ထိုင်းဝန်ကြီးချုပ်လောင်းရဲ့ မြန်မာပြည်သူတွေအတွက် အပြုသဘော ရပ်တည်ချက်ကို ဂရုတစိုက် ကြိုဆိုသင့် (မဇ္ဈိမအယ်ဒီတာ့အာဘော်)

ထိုင်းဝန်ကြီးချုပ်လောင်းရဲ့ မြန်မာပြည်သူတွေအတွက် အပြုသဘော ရပ်တည်ချက်ကို ဂရုတစိုက် ကြိုဆိုသင့် (မဇ္ဈိမအယ်ဒီတာ့အာဘော်)

မြန်မာနိုင်ငံမှာ ပျက်စီးမှု ကြီးကြီးမားမား ဖြစ်ရတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ အကျပ်အတည်းကို လူသားချင်း စာနာထောက်ထားရေး တုံ့ပြန်မှုတွေမှာ ကူညီသွားမယ်လို့ မကြာသေးခင်က ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိခဲ့တဲ့ ရှေ့သို့ချီပါတီရဲ့ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ် ထုတ်ပြောလာတာက စိတ်အားတက်စရာပါ။

“မုန်တိုင်းဘေးဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ကြားကာလအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျနော်တောင်းဆိုပါတယ်။ သေရေး ရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းဘေးဒုက္ခသည်တွေကို ဦးစားပေးအနေနဲ့ ပထမဆုံး အထောက်အပံ့တွေပေးရမှာပါ။  ဒါဟာ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ကျနော်ရဲ့ နိုင်ငံခြားရေးမူဝါဒအသစ်နဲ့ကိုက်ညီတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်”ဆိုပြီး သူက တွစ်တာမှာ မေ ၂၁ ရက်က ရေးသားခဲ့ပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ ကျနော်ရဲ့ မူဝါဒဟာ လူသားဘ၀လုံခြုံရေးစဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းမယ့်မူဝါဒဖြစ်ပါတယ်။ ဒီလူသားဘ၀လုံခြုံရေး အခြေခံတဲ့မူဝါဒမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းရော၊ စီးပွားရေး ဘ၀လုံခြုံတိုးတက်ရေး အပိုင်းတွေပါ ပါဝင်ပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ကြီးတခုလုံးအပြင် နိုင်ငံတကာ အသိုက်အမြုံအတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို ဆောင်ကြဉ်းရရှိစေရေးဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့လည်း သူက ရေးပါတယ်။

အလားတူပဲ ပီတာ လင်ဂျာရွန်ရတ်ဟာ သူရဲ့ ရွေးကောက်ပွဲနောက်ပိုင်း CNN သတင်းဌာနက Zain Asher နဲ့ မေ ၁၇ ရက်က ပထမဆုံး အင်တာဗျူးမှာ မြန်မာအကျပ်အတည်းနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်နိုင်ရေး လိုအပ်ချက်တွေကို အသားပေး ပြောဆိုခဲ့သလို ဖြစ်ပွားဆဲ ပဋိပက္ခကို ဖြေရှင်းဖို့အတွက် ထိုင်းနဲ့ မြန်မာကြားမှာ လူသားချင်း စာနာထောက်ထားရေး စင်္ကြံ တည်ဆောက်ဖို့ကိုလည်း အဆိုပြုခဲ့ပါတယ်။

“မြန်မာ့အရေးမှာ ကျွန်တော်တို့အနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အမှန်တကယ် ဆောင်ကြဉ်းနိုင်တာမျိုးကို ဖော်ဆောင်သွားလိုပါတယ်၊ ထိုင်းနဲ့ မြန်မာဟာ ကပ်လျက် ရှိနေပြီး ဒါကြောင့် တာဝန်မကင်းဘူးလို့ ပြောလို့ရပါတယ်၊ ထိုင်းမရှိဘဲနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်ပါဘူး၊ ထိုင်းနဲ့ မြန်မာကြားမှာ လူသားချင်း စာနာထောက်ထားရေး စင်္ကြံ တည်ထောင်ဖို့ အစပြုရမယ်လို့ ကျွန်တော် ယူဆပါတယ်၊ ဒါဟာ ကာလရှည် ရှိနေခဲ့တဲ့ လုပ်ငန်းစဉ်တစ်ရပ်ပါ၊ ဒါကို ဖော်ဆောင်ဖို့ ကျွန်တော်တို့မှာ တရားရေးအခြေခံတွေလည်း ရှိထားပါတယ်၊ အတိတ်အတွေ့အကြုံတွေအရ ကျွန်တော်တို့ လုပ်ဆောင်နေတာပါ၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အမေရိကန်လွှတ်တော်က ပြဋ္ဌာန်းတဲ့ BURMA Act ကို အဓိကထားပြီး လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းစဉ်တွေကို စတင်ဖို့ မျှော်လင့်ထားပါတယ်၊ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးမှာ အားပေးဖို့ လုံလောက်တဲ့ ဖိအားပေးမှုတွေရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ စတင်လုပ်ကိုင်သွားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဆိုပြီး ပီတာ လင်ဂျာရွန်ရတ်က အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ထိုင်းနိုင်ငံက ရှေ့သို့ချီပါတီရဲ့ အနောက်အုပ်စု လိုလားတာနဲ့ မြန်မာက စစ်ကောင်စီကို ဆန့်ကျင်တဲ့ တော်လှန်မှုတွေကို အားပေးကူညီလာနိုင်ခြေတွေအတွက် စိုးရိမ်ပူပန်ကြောင်းကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖော်ပြပြီး သတိနိုးကြားဖို့နဲ့ နယ်စပ်မှာ စောင့်ကြည့်ဖို့ တိုက်တွန်းထားတယ်လို့ The Irrawaddy သတင်းက ဖော်ပြပါတယ်။

မြန်မာစစ်တပ်နဲ့ နိုင်ငံအနောက်ပိုင်းမှာ တိုက်ခတ်သွားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးကြောင့် ဖြစ်ပေါ်တဲ့ အကျပ်အတည်း နှစ်ရပ်စလုံးကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက်ကတော့ ပီတာရဲ့ ပြောဆိုချက်ဟာ အကူအညီ တောင်းဆိုတဲ့ အာဆီယံကို ပဲ့တင်ထပ်တဲ့ အားပေးအားမြှောက်ဖြစ်စရာ စကားသံပဲ ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံရဲ့ ခေါင်းဆောင်သစ် ဖြစ်လာနိုင်တဲ့ ပီတာဟာ အိမ်နီးချင်းနိုင်ငံအတွက် စိုးရိမ်ပူပန်ကြောင်းကို ထုတ်ဖော်ပြသပြီး ဒေသရေးရာအပြင် ကမ္ဘာရေးရာ အမြင်ရှိတဲ့ ခေါင်းဆောင်အဖြစ် ပြသနေတာကြောင့် ထိုင်းနိုင်ငံအတွက်သာမက မြန်မာနဲ့ အိမ်နီးချင်း ဆက်ဆံရေးအတွက်ပါ နမိတ်ကောင်းအဖြစ် ထင်ဟပ်နေပါတယ်။

ဒါပေမဲ့ အကဲဖြတ်တာ မစောစေချင်ပါဘူး၊ ရှေ့သို့ချီပါတီဟာ ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး အခင်းအကျင်းသစ် ဖွဲ့စည်းရေးမှာ ဦးဆောင်နေပုံ ရှိပါတယ်။ ဒါကလည်း စစ်တပ်နဲ့ အာဏာသိမ်းထားပြီး နိုင်ငံကို အုပ်ချုပ်နေတဲ့ ထိုင်းစစ်တပ်ကို မခံမရပ်နိုင် နာကျင်စေပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့မယ်ဆိုတဲ့ ပီတာရဲ့ ထုတ်ပြန်ချက်ကို အကဲဖြတ်ရာမှာတော့ ပုံပြီး မယုံစားဘဲ သတိလေး ကပ်ဖို့တော့ လိုပါလိမ့်မယ်။

ရှေ့သို့ချီပါတီဟာ အောက်လွှတ်တော်အမတ် ၅၀၀ မှာ ၁၅၂ နေရာကို သိမ်းပိုက်ထားပါတယ်။ သက်ဆင်ရှင်နာဝတ်ထရာရဲ့ သမီး ပတ်တုန်သန် ရှင်နာဝတ်ထရာရဲ့ ဖျူထိုင်းပါတီက ဒုတိယနေရာ ရတာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ရှေ့သို့ချီပါတီရဲ့ အောင်မြင်မှုဟာ အစိုးရဖွဲ့ရေး ပန်းတိုင်နဲ့ ပီတာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရရေးက မဝေးတဲ့ အနာဂတ်မှာ ကျိန်းသေနေဟန် ရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကတော့ ရှေ့မှာ အတားအဆီးတွေ ကြုံရနိုင်တယ်လို့ ညွှန်ပြနေပါတယ်။ ဩဇာကြီးတဲ့ အထက်လွှတ်တော်မှာက တော်ဝင်ထိုင်းစစ်တပ်က ခန့်အပ်တဲ့ အမတ် ၂၅၀ ပါဝင်နေတာပါ။ ဖျူထိုင်းပါတီအတွက်ကရော၊ ဒီ အတိမ်းအစောင်းမခံတဲ့ လမ်းဆုံလမ်းခွ အခြေအနေမှာ ပြည်နှင်ခံ ဖခင်ဖြစ်သူ သက်ဆင်က သမီးဖြစ်သူကို ဘာများ ပြောထားမလဲ။

ဒါကြောင့် အောင်ပွဲဟာ မကျိန်းသေသေးပါ။

အဆိုးမြင်စရာ အခြားသော လက္ခဏာရပ်တွေလည်း ရှိနေပါသေးတယ်။ ပီတာဟာ ဟားဗတ်တက္ကသိုလ်က ဘွဲ့ရ နိုင်ငံရေးသမားတစ်ဦးဖြစ်သလို အတွေ့အကြုံ ကြွယ်ဝပြီး သံခင်းတမန်ခင်း နားလည်တဲ့ စီးပွားရေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဆိုင်ကလုန်းမိုခါကြောင့် မြန်မာပြည်သူတွေအတွက် အားပေးကူညီမယ်ဆိုတဲ့ သူရဲ့ ထုတ်ပြန်ချက်ဟာ မျှော်လင့်စရာ ဖြစ်ကောင်းဖြစ်မှာပါ။ သူဖြစ်ဖြစ်၊ သူ့အကြံပေးတွေကပဲ ဖြစ်ဖြစ် မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီကြစို့လို့ ပြောလာနိုင်ပါတယ်။ ဒါဟာ ခေါင်းဆောင်မှုကို ပြသပြီး ထိုင်းနိုင်ငံနဲ့ ဒေသတွင်းအတွက် စစ်တပ်ကို ဆန့်ကျင်ရပ်တည်တာကို ပဲ့တင်ထပ်လိုက်တဲ့ မဟာဗျူဟာ အရွေ့တစ်ခုလို့ပဲ ရိုးရှင်းစွာ မြင်မိပါတယ်။

ဒါကို ရှုမြင်ကြည့်ရအောင်၊ ခုနေခါမှာ အာဆီယံနိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ရင် ယောက်ယပ်ခတ်နေကြပါတယ်။ ဘုံသဘောတူညီချက် ငါးရပ်အောက်ကနေ မြန်မာအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ကြိုးစားရာမှာလည်း အလွန်စိတ်ပျက်စရာကောင်းအောင် အရေးနိမ့်နေပါတယ်။

ဒါကြောင့် ပီတာရဲ့ ထုတ်ပြန်ချက်ဟာ သူနဲ့ သူ့ပါတီအတွက် ထိုင်းနိုင်ငံထဲတင်မက ဒေသတွင်းမှာပါ အားသစ်လောင်းတဲ့ အသွင်ကို ဖန်တီးဖြစ်ပေါ်စေပါတယ်။

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် ထောက်ပံ့မယ်ဆိုတဲ့ ပီတာရဲ့ ထုတ်ပြန်ချက်အပေါ် သံသယရှိစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ ခေါင်းဆောင်မှုကို သူက ဆောင်ကြဉ်းနိုင်မလားနဲ့ ဒီနောက်မှာ ဒေသရေးရာ အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နိုင်မလားဆိုတာကတော့ စမ်းသပ်မှု ဖြစ်လာပါလိမ့်မယ်။

စောင့်ကြည့်သုံးသပ်ဖို့သာ ရှိနေပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly