စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာစခန်းများသို့ သွားရောက်

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာစခန်းများသို့ သွားရောက်
Photo-AFP

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့်အနက် ၁,၂၀၀ ခန့်ကို နေရပ်ပြန်လည်လက်ခံမည့် အဆိုပြုထားသော ရှေ့ပြေးအစီအစဉ်တစ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာစစ်ကောင်စီ ကိုယ်စားပြု အဖွဲ့တစ်ဖွဲ့သည် မေလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။

လက်ရှိတွင် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုတစ်ရပ်နှင့် ရင်ဆိုင်နေရသည့် မြန်မာစစ်တပ်၏ ၂၀၁၇ ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးနောက် ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ခနော်နီ ခနော်နဲ့ စခန်းများတွင် နေထိုင်နေကြရသည်။

ဒွိဟစိတ်များ ဖြစ်ပေါ်နေသည်ဟု ရိုဟင်ဂျာတို့က ထုတ်ဖော်ထားသည့်ကြားမှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် လာမည့် သီတင်းပတ်များအတွင်း ရိုဟင်ဂျာ ၁,၁၀၀ ခန့်ကို ရခိုင်ပြည်နယ်သို့ ပြန်ခေါ်ယူရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။

အရပ်ဝတ်များဖြင့် မြန်မာအရာရှိ ၁၄ ဦးပါ အဖွဲ့သည် မေလ ၂၅ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ တက်ခ်နက်ဖ်သို့ ရေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး သတင်းထောက်များကို မှတ်ချက်ပေးခြင်း မရှိဟု အဆိုပါနေရာသို့ ရောက်ရှိခဲ့သော အေအက်ဖ်ပီ သတင်းသမားတစ်ဦးက ပြောသည်။

ကိုယ်စားလှယ်အဖွဲ့သည် နေရပ်ပြန်လက်ခံရန် လျာထားခံရသည့် ရိုဟင်ဂျာများနှင့် တွေ့ဆုံစကားပြောဆိုလိမ့်မည် ဖြစ်ပြီး ယခုခရီးစဉ်က “ယုံကြည်မှု တည်ဆောက်သည့် အစီအစဉ်” တစ်ခုဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ဒုတိယကော်မရှင်နာ ရှမ်ဆက် ဒိုဇာက အေအက်ဖ်ပီကို ပြောသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုက ရိုဟင်ဂျာများကို နေရာချထားပေးရန် စီစဉ်လျက် ရှိသော ရခိုင်ပြည်နယ်ရှိ ပြန်လည်နေရာချထားရေး စခန်းနှစ်ခုသို့ ယခုလအတွင်း ရိုဟင်ဂျာ ၂၀ ဦး လာရောက်ကြည့်ရှုခဲ့သည်။ အဆိုပါ နေရာချထားပေးမည့် နေရာသည် အသိမ်းမခံရမီကတည်းက ရိုဟင်ဂျာများ မျိုးဆက်နှင့်ချီကြာ ပိုင်ဆိုင်ခဲ့သည့် မြေနေရာဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

“ဒီ နေရပ်ပြန်ပို့မှု လုပ်ငန်းစဉ်မှာ အမြဲတမ်း ကိုယ်စားလှယ် ကျွန်တော်တို့မှာ မရှိဘူး” ဟု လူသိများသည့် ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုခင်မောင်က အေအက်ဖ်ပီကို ပြောသည်။

“ဒီ နေရပ်ပြန်လက်ခံရေး လုပ်ငန်းစဉ်က အဓိပ္ပါယ်မရှိတဲ့ ကိစ္စတစ်ခုပါပဲ။ တကယ်လို့ သူတို့ဘက်က ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာအတွက် အကာအကွယ်မပေးဘူး၊ အာမမခံဘူး ဆိုရင် ပြည်တွင်းနေရပ်စွန့်ခွာရသူတွေ (IDPs) တွေဆီ ပြန်သွားစရာ အကြောင်းမရှိဘူး” ဟု ၎င်းက ပြောသည်။

ရှေ့ပြေး အစီအစဉ်အရ နေရပ်ပြန်ပို့ခံရမည် ဆိုသည့် အမည်မဖော်လိုသူ ရိုဟင်ဂျာတစ်ဦးက အေအက်ဖ်ပီကို ပြောကြားရာတွင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်မသွားချင်ကြောင်းနှင့် နိုင်ငံသားမဟုတ်သူများအဖြစ် မြန်မာရှိ IDP စခန်းများတွင် မနေချင်ကြောင်း ပြောသည်။

“ကျွန်တော်တို့ရဲ့ နေရာကို ကျွန်တော်တို့ဆီ ပြန်ပေးသင့်ပါတယ်။ အခြား တိုင်းရင်းသား အစုအဖွဲ့တွေလိုမျိုး ကျွန်တော်တို့ရဲ့ နေထိုင်ခွင့်ကို တရားဝင် အာမခံပေးသင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ လူအစုအပြုံလိုက် သတ်ဖြတ်သူတွေကို ကျွန်တော်တို့ မယုံကြည်နိုင်ပါဘူး” ဟု ၎င်းတို့က ပြောသည်။

“IDP စခန်းတွေမှာ နေပြီး ကျွန်တော်တို့က ဘာတွေ လုပ်ကိုင်ရမှာလဲ။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေပါ။ ဧည့်သည်တွေ မဟုတ်ဘူး။ မြန်မာအနေနဲ့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပေးသင့်တယ်။ ကျွန်တော်တို့ကို မူလနေရပ် ပြန်ပို့သင့်တယ်” ဟု အသက် ၅၃ နှစ်ရှိ အခြားရိုဟင်ဂျာတစ်ဦးဖြစ်သည့် ဆီမွန် အေရာက ပြောသည်။

Myanmar delegation visits Rohingya camps for repatriation scheme

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly