ယင်းမာပင်မြို့တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့မှတပ်သားလက်နက်အပြည့်အစုံနှင့် CDM ပြုလုပ်

By လွှမ်းမိုး (မဇ္ဈိမ)
23 May 2023
ယင်းမာပင်မြို့တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့မှတပ်သားလက်နက်အပြည့်အစုံနှင့် CDM ပြုလုပ်

 စစ်ကိုင်တိုင်း၊ယင်းမာပင်မြို့ပေါ်ရှိ ဝါဒိုင်တွင်တပ်စွဲနေသည့်စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား ရဲရင့်ကျော် ကိုယ်ပိုင် နံပါတ် (တ-၅၅၂၅၅၅)သည် မေလ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် ယင်းမာပင်ခရိုင် အမှတ်(၂၉)နှင့် ချိတ်ဆက်၍ CDMပြုလုပ်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့တွင် လုပ်သက်ခြောက်နှစ်ရှိသည့် တပ်သားရဲရင့်ကျော်သည်အနောက်မြောက်တိုင်း စစ်ဌာနချုပ် အမှတ်(၁၂) အဆင့်မြင့်ဆက်သွယ်မှု တပ်ရင်းမှဖြစ်ပြီး ယင်းမာပင်မြို့နယ် ဝါဒိုင်ရုံးမှ အလစ် အငိုက်ထွက်ပြေး၍ CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျနော် ယင်းမာပင်ဘက်ကို စပြီးရောက်ကတည်းက တပ်ကထွက်ခွာဖို့ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ အိမ်ကမိသားစုတွေကအစကျနော့်ကိုထွက်ဖို့အားပေးကြတာရှိပါတယ်။ လက်နက်အပြည့်ပါယူပြီး
ထွက် ချင်တဲ့အတွက် တပ်ရဲ့အလစ်ကို စောင့်ရင်း အချိန်ကြာသွားတယ်” ဟု ၎င်းက ပြောသည်။

တပ်သား ရဲရင့်ကျော်သည် MA-11 သေနတ်တစ်လက် ၊ ကျည်ဘောက် သုံးခု ၊ ကျည် ၂၂၈ တောင့်နှင့်အတူယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်းထံသို့ CDM ပြုလုပ်လာခြင်း ဖြစ်သည်။

CDM ပြုလုပ်လာသည့် တပ်သားရဲရင့်ကျော်ကို ယင်းမာပင်ခရိုင်အမှတ်(၂၉)တပ်ရင်းက ငွေကျပ်သိန်း ၁၀၀ တိတိဆုချီးမြှင့်ခဲ့ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလိုပါက အမြဲကြိုဆိုလျှက်ရှိကြောင်း
ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်းမှ တာဝန်ရှိသူက ဆိုသည်။
 
စာတည်း။      ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly