ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို WFP က ထပ်မံ လျှော့ချမည်

ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို WFP က ထပ်မံ လျှော့ချမည်

ငွေကြေးထောက်ပံ့မှု မရရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်သော ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့်အတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကို သုံးလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံ လျှော့ချဖြတ်တောက်ရလိမ့်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီက မေ ၂၂ ရက်တွင် ပြောသည်။

ရိုဟင်ဂျာများအတွက် တစ်လလျှင် လူတစ်ဦးကို ၁၀ ဒေါ်လာနှင့် ညီမျှသည့် စားနပ်ရိက္ခာများ ခွဲဝေထောက်ပံ့ပေးနေရာမှ ယခုအခါ ဇွန်လ ၁ ရက်မှစပြီး လူတစ်ဦးကို ရှစ်ဒေါ်လာနှင့် ညီမျှသည့် ပမာဏဖြင့်သာ လျှော့ချထောက်ပံ့ရတော့မည် ဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ပြောရေးဆိုခွင့်ရှိသူ ကွန်လီက အေအက်ဖ်ပီကို အီးမေးလ်မှတစ်ဆင့် ပြောသည်။

၁၂ ဒေါ်လာနှင့်ညီမျှသည့် အပြည့်အဝ ရိက္ခာထောက်ပံ့မှုပမာဏကို ပြီးခဲ့သည့် မတ်လကတည်းက လျှော့ချဖြတ်တောက်ထားခဲ့ပြီးဖြစ်သည်။

“ရိက္ခာ ဖြတ်တောက်ရတဲ့ အဓိကအကြောင်းရင်းကတော့ ငွေကြေးထောက်ပံ့မှု မရှိတာကြောင့် ဖြစ်တယ်။ မိမိတို့ဟာ အပြည့်အဝ ရိက္ခာ (၁၂ ဒေါ်လာ) ခွဲတမ်းအနေနဲ့ အရင်ကအတိုင်း ပြန်ပေးနိုင်ဖို့အတွက်ဆိုရင် ရန်ပုံငွေ ဒေါ်လာ ၅၆ သန်း အရေးတကြီး လိုနေပါတယ်” ဟု ကွန်လီက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဘက်မှ လက်တလော တုံ့ပြန်မှု မရှိသေးပေ။

မတ်လက ရိက္ခာခွဲတမ်း ဖြတ်တောက်ခြင်းကြောင့် လူပြည့်သိပ်နေသော ဒုက္ခသည်စခန်းများတွင် အခက်အခဲ ဆင်းရဲဒုက္ခများကို ဖြစ်စေခဲ့ပြီး ထိုစခန်းများတွင် အာဟာရ ချို့တဲ့မှုကလည်း ပျံ့နှံ့ရှိနေခဲ့ပြီး ဖြစ်ကြောင်း အကူအညီပေးရေး အဖွဲ့များက ပြောသည်။

ယခုတစ်ဖန် စားနပ်ရိက္ခာ ထောက်ပံ့မှု ထပ်မံ လျှော့ချဖြတ်တောက်မည့် ဆုံးဖြတ်ချက်က ဒုက္ခသည်များကို အံ့အားသင့်စေခဲ့ပြီး ယင်းက ဆာလောင်ငတ်မွတ်မှုတို့ ဖြစ်စေရန် ဦးတည်စေလိမ့်မည် ဖြစ်သည်ဟု စခန်းများအတွင်းရှိ ရိုဟင်ဂျာ လူငယ်အသင်းအဖွဲ့၏ ဦးဆောင်သူ ကိုခင်မောင်က ပြောသည်။

“ဒါကတော့ ကုလသမဂ္ဂရဲ့ ရှက်ဖွယ်လုပ်ရပ်တစ်ခုပါပဲ” ဟု သူက ပြောသည်။

“ဒါက နိုင်ငံရေးနဲ့ ဆိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဒါဟာ ရိုဟင်ဂျာတွေကို မြန်မာဘက် ပြန်ပို့ဖို့ ရည်ရွယ်တဲ့ ပရိယာယ်တစ်ခုလို့ တချို့ကလည်း ပြောကြတယ်”

ယခုလုပ်ဆောင်ချက်က ဒုက္ခသည်စခန်းများ၌ လုံခြုံရေးကို ပိုမိုဆိုးဝါးစေနိုင်ကြောင်း အကူအညီပေးရေး အဖွဲ့များက ပြောသည်။ ထိုစခန်းများတွင် ယမန်နှစ်က ရိုဟင်ဂျာ ရာဇဝတ်ဂိုဏ်းအဖွဲ့များအကြား လူသေဆုံးစေသော မူးယစ်ဆေးနှင့် ဆက်စပ် တိုက်ခိုက်မှုများကို မြင်တွေ့ထားခဲ့ရသည်။

ရိုဟင်ဂျာများကို ကော့ဇ် ဘဇားဒေသဝန်းကျင်ရှိ စခန်းများ၏ အပြင်ဘက်တွင် အလုပ်လုပ်ခြင်းအပေါ် တားဆီးသည့် ပိတ်ပင်ချက်တစ်ရပ်ကို ရုပ်သိမ်းရန် ကုလသမဂ္ဂနှင့် နိုင်ငံခြားသံတမန်များက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို တိုက်တွန်းထားသည်။

သို့သော် ယင်းသည် ပြည်တွင်း လူထုအကြား မကျေမချမ်းဖြစ်မှုကို ဖြစ်စေနိုင်ပြီး ရိုဟင်ဂျာများ မြန်မာဘက်သို့ မပြန်စေရန် တွန်းအားပေးသလိုဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။

အထမမြောက်သည့် နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုတချို့ နောက်ပိုင်း မြန်မာသည် ရိုဟင်ဂျာ ၁,၁၀၀ ခန့်ကို နယ်စပ်မြို့တစ်ခုတွင် ပြန်လည်နေရာချထားပေးမည့် ရှေ့ပြေးစီမံကိန်းတစ်ခုကို စတင်ခဲ့သည်။

ဒုက္ခသည်များ ပြန်လာစေရေး သိမ်းသွင်းစည်းရုံးရန် အားထုတ်သည့်အနေဖြင့် မြန်မာစစ်အုပ်စု အာဏာပိုင်တို့ စေလွှတ်သည့် အဖွဲ့တစ်ဖွဲ့သည် ယခုသီတင်းပတ်အတွင်း ဒုက္ခသည်စခန်းများသို့ လာရောက်ဖွယ် ရှိသည်။

သို့သော် ယခုလထဲတွင် ပြန်လည်နေရာချထားရေး ကျေးရွာများသို့ သွားရောက်ကြည့်ရှုခဲ့သည့် ရိုဟင်ဂျာများက ၎င်းတို့တွင် ကြီးလေးသော ဒွိဟများ ရှိနေသည်ဟု အေအက်ဖ်ပီကို ပြောသည်။ “ကျွန်တော်တို့ မြန်မာအစိုးရကို လုံးဝ အယုံအကြည် မရှိဘူး” ဟု တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly