ငါန်းဇွန်တွင် အုပ်ချုပ်ရေးမှူး ၂ ဦး အရက်ဆိုင်အတွင်း၌ ပစ်သတ်ခံရ

By 007 (မဇ္ဈိမ)
24 May 2023
ငါန်းဇွန်တွင် အုပ်ချုပ်ရေးမှူး ၂ ဦး အရက်ဆိုင်အတွင်း၌ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ယနေ့ မေလ ၂၄ ရက် နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေး မှူးနှစ်ဦး အရက်ဆိုင်ထဲ၌ရှိနေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံ များက မဇ္ဈိမသို့ပြောကြားသည်။

ငါန်းဇွန်မြို့နယ် သန့်ဇင်ကုန်းကျေးရွာမှ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး သန်းဇော်လင်းနှင့် ဇလုပ်မကျေးရွာမှ ကျေးရွာခွဲအုပ်ချုပ်ရေးမှူးတို့နှစ်ဦး အရက်ဆိုင်အတွင်းအတူရှိနေချိန် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“အရက်ဆိုင်က ရွာနှစ်ရွာကြားမှာဆိုတော့ နှစ်ရွာစလုံးကအုပ်ကြီးတွေ မနက်လင်းတာနဲ့ အဲဒီရောက်ကုန် ကြတာပဲ၊ အုပ်ကြီးတွေရော၊ အုပ်ကလေးတွေရော အစုံပါပဲ၊ မနက်ကတော့ တဒိုင်းဒိုင်းနဲ့ပစ်သွားတာ။ သန့်စင်ကုန်းကအုပ်ကြီးနဲ့ ဇလုပ်မကကျေးရွာတာ၀န်ခံ (ကျေးရွာခွဲအုပ်ချုပ်ရေးမှူး) ပွဲချင်းပြီးတာပါပဲ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

၎င်းတို့နှစ်ဦးကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းပြီး ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ပစ်ခတ်မှုတွင်ပါ၀င်ခဲ့သော 925 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အုပ်ချုပ်ရေးမှူးနှစ်ဦးအား သေနတ်ဖြင့်ခြောက်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကပေးထားသော ဗုံးသီးများဖြင့် ကျေးရွာလူထုကို နိုင်ထက်စီးနင်းပြုလုပ်နေခြင်းကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း  925 ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက မဇ္ဈိမကို ပြောသည်။

အဆိုပါပစ်ခတ်မှုကို TGYR-Youth Guerrilla Counter Revolution(LPDF) အထူးပြောက်ကျားတပ်ဖွဲ့၊ 925 ပြောက်ကျားတပ်ဖွဲ့နှင့်၊ ဒေါင်းဖိုက်တာတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် မေလ ၅ ရက်နေ့ နံနက်ပိုင်းကလည်း ငါန်းမြာကြီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်သတ်ခံခဲ့ရသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly