တနင်္သာရီမြို့ အင်းရှည်ကုန်းရွာတွင် ဒေသခံအမျိုးသား ၂ ဦး ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုဖြစ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
24 May 2023
တနင်္သာရီမြို့ အင်းရှည်ကုန်းရွာတွင် ဒေသခံအမျိုးသား ၂ ဦး ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုဖြစ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ အင်းရှည်ကုန်း ရွာတွင် မေလ ၂၃ ရက်နေ့က ဥယျာဉ်ခြံတစ်ခုတွင် ဒေသခံအမျိုးသားနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်းရှည်ကုန်းရွာရှိ ဥယျာဉ်ခြံတစ်ခုသို့ သစ်သီးကောက်ရန်သွားခဲ့သည့် အသက် ၃၁ နှစ်ရွယ်ရှိ ကိုဘိုငယ်သည် မေလ ၂၃ ရက်နေ့တွင် ခြံတစ်ခြံ၌ အရက်မူးနေသောအခြားအမျိုးသားတစ်ဦးနှင့် အပြန်အလှန် စကားများခဲ့ကြသည်။

ထို့နောက် ကိုဘိုငယ်သည် နေအိမ်သို့ ပြန်လာကာ အချွန်အထက်ရှိသော သံဆူးတစ်ချောင်းကို ယူ၍ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်သွားသည်ဟု ကိုဘိုငယ်၏ မိသားစု၀င်တစ်ဦးကဆိုသည်။

ယင်းနောက် အရက်မူးနေသူ (ကိုဘိုငယ်နှင့် ရန်ဖြစ်ခဲ့သူ ) စီးလာသည့် ဆိုင်ကယ် နှင့် ကိုဘိုငယ်၏ ဆိုင်ကယ်တိုက်မိရာမှာ ကိုဘိုငယ် ကိုင်ဆောင်သွားသည် သံဆူးထိုးမိ၍ တစ်ဖက်လူ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လူသတ်မှုကျူးလွန်သူဟုယူဆရသူ ကိုဘိုငယ်ကို တကူကျေးရွာအုပ်စု အခြေစိုက်နဂါးနက်-PDF အဖွဲ့က စစ်ဆေးမည်ဟုပြောကာ ဖမ်းဆီးခေါ်ဆောင်သွားရာမှ သတ်ဖြတ်ခံလိုက်ရကြောင်း မိသားစုဝင်များထံက သိရသည်။

ကာယကံရှင် မိသားစုဝင် တစ်ဦးက “ အခုက ရည်ရွယ်ချက် ရှိရှိနဲ့ သတ်လိုက်တာ မဟုတ်ဘူး။ ဆိုင်ကယ်ခြင်းတိုက်မိပြီး သံဆူးနဲ့ ထိုးမိပြီးသေသွားတာပါ။ အခုက အခြားလူသတ်မှုတစ်ခုနဲ့ ပတ်သက် ဆက်နွယ်ပြီး ဘိုငယ်ကို ဖမ်းဆီးရိုက်နက်သတ်ဖြတ်လိုက်တယ် ” ဟု ပြော သည်။

ကိုဘိုငယ်ကို နဂါးနက် PDF အဖွဲ့မှ ဖမ်းဆီးရိုက်နက် စစ်ဆေးခဲ့ကာ ဘက်မလိုက်ပြောက်ကျားအဖွဲ့သို့ လွဲပြောင်းပေးအပ်ခဲ့သည်။

ယင်းအဖွဲ့မှ ဆေးကုသမှု ပြုလုပ်ပေးပြီးနောက် အမည်မသိ အခြား PDF အဖွဲ့တစ်ခုက ၎င်းအား မျက်နှာကိုအဝတ်စည်းပြီး ပြန်လည် ခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ဖမ်းခံရတဲ့ အချိန်မှာ ကိုဘိုငယ်ကို သွားတွေ့ခွင့်ရတယ်။ စားစရာတွေ သွားပေးလိုက်သေးတယ်။ နောက်တစ်ကြိမ် ထပ်ပြီးသွားတွေ့တဲ့ အချိန်မှာ မရှိတော့ဘူး ပြောတယ်။ နောက်တော့ သတ်ပစ်လိုက်ပြီလို့ သိရတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့နောက် ကိုဘိုငယ်၏ ရုပ်အလောင်းကို မိသားစုဝင်များထံ ပြန်မပေးသည့်အပြင် ရွာပြင်ရှိ သင်္ချိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့၍ မိသားစုဝင်များက စုံစမ်းစစ်ဆေးပေးရန် ဆန္ဒရှိနေသည်။

ထို့ကြောင့် ဖြစ်စဉ်အသေးစိတ်နှင့် ကိုဘိုငယ်ကိုသတ်ဖြတ်ခဲ့သောအဖွဲ့ကို သိရှိနိုင်ရန် ဘက်မလိုက်ပြောက်ကျားအဖွဲ့သို့ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ယခုဖြစ်စဉ်တွင် နဂါးနက်အဖွဲ့သည် ဒေသခံအခြေစိုက် အဖွဲ့စည်းဖြစ်ပြီး NUG အစိုးရ၏ လက်အောက်ခံမဟုတ်သောကြောင့် အရေးယူစစ်ဆေးပေးရန် ခက်ခဲသည့်အတွက် မှတ်ချက် မပေးလိုကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူကဆိုသည်။

လက်ရှိတွင် အထက်ပါ လူသတ်မှုကျူးလွန်သူဟုယူဆရသူ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ ကာယကံရှင် မိသားစုဝင်များမှ ဥပဒေအရ အရေးယူပေးရန်လိုလားနေကြောင်း သိရသည်။

စာတည်း ။​။​ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#တနင်္သာရီ

#နဂါးနက်PDF

#လူသေဆုံး

#တကူကျေးရွာအုပ်စု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly