ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၅၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၅၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖန်း ခရိုင်တွင် မေလ ၂၄ ရက် အစောပိုင်းက နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၄၉ ဦး ဖမ်းဆီးခံရကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

Surasee အထူးတပ်ဖွဲ့မှ စစ်သားများနှင့် ထောင်ဖာဖန်း ရဲတပ်ဖွဲ့တို့သည် သတင်းပေးမှု ရရှိပြီးနောက် ထောင်ဖာဖန်းခရိုင် သာခါနွန် ခရိုင်ခွဲ ကျေးရွာတစ်ခုအနီးရှိ ကျွန်းတောတစ်ခု၌ ပုန်းအောင်းနေသည့် မြန်မာများကို တွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ ဖြစ်သည်။ အားလုံးသည် တရားဝင် စာရွက်စာတမ်း အထောက်အထားများ မရှိကြဟု သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့သည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တွင်း မြို့များမှ လာရောက်ကြသူများဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ ဆမွတ် ဆာခွန်း၊ ရာယောင်၊ ကန်ချနဘူရီနှင့် ဘန်ကောက်တို့တွင် အလုပ်အကိုင်များ ရမည်ဟု ကတိပေးထားသည့် အလုပ်ရှာပွဲစားများကို တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ပေးခဲ့ကြရသည်ဟု ပြောခဲ့ကြောင်း သိရသည်။

၎င်းတို့သည် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့ကြပြီး ၎င်းတို့ကို ကတိပြုထားသည့် အလုပ်နေရာများထံ ပို့ဆောင်ပေးမည့်သူများကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ယခုအခါ ၎င်းတို့ကို မူလနိုင်ငံရင်း ပြန်ပို့မှု မတိုင်မီ ဥပဒေအရ အရေးယူရန် ထောင်ဖာဖန်း ရဲစခန်းသို့ လွှဲပြောင်းပေးထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly