ အိမ်ရှင်မတွေရဲ့ သံပုံးတီးသံတွေနဲ့အတူ မြည်ဟီးလာခဲ့ပါတယ်။ ရဲနဲ့ ဆန္ဒပြသူတွေကြားမှာ ဒရိုင်ဘာတွေက ကားထိုးရပ်ပြီး ကာကွယ်ပေးပါတယ်။ နိုင်ငံရဲ့ တော်တော်များများမှာ လူတွေ လမ်းပေါ်ထွက်ကြပြီး လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်သူတွေကိုလည်း ထောက်ခံအားပေးကြပါတယ်။ ဒါဟာဆိုရင် ဖြောင့်တည့်မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေပါပဲ။ သူတို့က စီမံအုပ်ချုပ်ပိုင်ခွင့် ရှိသူတွေအဖြစ် ပြည်သူတွေရဲ့ အသိတရားမှာ အာဏာရှင်တွေက မဖော်ဆောင်နိုင်တော့ပါ။ ဒီအစား ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ လုပ်ပါတော့တယ်။ နောက်ထပ် ခေါင်းဆောင်တွေ မပေါ်နိုင်ဘူး ယူဆပြီး ဖမ်းဆီးဖို့ ကြိုးစားတာပါပဲ။ တကယ် မရှိတဲ့ “နိုင်ငံခြား အေဂျင့်တွေ” ကိုလည်း လိုက်လံရှာဖွေပါတယ်။ အာဏာပိုင်အဖွဲ့အစည်းကို ‘စော်ကား’ တဲ့ ရာဇဝတ်ပြစ်မှုနဲ့ ဖမ်းဆီးဖို့ လုပ်ဆောင်ကြပါတော့တယ်။ သူတို့အတွက် ပြည်သူတွေရဲ့ အသိအမြင်မှာ မှန်ကန်တဲ့ လုပ်ရပ် လုပ်ဆောင်နေတယ်လို့ ပုံမဖော်နိုင်တာကြောင့် နောက်ဆုံးမှာ သူတို့ဟာ ကျဆင်းရမှာပဲ ဖြစ်ပါတယ်။

လက်ငင်း ကာလအတွက် မေးခွန်းကတော့ ဘာကို ဆန့်ကျင်တိုက်ခိုက်နေလဲဆိုတာ မဟုတ်တော့ဘဲ ဘာအတွက် တိုက်နေလဲဆိုတာပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ၊ ဖက်ဒရယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်တွေအတွက် မေးခွန်းသက်သက် မဟုတ်တော့ပါ။ ဖွဲ့စည်းပုံနဲ့ စီမံအုပ်ချုပ်ရေး အစီအစဉ်တွေဟာ အရေးတော့ ကြီးပါတယ်။ ဒါပေမဲ့ ဒါတွေက ပထဝီအနေအထားကို မပြောင်းလဲပစ်နိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ အမှန်တကယ် ရုန်းကန်ရမယ့် တိုက်ပွဲကတော့ စစ်တပ်ရဲ့ အမှောင်ခေတ်ကို အစားထိုးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်သစ်နဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။ ဒါဟာ ဖြေဆိုဖို့အတွက် ခက်ခဲနိုင်တဲ့ မေးခွန်းတွေပါပဲ။ အာဏာကို ဘယ်လို ကျင့်သုံးမလဲ၊ ပြည်သူတွေချင်း ဘယ်လို ဆက်ဆံမလဲ၊ အရပ်သူတွေက သူတို့ရဲ့ အိမ်အကူတွေကို ရိုက်နှက်တာမျိုး ခွင့်ပြုနေဦးမှာပဲလား၊ ဝေဖန်သူတွေကို လှောင်ပြောင်အရှက်ရစေမှာလား၊ လိုအပ်သူတွေကို ကူညီတာကို ရူးရူးနှမ်းနှမ်း စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖမ်းဆီးထိန်းသိမ်းဦးမှာလား၊ သေနတ်ရှိသူတွေမှာ သတ်ဖြတ်နိုင်ခွင့် ရှိနေဦးမှာလား၊ နေရာထား ပစားပေးတာနဲ့ ပုံစံကျ ပညာရေးတွေက အတွေးအခေါ်တွေနဲ့ တီထွင်ဆန်းသစ်မှုတွေကို သင်းကွပ်နေဦးမှာလား။ ဒီ မေးခွန်းတွေကတော့ မြန်မာ့တိုက်ပွဲရဲ့ နှလုံးသားဆီက မေးခွန်းတွေပါပဲ။ တိုက်ပွဲဟာ စစ်တပ်ထက်ပိုလို့ အချင်းချင်းကြား ပိုမိုကောင်းမွန်စွာ ဆက်ဆံနိုင်မယ့် လွတ်မြောက်ရေး တိုက်ပွဲပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly