တရုတ်လူငယ် ၅ ဦးတွင် ၁ ဦးနှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေ 

By The Straits Times 
23 May 2023
တရုတ်လူငယ် ၅ ဦးတွင် ၁ ဦးနှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေ 

တရုတ်နိုင်ငံတွင် ဧပြီလက အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြား အလုပ်ရှာနေသူများ၏ ၂၀ ဒသမ ၄ ရာခိုင်နှုန်းသည် အလုပ်အကိုင်မရရှိခဲ့ကြကြောင်း အစိုးရက ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်သည်။  

တရုတ်သည် ၂၀၁၈ ခုနှစ်က ထိုသို့သောစာရင်းဇယားကို စတင်ထုတ်ပြန်ပြီးနောက်ပိုင်း ယခုအရေအတွက်သည် အများဆုံးဖြစ်သည်။ 

လူငယ်အလုပ်လက်မဲ့ မြင့်မားမှုသည် တရုတ်နိုင်ငံ၏ စီးပွားရေးတွင် နှစ်အတော်ကြာ ကြုံတွေ့နေရသော ပြဿနာတစ်ခုဖြစ်ခဲ့ပြီး ခရီးသွားလာမှုကို အကန့်အသတ်ဖြစ်စေသော၊ လုပ်ငန်းငယ်များကို ပျက်စီးစေသော၊ စားသုံးသူများ၏ ယုံကြည်မှုကို ထိခိုက်စေသော တင်းကျပ်သည့် ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေး ကန့်သတ်ချက်များကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ 

တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် လူငယ်ပညာတတ်များက ကိုဗစ်စည်းမျဉ်းများကို ဆန့်ကျင်ကန့်ကွက်ကြသဖြင့် ပြည်သူ၏အာခံမှုကို မကြုံစဖူး ရင်ဆိုင်လိုက်ရသော အစိုးရသည် ကိုဗစ်မူဝါဒများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလတွင် ရုတ်တရက် ကြေညာခဲ့ရသည်။ 

ယေဘုယျအလုပ်လက်မဲ့နှုန်းမှာ နှစ်လဆက်တိုက် ကျဆင်းသွားသော်လည်း လူငယ်အလုပ်လက်မဲ့နှုန်းမှာ မြင့်မားနေဆဲဖြစ်သည်။ 

တရုတ်အစိုးရသည် ကောလိပ်ဘွဲ့ရများကို အလုပ်ခန့်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့ကြေးများ အပါအဝင် လူငယ်များ၏ အလုပ်အကိုင်ရရှိရေးကို မြှင့်တင်ပေးမည့် မူဝါဒများ ချမှတ်ခဲ့သည်။ လုပ်ငန်းခွင်စတင်ဝင်မည့်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ညွှန်ကြားခဲ့သည်။  

ပြဿနာတစ်ရပ်မှာ ကောလိပ်ဘွဲ့ရများ လိုချင်သော အလုပ်အကိုင်များနှင့် ရရှိနိုင်သော အလုပ်များအကြား မကိုက်ညီမှုများရှိနေခြင်းဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။ 

တရုတ်အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် Zhilian ၏ ကိန်းဂဏန်းများအရ မတ်လတွင် ခရီးသွားလုပ်ငန်းနှင့် ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် အလုပ်အကိုင်ခေါ်ယူမှုများ များပြားလာခဲ့ပြီး လစ်လပ်နေရာများစွာရှိသည့် အခြားကဏ္ဍမှာ လက်လီရောင်းချသည့်လုပ်ငန်းများဖြစ်သည်။ 

ရှန်ဟိုင်းဘဏ္ဍာရေးနှင့်ဥပဒေအဖွဲ့မှ သုတေသီ ဒေါက်တာ နိုက်ရီမင်က  "အဆင့်မြင့်ပညာဘွဲ့ရလူငယ်တွေဟာ နည်းပညာ၊ ပညာရေးနဲ့ ဆေးပညာကဏ္ဍတို့မှာ အလုပ်အကိုင်တွေ ရှာဖွေနေကြပါတယ်။ ဒါပေမယ့် အဲဒီနယ်ပယ်တွေဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက တရုတ်နိုင်ငံမှာ တိုးတက်မှု နှေးကွေးလာတဲ့  လုပ်ငန်းတွေပါ။ လုပ်ငန်းနယ်ပယ်တော်တော်များများဟာ တိုးတက်မလာဘဲ ဆိုးရွားတဲ့ ထိုးနှက်ရိုက်ခတ်မှုတွေကို ခံစားခဲ့ကြရပါတယ်” ဟု ပြောသည်။  

တရုတ်အာဏာပိုင်များသည်  တစ်ချိန်က အောင်မြင်ခဲ့သော ပညာရေးနှင့် နည်းပညာနယ်ပယ်များကို လွန်ခဲ့သည့် နှစ်များစွာအတွင်း ဖိနှိပ် နှိမ်နင်းခဲ့ကာ ရာထောင်ချီသောလူများ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ တင်းကျပ်သော ကြီးကြပ်ကွပ်ကဲမှုများကြောင့် ပုဂ္ဂလိကကဏ္ဍတွင် အစိုးရ၏ စွက်ဖက်မှုအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လာကြပြီး ကုမ္ပဏီများသည် အလုပ်အကိုင်ခန့်အပ်မှုကို လျှော့ချခဲ့ကြသည်။ 

ပညာတတ်လူငယ်များ လုပ်ကိုင်လိုသည့် လုပ်ငန်းများ နည်းပါးသွားခဲ့သော်လည်း ကောလိပ်ဘွဲ့ရဦးရေမှာ တိုးနေဆဲဖြစ်သည်။ တရုတ်ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇွန်လတွင် ဘွဲ့ယူမည့် ကောလိပ်ကျောင်းသား ၁၁ ဒသမ ၆ သန်း ခန့်ရှိမည်ဟု မှန်းထားပြီး ၂၀၂၂ ခုနှစ်ထက်စာလျှင် ၈၂၀ ၀၀၀ တိုးလာခဲ့သည်။ 

သို့သော် ကောလိပ်ကျောင်းဆင်းများသည် အလုပ်သင်အဖြစ်လုပ်ကိုင်ရန် သို့မဟုတ် လုပ်ငန်းရှင်များ အလိုရှိသည့် လူမှုအတွေ့အကြုံများ ရရှိရန် အခွင့်အလမ်း နည်းပါးနေသည်။ 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly