အာဏာသိမ်းကာလ တိုက်ပွဲများ၏ ၄၅ ရာခိုင်နှုန်းသည် ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ဟု ISP ထုတ်ပြန်

By YT  ( မဇ္ဈိမ)
24 May 2023
အာဏာသိမ်းကာလ တိုက်ပွဲများ၏ ၄၅ ရာခိုင်နှုန်းသည် ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ဟု ISP ထုတ်ပြန်

စစ်ကောင်စီအာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် တိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်ကျော်ဖြစ်ပွားခဲ့ရာ ထိုအကြိမ်ရေအားလုံး​၏ ၄၅% သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ( ISP Myanmar )  ​က မေလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ISP Myanmar က မှတ်တမ်းရယူနိုင်ခဲ့သော တိုက်ပွဲအကြိမ်ရေပေါင်း ၉,၃၄၇ ကြိမ်အနက် အကြိမ်ရေ ၄၂၀၀ ကျော် ( တိုက်ပွဲအားလုံး၏ ၄၅ ရာခိုင်နှုန်း ) သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ဖာပွန်မြို့နယ်သည် နယ်မြေအရ ကရင်အမျိုးသားအစည်းအရုံး (KNU)​၊ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်)အတွင်းပါဝင်ပြီး ဖာပွန်ဒေသသည် KNU ​တပ်မဟာ ခုနစ်ခုအနက် စစ်ကောင်စီအာဏာမသိမ်းမီ ကာလကပင် တိုက်ပွဲဖြစ်ပွားမှုနှုန်း မြင့်တက်သော နယ်မြေတစ်ခုဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးထံက သိရသည်။ 

" ဖာပွန်ဒေသက စစ်ကောင်စီအာဏာသိမ်းကာလမှာတင် မကဘူး။ ယခင် အစိုးရအဆက်ဆက် ဖာပွန်ဒေသကို အများဆုံး စစ်ဆင်တာကို ကျွန်တော်တို့ တွေ့ရတယ်။ ဘာကြောင့်လည်းဆို ဖာပွန်ဒေသရဲ့ ခေါင်းဆောင်ပိုင်းတွေရော အဲ့ဒီဒေသမှာရှိတဲ့လူထုတွေရောက စစ်ကောင်စီနဲ့ အရင်အစိုးရအဆက်ဆက်ကို အယုံအကြည်မရှိဘူးဆိုတာ အခုချိန်ထိဆိုတာ သက်သေပဲဖြစ်တယ်။ အဲ့ဒါကြောင့် စစ်ကောင်စီနဲ့ အစိုးရအဆက်ဆက်က အခြားသော ခရိုင်တွေထက် တပ်မဟာ (၅)ကို ပိုပြီး ထိုးစစ်ဆင်တာကို တွေ့ရတယ်။ တိုက်ပွဲတွေ ပိုဖြစ်တယ်ဆိုတာလည်း ဒါကြောင့်ပဲဖြစ်ပါတယ်" ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက မဇ္ဈိမကိုပြောသည်။

ဖာပွန်ဒေသသည်  ဒီသဟာဒိုဒေသ (သီးသန့်)ဖြစ်သဖြင့် ၎င်းတို့နယ်မြေအတွင်း ကျူးကျော်လာသော စစ်ကောင်စီ တပ်စခန်းအားလုံးအား ပြန်ရုပ်သိမ်းရန် ထုတ်ပြန်ထားကြောင်း၊ စစ်ကောင်စီဘက်ကလည်း ၎င်းတို့​၏ တပ်စခန်းများအား ပြန်မရုပ်သိမ်းဘဲ နယ်မြေလွမ်းမိုးစိုးမိုးနိုင်ရေးအတွက် တပ်လှုပ်ရှားမှု ပိုတိုးလာသဖြင့် တိုက်ပွဲပိုပြင်းထန်လာခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားမှုနှုန်း များခြင်းသည် ဒေသခံပြည်သူလူထု​၏ စားဝတ်နေရေးမှစ၍ ဘဝရပ်တည်ရေးအတွက် အခက်အခဲ၊ အကျပ်အတည်းအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရကြောင်း၊ မူတြော်ခရိုင်သည် KNU နယ်မြေများအနက် စစ်ဘေးရှောင်အများဆုံးရှိနေသည့် ခရိုင်တစ်ခုဖြစ်ကြောင်း သိရသည်။

"ဒီလိုတိုက်ပွဲအဖြစ်များခြင်းအားဖြင့် ဒေသခံလူထုတွေ အခက်အခဲအကြပ်အတည်း အမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အသွားအလာ လုပ်ကိုင်စားသောက်ရတာ အကုန်လုံးခက်ခဲနေကြတယ်။ ဘယ်နေရာမှာမှ လူထုအတွက် လုံခြုံရေးအာမခံချက်မရှိဘူး" ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။ 

စစ်ကောင်စီတပ်သည် မြေပြင်စစ်ကြောင်းထိုးခြင်းသာမက လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်နေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍၂၀၂၃ ခုနှစ် ဧပြီလအတွင်း တပ်မဟာ (၅) ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်​​၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၁ ကြိမ်ရှိကာ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly