ရခိုင်က မုန်တိုင်းသင့်သူများကို ကူညီနေသည့် ပရဟိတသမား ဦးဝေဟင်အောင်ကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်က မုန်တိုင်းသင့်သူများကို ကူညီနေသည့် ပရဟိတသမား ဦးဝေဟင်အောင်ကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်နယ်အတွင်းက “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းသင့် ဒေသခံပြည်သူများကို ကူညီထောက်ပံ့ပေးရေး လုပ်ဆောင်နေသည့် ရခိုင်ဒေသခံ ပရဟိတသမား၊ စာရေးဆရာ ဝေဟင်အောင်ကို စစ်ကောင်စီက ယနေ့ မေလ ၂၃ ရက်နေ့တွင် ဖမ်းဆီးထိန်းလိုက်ကြောင်း ၎င်းနှင့် နီးစပ်သူ အချို့က မဇ္ဈိမကို ပြောသည်။

မုန်တိုင်းသင့် ကျေးရွာများသို့ အကူအညီပေးရန် သွားသည့် ပရဟိတသမား စာရေးဆရာ ဝေဟင်အောင် အပါအဝင် ၅ ဦးသည် စစ်တွေမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံလိုက်ကြရခြင်းဖြစ််ကြောင်း သိရသည်။

“သူတို့ (စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့) အဖမ်းခံရတဲ့ သတင်းက Confirmed ဖြစ်ပါတယ်။ တခြားတော့ ဘာမှမသိရသေးဘူး” ဟု ၎င်းနှင့် နီးစပ်သူ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ လွှတ်တော် အမတ်ဟောင်းတစ်ဦးကလည်း စာရေးဆရာ ဝေဟင်အောင်နှင့်အဖွဲ့ ဖမ်းဆီးခံရသည့် သတင်းကို ကြားသိရသော်လည်း အသေးစိတ် အခြေအနေကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ငါးဦးအနက် ပရဟိတသမား ဦးဝေဟင်အောင်အပြင် မည်သူတို့ ပါဝင်ကြောင်းနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယခုလို ဖမ်းဆီးထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရသေးပေ။

စာရေးဆရာ ဝေဟင်အောင်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် “ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း” ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များသည် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅ (ခ)တို့ဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။

ယင်းနောက် ၎င်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

#ဝေဟင်အောင်အဖမ်းခံရ

#ပရဟိတသမား

#မိုခါ

#Mizzima

ဓာတ်ပုံ- စာရေးဆရာ ဝေဟင်အောင်ကို ၂၀၁၈ ခုနှစ်က စစ်တွေမြို့နယ်တရားရုံး၌ ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly