မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် အကူအညီရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း လိုအပ်

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် အကူအညီရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း လိုအပ်

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ထိခိုက်ပျက်စီးမှုများကို ကြီးကြီးမားမား ဖြစ်စေခဲ့သည့် ဆိုင်ကလုန်း မိုခါ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ကြရသော ပြည်သူ ၁ ဒသမ ၆ သန်းကို အကူအညီပေးရန် ရန်ပုံငွေများရရှိရေး ကုလသမဂ္ဂက အရေးတကြီး ပန်ကြားချက်တစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။
မိုခါ မုန်တိုင်းကြောင့် နိုင်ငံတွင် စုစုပေါင်း လူ ၁၄၅ ဦး သေဆုံးသည်ဟု စာရင်းသွင်းထားသလို လူနေအိမ်များ ပျက်စီးခြင်း၊ တိရစ္ဆာန်များ သေဆုံးပျောက်ရှခြင်း၊ ရေအရင်းအမြစ်များ ညစ်ညမ်းခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီးနောက် အထူးသဖြင့် ရခိုင်၊ ချင်း၊ ကချင်ပြည်နယ်တို့နှင့် မကွေး၊ စစ်ကိုင်းတိုင်းတို့မှ မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတို့မှာ ထိခိုက်ပျက်စီးမှုများမှ ပြန်လည်နာလန်ထူရေး ကြိုးပမ်းနေရစဉ် ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) က မေလ ၂၃ ရက်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းထံ အရေးပေါ် ရန်ပုံငွေ ပန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မိုခါ မုန်တိုင်းကြောင့် သေဆုံးသူစုစုပေါင်းကို အသေအချာ လေ့လာစိစစ်နိုင်ခြင်း မရှိသေးပေ။

ကူညီကယ်ဆယ်ရေး အားထုတ်မှုများတွင် နေပြည်တော် စစ်ကောင်စီနှင့် အတူ လုပ်ဆောင်လျက်ရှိသည် ဆိုသည့် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး စင်တာ (AHA) ၏ ဒေသဆိုင်ရာ ကြိုးပမ်းမှုများအပြင် အကူအညီလိုအပ်နေသူများထံ အကူအညီများရောက်ရှိကူညီနိုင်ရန် မြန်မာအာဏာသိမ်းစစ်ကောင်စီ ပံ့ပိုးသော လုပ်ဆောင်ချက်များနှင့် ပြည်တွင်း NGOs များ လုပ်ဆောင်နေသော အားထုတ်မှုများနှင့်အပြိုင် ယခု ကုလ၏ အရေးတကြီး ရန်ပုံငွေ ပန်ကြားချက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ကုလ၏ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ ရာမန်နာသန် ဘလာကရစ်ရှ်နန်က ရန်ပုံငွေတောင်းခံမှု ပန်ကြားချက်ကို ကြေညာစဉ် မေလ ၂၃ ရက်က ရန်ကုန်၌ သတင်းမီဒီယာကို ပြောကြားရာတွင် ဆိုင်ကလုန်းမုန်တိုင်းအလွန် အခြေအနေက “ထင်ထားသည်ထက် အတော်ပင် ပိုဆိုးသည်” ဟု ပြောသည်။
ဆိုင်ကလုန်း မိုခါသည် မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်သည့် အဆိုးဆုံးသော မုန်တိုင်းများအနက် တစ်ခုအဖြစ် သတ်မှတ်ခံရပြီး လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၂၅၀ အထိ ရှိခဲ့ပြီး မိုးကြီးခြင်းနှင့် ရေကြီးမှုတို့ကို ဖြစ်စေခဲ့ကာ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ်နှင့် တန်းတူဖြစ်ခဲ့သည်။

 

ပြင်းထန်လှသည့် မုန်တိုင်း

“ဒီ ပြင်းထန်လှတဲ့ မုန်တိုင်းက ကမ်းရိုးတန်းဧရိယာတွေကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး နဂိုကတည်းကမှ ခုခံနိုင်စွမ်း အားနည်းတဲ့ ပြည်သူသိန်းချီကို အမိုးအကာမဲ့ ဖြစ်စေခဲ့သလို မုတ်သုံရာသီကလည်း ကျရောက်လာပါတော့မယ်” ဟု မစ္စတာ ဘလာကရစ်ရှ်နန်က ပြောသည်။ “ကျွန်တော်တို့ဟာ ခုချိန်မှာ မုန်တိုင်းဒဏ်သင့် အစုအဖွဲ့အားလုံးကို လုံခြုံတဲ့ အမိုးအကာ နေစရာတွေ ထောက်ပံ့ပေးနိုင်ဖို့နဲ့ ရေကြောင့် ပေါက်ဖွားတဲ့ ရောဂါတွေ ပျံ့နှံ့ကူးစက်မှုကို တားဆီးဖို့ အချိန်လုပြီး မြန်မြန်ဆန်ဆန် လုပ်နေကြရပါတယ်။ ဒီလို အသက်ကယ်တင်တဲ့ လုပ်ငန်းတွေအတွက် မိမိတို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ရက်ရောတဲ့ ဘဏ္ဍာရေး အထောက်အပံ့ကို လိုအပ်ပါတယ်”
အရေးပေါ် ရန်ပုံငွေ တောင်းခံပန်ကြားမှုသည် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင် တို့ရှိ မုန်တိုင်းဒဏ် အဆိုးဆုံး သက်ရောက်သည့် ဇုန်များရှိ ခုခံနိုင်စွမ်း အားနည်းသော ပြည်သူများကို ကူညီပံ့ပိုးမည့် လုပ်ဆောင်ချက်များအတွက် ရန်ပုံငွေများ အဆောတလျင် ဖြည့်သွင်းမှုတစ်ရပ်ကို တောင်းဆိုသည်။
“ဒါဟာ နိုင်ငံရဲ့ အဆင်းရဲဆုံး ဧရိယာတွေထဲက တစ်ခုမှာ ဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရုတ်တရက်ဖြစ်ပွားတဲ့ ကပ်ဘေးတစ်ခုပါ။ အဲဒီနေရာတွေမှာက ကြီးမားတဲ့ မူလရှိရင်းစွဲ လိုအပ်ချက်တွေလည်း ရှိနေပါတယ်။ မိုးကာလမတိုင်ခင် အားနည်းချက်အရှိဆုံး ပြည်သူတွေဆီ အချိုးကျ ချဲ့ပြီး ဖြန့်ဝေထောက်ပံ့မှုတွေနဲ့ ထောက်ကူပံ့ပိုးဖို့အတွက် ရင်းမြစ်အားလုံးနဲ့ ကြိုးပမ်းအားထုတ်ဖို့ အလှူရှင်တွေကို ကျွန်တော်တို့ လိုအပ်ပါတယ်” ဟု ဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူးက ပြောသည်။

 

အရေးပေါ် ရန်ပုံငွေ အလျင်အမြန် ရရှိရေး ပန်ကြားချက်

အရေးပေါ် ရန်ပုံငွေ အလျင်အမြန် ရရှိရေး မေတ္တာရပ်ခံချက်တွင် ထိခိုက်ခံ ဧရိယာများ၌ ဆိုင်ကလုန်း တုံ့ပြန်မှုကို ထောက်ကူရန် ဗဟိုပြုထားသည့် ၂၀၂၃ မြန်မာ လူသားချင်းစာနာမှု တုံ့ပြန်မှု အစီအစဉ်မှ ဦးစားပေး လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ဒေါ်လာ ၂၁၁ သန်း နှင့် ယခု သဘာဝဘေးဒုက္ခဆိုးဒဏ် လောလောလတ်လတ် ထိခိုက်ခံစားထားရသည့် ပြည်သူများကို ကူညီပံ့ပိုးခြင်း သို့မဟုတ် ထပ်တိုး လုပ်ဆောင်ချက်များအတွက် ဒေါ်လာ ၁၂၂ သန်း တို့ ပါဝင်သည်။ ယခု ပန်ကြားချက်မှုအောက်တွင် ကူညီပံ့ပိုးရန် ခွဲခြားထုတ်ဖော်ထားသည့် လူ ၁ ဒသမ ၆ သန်းထဲတွင် နေအိမ်များ ဆုံးရှုံးလိုက်ရသူများ၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် သန့်ရှင်းသော ရေကို ရရှိနိုင်ခြင်း မရှိသည့် ပြည်သူများ၊ အစားအစာ ဖူလုံမှု မရှိသူများ သို့မဟုတ် အာဟာရချို့တဲ့မှုဒဏ်ခံစားနေရသူများ၊ ကမ့်စခန်းများတွင် နေထိုင်နေရသည့် နေရပ်စွန့်ခွာထားကြရသူများ၊ နိုင်ငံမဲ့ လူပုဂ္ဂိုလ်များ၊ အမျိုးသမီးများ၊ ကလေးများနှင့် မသန်စွမ်းများ ပါဝင်သည်။
“အလွန်အမင်း ပြင်းထန်သော” ဆိုင်ကလုန်း မိုခါ မုန်တိုင်းသည် ပြီးခဲ့သည့် တစ်ပတ်ကျော်အကြာက ရခိုင်ပြည်နယ် ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းသို့ ရွေ့လျားတိုက်ခတ်ခဲ့ရာ ရေကြီးခြင်း၊ မြေပြိုခြင်းများနှင့် လေပြင်းကျခြင်းတို့ကို ဖြစ်စေခဲ့သည်။ ဆိုင်ကလုန်း မိုခါသည် ရခိုင် ကမ်းရိုးတန်းသို့ ချဉ်းကပ်ရောက်ရှိစဉ် လေတိုက်နှုန်းမှာ တစ်နာရီ ၂၅၀ ကီလိုမီတာကျော်အထိ ရှိခဲ့သည်ဟု မှတ်တမ်းတင်ခဲ့ပြီး ယင်းသည် နိုင်ငံကို ဝင်ရောက်ခဲ့သမျှ ဆိုင်ကလုန်းများထဲတွင် အားအပြင်းဆုံး မုန်တိုင်းတစ်ခု ဖြစ်ခဲ့ပြီး အဆင့် - ၅ မုန်တိုင်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

မုန်တိုင်းသည် ရခိုင်ပြည်နယ်ရှိ ရခိုင်ပြည်သူများနှင့် ရိုဟင်ဂျာများ၏ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ ကမ့်စခန်းများ အပါအဝင် ဆင်းရဲနွမ်းပါးမှုဒဏ် ဖိစီးခံနေရပြီးဖြစ်သည့် နိုင်ငံအနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း အပါအဝင် နိုင်ငံ၏ ဧရိယာအများအပြားကို တိုက်ခတ်ခဲ့သည်။ ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းစစ်အုပ်စုအကြား ပဋိပက္ခ တိုက်ပွဲများ ဖြစ်ထားသည့် ဧရိယာများတွင်လည်း မုန်တိုင်းကြောင့် ပြဿနာများကို ပိုဆိုးစေခဲ့သည်။
“ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်ဘဲ ကင်းလွတ်တဲ့ အိမ် မရှိသလောက်နီးပါး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဆိုင်ကလုန်း ဖြတ်ကျော်တဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ နေရပ်စွန့်ခွာသူတွေရဲ့ စခန်းတွေဟာလည်း အပိုင်းပိုင်းအစစ ပြိုပျက်ကျန်ခဲ့ပါတယ်။ တကယ်လို့ မိမိတို့အနေနဲ့ အသက်ကယ် အကူအညီ အထောက်အပံ့ ဖြန့်ဝေဖို့ ရင်းမြစ်တွေကို မစုစည်းနိုင်ဘူး ဆိုရင် ဒီ ထိခိုက်ခံပြည်သူတွေဟာ ရှည်ကြာပြီး စိတ်မချမ်းမြေ့စရာ မုတ်သုံရာသီတစ်ခုကို ရင်ဆိုင်ရပါလိမ့်မယ်” ဟု ဘလာကရစ်ရှ်နန်က ပြောသည်။

 

‘အရေးပေါ် အခြေအနေတစ်ခုအတွင်းရှိ အရေးပေါ်အခြေအနေ”

မုန်တိုင်းက ဆင်းရဲနွမ်းပါးမှုဒဏ် ဖိစီးခံနေရသည့် ဧရိယာများကို တိုက်ခတ်ခဲ့သည့်အတွက် ကုလသမဂ္ဂအနေဖြင့် လက်ရှိတွင် “အရေးပေါ် အခြေအနေတစ်ခုအတွင်းရှိ အရေးပေါ်အခြေအနေတစ်ခု” ကို တုံံ့ပြန်နေရသည်ဟု မစ္စတာ ဘလာကရစ်ရှ်နန်က ပြောသည်။
“ကျွန်တော် ပြီးခဲ့သည့် တစ်ပတ်လောက်က ခင်ဗျားတို့နဲ့ ပြောပြီးတဲ့နောက်မှာ ကျွန်တော်တို့ အဖွဲ့တွေဟာ ထိခိုက်ခံရတဲ့ ဇုန်တွေကို လှည့်လည်သွားရောက်ခဲ့ကြပါတယ်။ အဲဒီမှာ ဒီ ဘေးဒုက္ခဆိုးကြောင့် ဖြစ်ပေါ်တဲ့ ထိခိုက်ပျက်စီးမှုတွေ၊ ဆုံးရှုံးခံစားရမှုတွေနဲ့ပတ်သက်လို့ ပိုပြီး ရှင်းလင်းတဲ့ မြင်ကွင်းတွေ ထွက်ပေါ်လာပါတယ်” ဟု ၎င်းက ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေနှင့် ရသေ့တောင် အကြား ကမ်းရိုးတန်းတစ်လျှောက် အဆိုးဆုံး ထိခိုက်ခံ ဧရိယာများတွင် ထိခိုက်ပျက်စီးမှုမှ လွတ်ခဲ့သည့် အဆောက်အအုံ မရှိသလောက်ဖြစ်ခဲ့သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
“အိမ်တွေ၊ စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ကျန်းမာရေး ဆေးပေးခန်းတွေနဲ့ တံတားတွေဟာ ဒီ ဆိုင်ကလုန်းကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒီ ဆိုင်ကလုန်းဟာ ရခိုင်ကမ်းရိုးတန်းကို ချဉ်းကပ်ချိန်မှာ လေတိုက်နှုန်းက တစ်နာရီ ၂၅၀ ကီလိုမီတာကျော်အထိ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒါဟာ နိုင်ငံကို တိုက်ခတ်ခဲ့သမျှ အပြင်းထန်ဆုံး ဆိုင်ကလုန်းတွေမှာ တစ်ခု ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် နဂိုကတည်းကမှ ခုခံနိုင်စွမ်း အားနည်းတဲ့ ပြည်သူ သိန်းချီကို အမိုးအကာမဲ့ ဖြစ်စေခဲ့သလို မုတ်သုံရာသီကလည်း ကျရောက်လာပါတော့မယ်” ဟု ၎င်းက ပြောသည်။

အချိန်လု ကြိုးပမ်းနေရခြင်း

လူသားချင်းစာနာမှု အသိုင်းအဝိုင်းသည် လက်ရှိအချိန်တွင် မုန်တိုင်းဒဏ်သင့် အစုအဖွဲ့အားလုံးကို လုံခြုံသည့် အမိုးအကာ နေစရာများ ထောက်ပံ့ပေးနိုင်ရန်နှင့် ရေမှတစ်ဆင့် ပေါက်ဖွားသည့် ရောဂါများ ပျံ့နှံ့ကူးစက်မှုကို တားဆီးရန် အချိန်လုပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်နေကြရသည်ဟု မစ္စတာ ဘလာကရစ်ရှ်နန်က ပြောသည်။
“စစ်တွေ ကမ့်စခန်းတွေက ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDP) တစ်ယောက်ဆိုရင် မုန်တိုင်း အပြင်းထန်ဆုံး တိုက်နေတုန်းမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းမှု ဆိုဒ်တစ်ခုမှာ သူ့မိသားစု ခိုလှုံနေခဲ့ချိန်မှာ သူရဲ့ အဆောက်အအုံ ပျက်စီးသွားခဲ့တယ်လို့ သူ့မိတ်ဆွေတွေကို ပြောပါတယ်။ မုန်တိုင်းကြောင့် လှိုင်းကြီးတွေ တက်လာချိန်မှာ ကမ့်စခန်းဟာ ရေထဲမြုပ်သွားချိန်မှာ အဲဒီမှာ နေခဲ့တဲ့သူတွေဟာ ကြောက်မက်ဖွယ် အတွေ့အကြုံကို ရင်ဆိုင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။ IDP တွေအနေနဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ သန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေ အပြင် သူတို့ရဲ့ နေစရာအိမ်တွေကို ပြန်တည်ဆောက်ဖို့ အထောက်အပံ့ အကူအညီတွေ လိုအပ်နေတယ်လို့ သူက ကျွန်တော်တို့ကို ပြောပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
“ဒီ ဆိုင်ကလုန်းမုန်တိုင်းဟာ မူလကတည်းက မြင့်မားတဲ့ အရင် ရှိရင်းစွဲ လိုအပ်ချက်တွေ ရှိနေတဲ့ နေရာတွေဖြစ်တဲ့ နိုင်ငံရဲ့ အဆင်းရဲဆုံး ဧရိယာတွေထဲက တစ်ခုကို တိုက်ခဲ့တဲ့အတွက် အဲဒီက အစုအဖွဲ့တွေဟာ အလွန်တရာကို ခုခံနိုင်စွမ်း အားနည်းသလို ဖြစ်စေခဲ့ပါတယ်။ စိုက်ပျိုးရေးနဲ့ ငါးဖမ်းမှု အပါအဝင် အသက်မွေးဝမ်းကျောင်းတွေအပေါ် ထိခိုက်ပျက်ပြားစေမှုတွေကလည်း လူအများအပြားရဲ့ ဆင်းရဲဒုက္ခတွေကို ပိုဆိုးစေပါလိမ့်မယ်။ အနောက်မြောက်နဲ့ အရှေ့မြောက် အပါအဝင် နိုင်ငံရဲ့ ပဋိပက္ခဒဏ်သင့် ဧရိယာတွေမှာလည်း ရေလွှမ်းမိုးမှုကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ရပြီး အရေးတကြီး ထောက်ပံ့ကူညီမှုတွေ လိုနေပါတယ်” ဟု ကုလ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူးက ပြောသည်။

 

လူသားချင်းစာနာမှုဆိုင်ရာ လက်လှမ်းရောက်ရှိမှု

ထိခိုက်ခံ ပြည်သူများဆီ သွားရောက်ခွင့်ရထားသည့် လူသားချင်းစာနာမှုအကူအညီပေးရေး မိတ်ဖက်ပါတနာများသည် အရေးပေါ်၊ အသက်ကယ် အကူအညီများ ထောက်ပံ့ရန် အသင့်ပြင်ထားကြသည်ဟု မစ္စတာ ဘလာကရစ်ရှ်နန်က မီဒီယာကို ပြောသည်။
“လူသားချင်းစာနာမှုဆိုင်ရာ အမှုထမ်း ရာချီဟာ ရခိုင်ပြည်နယ်က မြေပြင်မှာ ရှိနေကြတယ်။ သူတို့ သွားရောက်လို့ရနိုင်တဲ့ နေရာတိုင်းမှာ စားနပ်ရိက္ခာ အကူအညီ၊ အမိုးအကာ အထောက်အပံ့၊ ရေနဲ့ ရောဂါကာကွယ်ရေး တစ်ကိုယ်ရည်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှု ပစ္စည်းတွေကို ဖြန့်ဝေပေးထားပြီးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရွေ့လျား ကျန်းမာရေး အသင်းအဖွဲ့တွေဟာလည်း မြေပြင်မှာ ပြည်သူတွေကို ထောက်ကူပံ့ပိုးပေးလျက် ရှိပါတယ်။ လူထောင်ချီဟာ အထောက်အပံ့တွေကို လက်ခံရရှိထားပြီးဖြစ်ပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ်က ထိခိုက်ခံ အစုအဖွဲ့အားလုံးအတွက် ထောက်ကူပံ့ပိုးဖို့ အသင့်ဖြစ်နေတဲ့ အထောက်အပံ့တွေအတွက် နှစ်ပတ်ကြာ ဖြန့်ဝေမှု အစီအစဉ်တစ်ခုအတွက် မကြာမီ မီးစိမ်းရရှိဖို့ မိမိတို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

မြင့်မားသော ထိခိုက်မှု ဇုန်၌ အရေးတကြီး ဖြန့်ဝေပေးမှုများ လုပ်ဆောင်ရန်အတွက် နိုင်ငံတွင်းသို့ ထပ်တိုး အထောက်အပံ့များ ရောက်ရှိလာစေရန် မိမိတို့ လုပ်ဆောင်လျက် ရှိသည်ဟု မစ္စတာ ဘလာကရစ်ရှ်နန်က ပြောသည်။
ယခု ပန်ကြားချက်မှုအောက်တွင် ကူညီပံ့ပိုးရန် ခွဲခြားထုတ်ဖော်ထားသည့် လူ ၁ ဒသမ ၆ သန်းထဲတွင် နေအိမ်များ ဆုံးရှုံးလိုက်ရသူများ၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် သန့်ရှင်းသော ရေကို ရယူနိုင်ခြင်း မရှိသည့် ပြည်သူများ၊ အစားအစာ ဖူလုံမှု မရှိသူများ သို့မဟုတ် အာဟာရချို့တဲ့မှုဒဏ်ခံစားနေရသူများ၊ ကမ့်စခန်းများတွင် နေထိုင်နေရသည့် နေရပ်စွန့်ခွာထားကြရသူများ၊ နိုင်ငံမဲ့ လူပုဂ္ဂိုလ်များ၊ အမျိုးသမီးများ၊ ကလေးများနှင့် သဘာဝဘေးဒုက္ခဆိုးများ ကျရောက်စဉ် အထူးတလည် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည့် အဖွဲ့တစ်ခုဖြစ်သည့် မသန်စွမ်းများ ပါဝင်သည်။

“ထပ်တိုး အကူအညီတွေ ဖြန့်ဝေမှုအတွက် မိမိတို့ အရင်းအမြစ်တွေကို မစည်းရုံး မစုစည်းနိုင်ဘူးဆိုရင် ထိခိုက်ခံပြည်သူတွေဟာ ရှည်ကြာပြီး စိတ်မသက်မသာဖြစ်စရာ မုတ်သုံရာသီတစ်ခုကို ရင်ဆိုင်ရပါလိမ့်မယ်။ အရေးပေါ် ကူညီကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးက ဗဟို အရေးပေါ် တုံ့ပြန်မှု ရန်ပုံငွေ (CERF) ဆီက ခွဲဝေချပေးတဲ့ ပမာဏ ဒေါ်လာ ၁၀ သန်းနဲ့အတူ ဆိုင်ကလုန်း တုံ့ပြန်မှုကို စတင်ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် အများကြီး ထပ်လိုပါသေးတယ်။ ဒါကြောင့် အကျပ်အတည်းတစ်ခုပေါ် တစ်ခုထပ်ဆင့်သလိုဖြစ်နေတဲ့ ဒီမွှေနှောက်ဖျက်ဆီးတဲ့ အကျပ်အတည်းအပေါ် မိမိတို့ရဲ့ တုံ့ပြန်မှုကို ထောက်ကူဖို့အတွက် ရင်းမြစ်အားလုံးနဲ့ ကြိုးပမ်းအားထုတ်ကူညီပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို မိမိ တိုက်တွန်းပါတယ်” ဟု ကုလ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူးက ပြောသည်။

 

အခြားသော အားထုတ်မှုများ

ဆိုင်ကလုန်း မတိုင်မီ နေပြည်တော်၌ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီကို အသက်သွင်းခဲ့သလို ဒေသအာဏာပိုင်တို့ကလည်း ဘေးအန္တရာယ် အမြင့်ဆုံး ဧရိယာများတွင် ဘေးလွတ်ရာ ပြောင်းရွှေ့ပေးမှုများကို လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီ (SAC) ထိန်းချုပ်မှုအောက်ရှိ ဧရိယာများတွင် ဒေသအာဏာပိုင်များသည် အပျက်အစီး ရှင်းလင်းမှုများကို စတင်ရန်၊ ဆက်သွယ်ရေးလိုင်းများ မူလအတိုင်း ပြန်ကောင်းစေရန်နှင့် ဖြန့်ဝေမှုများ စတင်ရန် အမှုထမ်းများကို ဖြန့်ကျက်တာဝန်ပေးခဲ့ကြောင်း OCHA က ဖော်ပြသည်။
လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံ စင်တာ (AHA) သည် ဆိုင်ကလုန်း မတိုက်မီက နေပြည်တော်ရှိ အရေးပေါ် လုပ်ငန်းလုပ်ဆောင်မှု စင်တာကို ထောက်ကူရန် ဝန်ထမ်းများကို ဖြန့်ကျက်စေလွှတ်ခဲ့သည်။ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန (DDM) ၏ တုံ့ပြန်မှုကို ထောက်ကူရန် အဖွဲ့ဝင် ၁၄ ဦးပါသည့် အာဆီယံ အရေးပေါ် တုံ့ပြန်မှုနှင့် အကဲဖြတ်မှု အဖွဲ့ (ERAT) ကို ရခိုင်ပြည်နယ်သို့ စေလွှတ်ခဲ့သည်။ AHA ၏ အမိုးအကာ အထောက်အပံ့များပါသည့် ပထမဆုံးသော လေယာဉ်သုံးစင်းစာ အထောက်အပံ့များသည် မေလ ၂၁ ရက်က မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး ထိခိုက်ခံ ဧရိယာများ၌ ဖြန့်ဝေမှုများ လုပ်ဆောင်ရန် DDM သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ တုံ့ပြန်ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး OCHA သည် AHA နှင့် နီးနီးကပ်ကပ် ဆက်လက် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်လျက် ရှိသည်။

SAC ထိန်းချုပ်မှု ပြင်ပရှိ ဧရိယာများတွင် တိုင်းရင်းသား၊ တော်လှန်ရေး အဖွဲ့ အသီးသီးသည် ထိခိုက်ခံ အစုအဖွဲ့များအတွင်းရှိ ထိခိုက်သက်ရောက်မှုကို အကဲဖြတ်ထားခဲ့ပြီး ၎င်းတို့၏ ရင်းမြစ်များနှင့် ဝင်ရောက်နိုင်မှု အတိုင်းအတာအထိ အကူအညီများ ဖြန့်ဝေပေးထားလျက် ရှိသည်။ ပြင်ပမှ အကူအညီ အထောက်အပံ့များ ရရှိရေး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် NGO အဖွဲ့အသီးသီးကလည်း ပန်ကြားချက်များ ပြုလုပ်ထားသည်။

အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေး ကွန်ရက်များသည်လည်း ထိခိုက်ခံ အစုအဖွဲ့များကို ထောက်ကူရန် လုပ်ဆောင်လျက် ရှိသည်။ အစုအဖွဲ့များ ကိုယ်တိုင်ကလည်း ပိတ်ဆို့နေသော လမ်းများမှ အပျက်အစီးများကို ရှင်းလင်းခြင်း၊ နေအိမ် ဆုံးရှုံးလိုက်ရသူများကို အမိုးအကာများ ထောက်ပံ့ခြင်း အားဖြင့် ကိုယ်တိုင် ပါဝင်လုပ်ဆောင်ထားခဲ့ကြသည်။

ထိခိုက်ခံ အစုအဖွဲ့များရှိ လူအများအပြားအတွက် ရှင်းလင်းရေးလုပ်ငန်းသည် နယ်ပယ်ဒေသဆိုင်ရာ ကိစ္စရပ်တစ်ခုဖြစ်ပြီး အစုအဖွဲ့ဝင်များသည် မုန်တိုင်းအပြီး ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်၊ ပျက်စီးသွားသော အိမ်များကို ပြန်လည်ပြုပြင်တည်ဆောက်ရန်၊ အနည်းဆုံးတော့ လေ၊ မိုး ဒဏ် ကာကွယ်ရန် ယာယီ လက်လုပ် နေထိုင်စရာနေရာများ တည်ဆောက်ရန်အတွက် စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြသည်။

လူသိန်းချီသည် သန့်ရှင်းသော ရေကို အနည်းအကျဉ်းမျှသာ ရရှိနေသည့် ထိခိုက်ခံ နေစရာနေရာများတွင် နေထိုင်နေရခြင်း သို့မဟုတ် အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းတို့ ရှိနေပြီး မုတ်သုံရာသီ မကြာခင် ကျရောက်ရန် ရှိနေစဉ် သတ်မှတ်ထားသော တုံ့ပြန်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ရန် လူအစုအဖွဲ့များနှင့် လူသားချင်းစာနာမှု တုံ့ပြန်ဆောင်ရွက်သူများသည် လက်ရှိအချိန်တွင် အချိန်လုပြီး ကြိုးပမ်းအားထုတ်လျက် ရှိသည်။

UN $333-million appeal for Cyclone Mocha-devastated communities primarily in Rakhine
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required