ဖားကန့်တွင် ရေမဆေးသမား အပါအဝင် ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး

By အဂမ် (မဇ္ဈိမ)
24 May 2023
ဖားကန့်တွင် ရေမဆေးသမား အပါအဝင် ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မှာ ယနေ့ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက မိုးကြိုးပစ်ခံရ၍ ကျောက်ရှာဖွေနေသော ရေမဆေးသမားတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့လည်း ပျက်စီးသွားကြောင်း ဒေသခံများက မဇ္စျိမကို ပြောသည်။

ဖားကန့်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်နေချိိန်မှာပဲ မိုးကြိုးပစ်ခံရမှုကြောင့် လူနှစ်ဦးသေဆုံးသွား သကဲ့သို့ လျှပ်စစ်မီးကြိုးဓါတ်တိုင်များ လဲကျခြင်း၊ သစ်ပင်ကြီးများ ကျိုးကျခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။

“ဂေါက်ကွင်းဘက် နေအိမ်တချို့တော့ အမိုးတွေ ဘာတွေလှန်သွားတယ်၊ နောက်ပြီး ဓာတ်တိုင်တွေလည်း ကျိုးသွားတယ်၊ မိုးကြိုးက အသံအကျယ်ကြီးနဲ့ သုံးလေးချက်မကဘူး ​ပစ်သွားတယ်၊ အလောင်းကတော့ မြင်တဲ့အတိုင်းပဲ၊ ညိုမဲသွားတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ နှစ်ဦးအနက် တစ်ဦးသည် လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကျေးရွာအနီး ယခင် တောက်ပကြယ်ကုမ္ပဏီလုပ်ကွက်ဟောင်း၊ ယခုအမည်မရှိသည့် ကျောက်တူးဖော်ရေးလုပ်ကွက်တစ်ခုမှ ခြံစောင့် အလုပ်သမား အသက် (၄၀) နှစ်အရွယ် ကိုစိုင်းမောင်မြင့် ဖြစ်သည်။

နောက်တစ်ဦးမှာ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ အသက် (၃၉) နှစ်အရွယ် ဦးရွှေသိန်းဖြစ်သည်။

ဦးရွှေသိန်းသည် မမုံကျေးရွာအနောက်ဘက်ရှိ ယခင်သံလွင်ဧရာကုမ္ပဏီလုပ်ကွက်ဟောင်း၊ ယခုအမည်မရှိ ကျောက်ကျင်းလုပ်ကွက်တစ်ခုအတွင်း ရေမဆေးကျောက်ရှာနေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းသိုက် တည်ရှိရာ ဒေသဟု လူသိများသည့် ဖားကန့်တွင် KIA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများလည်း ဖြစ်ပွါးနေသည်။

စာတည်း။ ။ နောင်နောင်

#ရေမဆေးကျောက်ရှာသူ

#မိုးကြိုးပစ်ခံရ

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly