ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်ကြွေးမြီထောင်ချောက်ထဲ ကျရောက်တော့မှာလား 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်ကြွေးမြီထောင်ချောက်ထဲ ကျရောက်တော့မှာလား 

တောင်အာရှတွင် ပါကစ္စတန်ပြီးလျှင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး လက်ခံသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်ထံမှ ကုန်စည်များကို အများဆုံးတင်သွင်းသူဖြစ်ကာ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသည်။ 

ဤသည်မှာ ၂၀၄၁ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာစေရေးဟူသော ဘင်္ဂလားဒေ့ရှ်ရည်မှန်းချက်ကို ဖြည့်ဆည်းရန် တရုတ်သည် စီမံကိန်းကြီးများအတွက် ငွေကြေးအကူအထောက်အပံ့နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများ ပေးအပ်ခြင်းဇာတ်လမ်း၏ အစဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၏ ရန်ပုံငွေမှာ များပြားလှသောကြောင့် ဝေဖန်သူများက ဘင်္ဂလားဒေ့ရှ်သည် တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းအကျပ်အတည်းထဲ ကျရောက်နေပြီလားဟု သီရိလင်္ကာရှိ ဟမ်ဘန်တိုတာဆိပ်ကမ်းကို ကိုးကားကာ မေးခွန်းထုတ်ခဲ့ကြသည်။  

တရုတ်သည် ဒေသတွင်း ကြီးမားသောဈေးကွက်ရှိခြင်းကြောင့် တောင်အာရှနိုင်ငံများနှင့် အမြဲဆက်နွှယ်မှုရှိကြောင်း သမိုင်းဆိုင်ရာ အချက်အလက်များက သက်သေပြနေသည်။ ဘင်္ဂလားဒေ့ရှ်၏ ပထဝီနိုင်ငံရေးအရ ထူးကဲမှုနှင့် စီးပွားရေးအရ စိတ်ဝင်စားဖွယ်ကောင်းမှုတို့ကြောင့် တရုတ်က ရင်းနှီးမြှုပ်နှံရန် အာရုံစိုက်လာခဲ့သည်။  

ဘင်္ဂလားဒေ့ရှ်သည် တောင်အာရှ၏ စီးပွားရေးဗဟိုချက်ဖြစ်လာနိုင်သည့် အလားအလာကို အသုံးချရန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးများအတွက် ပြင်ပရန်ပုံငွေ လိုအပ်ပြီး ယင်းပမာဏသည် နိုင်ငံက တတ်နိုင်မှုထက် ကျော်လွန်နေသောကြောင့် ပြင်ပရန်ပုံငွေများကို ရှာဖွေလာသည်။ 

ဘင်္ဂလားဒေ့ရှ်သည် ပါဒ်မာတံတားတည်ဆောက်ရန် ကမ္ဘာ့ဘဏ်ထံမှ ငွေကြေးအကူအညီမရခဲ့သကဲ့သို့ ကမ္ဘာ့ငွေချေးငှားသူများထံမှ ဘဏ္ဍာရေးအကူအညီများဆုံးရှုံးလာမှုနှင့် တရုတ်က ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာမှုတို့က ဘင်္ဂလားဒေ့ရှ်စီးပွားရေးအသိုက်အဝန်းထဲသို့ တရုတ်အား ဝင်ရောက်လာစေရန် တံခါးပေါက်တစ်ခုဖြစ်စေခဲ့သည်။ ထို့ပြင် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံဘဏ် (AIIB) နှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကဲ့သို့ တရုတ်ဦးဆောင်သော ဒေသတွင်းအဖွဲ့အစည်းများနှင့် ဆက်နွှယ်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်သည် တရုတ်နှင့် ပိုမိုနီးကပ်လာသည်။ 

၁၉၇၆ ခုနှစ်တွင် စတင်ခဲ့သော တရုတ်-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးသည် ၂၁ ရာစု၏ ပထမဆယ်စုနှစ်အထိ ကုန်သွယ်မှု သဘောတူညီချက်များကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ခဲ့သည်။ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေးသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ်သို့ ပြောင်းလဲခဲ့သည်။ နှစ်နိုင်ငံစလုံးသည် လွတ်လပ်သောကုန်သွယ်မှုဇုန်များ ထူထောင်ခြင်းဖြင့် ကြီးမားသောကုန်သွယ်မှုလိုငွေပြမှုကို လျှော့ချရန် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ 

ဘင်္ဂလားဒေ့ရှ်သည် ထွန်းသစ်စစီးပွားရေးရှိသောနိုင်ငံအနေဖြင့် ၎င်း၏လူမှုစီးပွားပြဿနာများကို ဖြေရှင်းရန် တရုတ်နိုင်ငံက ပံ့ပိုးပေးနိုင်သော ကြီးမားသောရင်းနှီးမြုပ်နှံမှုကို လိုအပ်လျက်ရှိသည်။ တစ်ဖက်တွင်မူ ဘင်္ဂလားဒေ့ရှ်သည် တရုတ်နိုင်ငံ၏ အရှေ့တောင်ဘက် ကုန်းတွင်းပိတ်ပြည်နယ်ကို ချိတ်ဆက်နိုင်သောကြောင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် တွက်ချက်မှုတွင် အရေးပါလှသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ သက်သာလှသော လုပ်အားခက တရုတ်၏ နေဝင်ချိန်ရောက်နေသော လုပ်ငန်းနယ်ပယ်များကို ရွှေ့ပြောင်းလာစေရန် အခွင့်အရေးပေးထားသည်။ သို့သော် ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရာတွင် တရုတ်၏အခန်းကဏ္ဍ သို့မဟုတ် ပါဝင်လုပ်ဆောင်မှုမရှိခြင်းတို့ကို ရှုတ်ချခြင်းဖြင့် ဝေဖန်သူများက နှစ်နိုင်ငံဆက်ဆံရေးအပေါ် အမြင်မကြည်ပေ။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ပြင်ပအရင်းအမြစ်များ စီးဆင်းမှုဟူသော ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်သည် ကြွေးကျန် နိုင်ငံခြားချေးငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၀၆ ဘီလီယံနီးပါးရှိပြီး တစ်ဦးချင်းချေးငွေမှာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇၈ ဝန်းကျင်ရှိကြောင်း ဖော်ပြထားသည်။ 

နယ်စပ်ကုန်သွယ်ရေး၏ မဟာဗျူဟာမြောက် အားသာချက်ကြောင့် ဘင်္ဂလားဒေ့ရှ်သည်  တရုတ်နိုင်ငံဘက်သို့ ယိမ်းခဲ့ပြီး တရုတ်၏ ငွေကြေးအပေါ် အလွန်အမင်း မှီခိုအားထားမှုသည် ဘင်္ဂလားဒေ့ရှ်ကို ကြွေးမြီများတင်လာစေနိုင်ကြောင်း ဝေဖန်သူများက ထောက်ပြခဲ့သည်။ 

ဘင်္ဂလာဒေ့ရှ်အနေဖြင့် ဘဏ္ဍာရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်းမပြုမီ အသေအချာ ညှိနှိုင်းရန် လိုအပ်ပြီး အတိုးမဲ့ချေးငွေကို အလေးပေးကာ စီမံကိန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ရန် လိုအပ်ပေသည်။ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် ရန်ပုံငွေယူခြင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်သည် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် အခြေအနေတစ်ခု ဖန်တီးရယူရန် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများကို အခွင့်ကောင်းယူ အသုံးချ၍ ရနိုင်ကြောင်း The Daily Star သတင်းတွင် ရေးသားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly