“ဘက်ပေါင်းစုံ” စကားလုံးနဲ့အချိန်ကုန်နေပြန်တဲ့ အာဆီယံ (ဆောင်းပါး)

By ဓားရိုင်း
22 May 2023
“ဘက်ပေါင်းစုံ” စကားလုံးနဲ့အချိန်ကုန်နေပြန်တဲ့ အာဆီယံ (ဆောင်းပါး)

 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအပေါ်မှာ အများကြီးမျှော်လင့်ထားခဲ့ကြပေမယ့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ သက်တမ်းထက်ဝက်ကျော်လာချိန်အထိ ဘာမှ ရေရေရာရာမရှိသေးတာ တွေ့နေရပါတယ်။ မေ ၉ ရက် ကနေ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဖလောစ်ကျွန်းမှာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာ့အရေးအတွက် ထူးခြားတဲ့ဆုံးဖြတ်ချက်ထွက်မလာနိုင်ခဲ့ပါဘူး။ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာ့အရေးအတွက် အဓိကဇာတ်ကောင်တွေနဲ့တိတ်တဆိတ် ဆွေးနွေးနေတယ်လို့ဆိုခဲ့ပေမယ့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ထိပ်သီးဆွေးနွေးပွဲ အပိတ်သတင်းစာ ရှင်းလင်းပွဲမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးမှာ ဘာမှတိုးတက်မှုရှိမနေဘူးလို့ ဝန်ခံသွားပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့အတွက် နောက်တစ်ဆင့် ဘာလုပ်ကြမလဲဆိုတာကို စနစ်တကျ ဖော်ထုတ်လုပ်ဆောင်ဖို့ဆိုရင် အာဆီယံအဖွဲ့အတွင်း စည်းလုံးညီညွတ်ကြဖို့လိုတယ်ဆိုပြီးတော့လည်း တခြား အာဆီယံ ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေရှိနေပြီး မူ ၅ ချက် အကောင်အထည် ဖော်နိုင်ဖို့ တောင် အတော်လေးခက်ခဲနေတဲ့ အနေအထားမျိုးလို့မြင်မိပါတယ်။  

ဘုံသဘောတူညီချက်အရ အာဆီယံအဖွဲ့ဟာ သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံခွင့်ရှိပြီး အာဆီယံဟာ ဘယ်လောက်ယုံကြည်ကိုးစားနိုင်တဲ့အဖွဲ့ လည်းဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်နေတာဖြစ်တဲ့အတွက် အားလုံးပါဝင်ပတ်သက်ခွင့်ပေးရေးမူအပေါ် အာဆီယံ ဘက်က ခိုင်ခိုင်မာမာ စွဲကိုင်ထားဖို့လိုအပ်တယ်လို့လည်း ဂျိုကိုဝီက ဆိုခဲ့ပါတယ်။ ထိတွေ့ဆက်ဆံရေးဟာ အသိအမှတ်ပြုတာမဟုတ်ဘဲ ထိတွေ့ဆက်ဆံမှုလုပ်တာက တရားဝင်မှု၊ အသိအမှတ်ပြုမှုပေးတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေသူတွေဟာ စစ်ကောင်စီတစ်ခုတည်း မဟုတ်ဘဲ တခြားအဖွဲ့အစည်းတွေနဲ့ ဘက်ပေါင်းစုံရှိနေပြီး မတူတဲ့အကျိူးစီးပွားတွေ အသီးသီးရှိနေတဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်သမျှ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရေးကို ပိုပြီးတိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ် ထားတယ်လို့ ဂျိုကိုဝီ ကဆိုပါတယ်။ ဂျိုကိုဝီ စိတ်ကူးထားသလို ဘက်ပေါင်းစုံ ပါဝင်နိုင်တဲ့ဆွေးနွေးပွဲ ဖြစ်မြောက် ဖို့ကတော့ အလားအလာကောင်း သိပ်မတွေ့ရပါဘူး။ နိုင်ငံတကာဝေဖန်မှုတွေကို လျစ်လျူရှုပြီး အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ စစ်ကောင်စီဘက်က ငြင်းဆန်ခဲ့တာကြောင့် အာဆီယံရဲ့ အားထုတ်မှုတွေ အရာမရောက်ခဲ့တာ ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအနေအထားကိုလျစ်လျူရှုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီက မူ ၅ ချက်ကို ဆက်လက် လက်ကိုင်ထားဦးမယ့်စိတ်ကူးဟာ လမ်းကြောင်းမှားနေတာသေချာပါတယ်။  

အာဆီယံအနေနဲ့ စစ်ကောင်စီကို ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်တာထက် ပိုပြီးပြင်းထန်တဲ့ ဖိအား မျိုးမပေးနိုင်သ၍တော့ အင်ဒိုနီးရှားတာဝန်ယူထားတဲ့ အာဆီယံဥက္ကဋ္ဌသက်တမ်းအတွင်းမှာလည်း မြန်မာ့အရေး ဟာ အပြောင်းအလဲဖြစ်လာနိုင်စရာမရှိပါဘူး။ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး၊ တရားဥပဒေရေးရာနှင့် လုံခြုံရေး ညှိနှိုင်းမှုဝန်ကြီး မစ္စတာ မာဖတ်အမ်ဒီကတော့ မြန်မာ့အရေးကို ဖြေရှင်းပေးဖို့ကြိုးစားနေတဲ့ အာဆီယံရဲ့ အခြေ အနေဟာ လမ်းဆုံလမ်းခွကိုရောက်နေသလို ဖြစ်နေတယ်လို့ ထိပ်သီးအစည်းအဝေး ပထမနေ့မှာ မှတ်ချက်ပေး သွားခဲ့တာတွေ့ရပါတယ်။ မြန်မာ့အရေး အာဆီယံအထူးသံတမန်အဖြစ်တာဝန်ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး ရက်နိုမာဆူဒီကတော့ မြန်မာပဋိပက္ခရဲ့ ဘက်အားလုံးနဲ့ ဆွေးနွေးနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးအားထုတ်မှုတွေ ကို ထပ်မံတွန်းအားပေးဖို့ “တိတ်ဆိတ်သော သံတမန်ရေးနည်းလမ်း” အသုံးပြုနေတယ်လို့ဆိုထားခဲ့ပါတယ်။  သက်ဆိုင်သူအသီးသီးနဲ့ ဆွေးနွေးချက် အသေးစိတ်တွေကိုပြောကြားဖို့ ငြင်းဆန်ခဲ့ပေမယ့် အင်ဒိုနီးရှား သံတမန် တွေဟာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေဆက်ဆံဆွေးနွေးမှု အကြိမ်ပေါင်း ၆၀ ကျော် ပြုလုပ်ပြီးဖြစ်တယ်လို့တော့  မစ္စ ရက်နိုမာဆူဒီ က အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ ပြောထားပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ဆောင် ချက်တွေနဲ့ပတ်သက်ပြီး ထိပ်သီးအစည်းအဝေးမှာ တစ်စုံတစ်ရာထုတ်ဖော်ပြောသွားတာမရှိသလို အစည်းအဝေး အပြီးထုတ်ပြန်ချက်မှာလည်း ထည့်သွင်းမဖော်ပြခဲ့တာကတော့ စဉ်းစားစရာြဖစ်ခဲ့ပါတယ်။  

တကယ်ဆိုရင် အင်ဒို နီးရှားအနေနဲ့ သူတို့ရဲ့ တိတ်တဆိတ် သံတမန်ရေးနဲ့ပတ်သက်ပြီး အလုံးစုံမဟုတ်တောင် အရိပ်အမြွက်လောက် တော့ ချပြခဲ့သင့်တာဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ  အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ၊ ဝါရင့် မလေးရှား ပါလီမန်အမတ် ချားလ်စ်ဆန်တီယာဂိုကတော့ အင်ဒိုနီးရှားအနေနဲ့ မြန်မာ့အရေး အခြေအနေကို အာဆီယံ ထုတ်ပြန်ချက်ထဲမှာ ပွင့်ပွင့်လင်းလင်းထည့်သွင်းဝန်ခံသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မြန်မာ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ဘက်နှစ်ဘက်ရဲ့ကွာဟမှုဟာ အင်မတန်ကျယ်ပြန့်ကြီးမားနေပြီး ပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့ မလွယ်ဘူးဆိုတာကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် ဝန်ခံထားတာလည်းဖြစ်ပါတယ်။ ဒီအချက်ကို အင်ဒိုနီးရှားအနေနဲ့ သဘောပေါက်ထားပြီးဖြစ်နေရင် အဲဒါကို အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ ပွင့်ပွင့်လင်းလင်း ထည့်သွင်းဝန်ခံသင့်တယ်လို့ မစ္စတာ ချားလ်စ် ဆန်တီယာဂို ကဆိုခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီး ဆက်လက် သောင်တင် နေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဆိုတာကို ပြန်သုံးသပ်တာ၊ ပြင်ဆင်ပြောင်းလဲတာတွေလုပ်ရမှာဖြစ်တယ်လို့ လည်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားအနေနဲ့ အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက်တွေနဲ့ ညင်သာသိမ်မွေ့တဲ့ သံတမန်ရေးနည်းနာ ဆိုတဲ့ကြားမှာ  ပိတ်မိနေတယ်လို့လည်း မလေးရှား ပါလီမန်အမတ်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုထိပ်သီးအစည်းအဝေးအပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှာရဲ့ထုတ်ပြန်ချက် ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ကမ္ဘောဒီးယား ထိပ်သီးဆွေးနွေးပွဲကနေ ထွက်လာတဲ့ ရလဒ်ထက်တောင်ဆိုးနေခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဂျိုကိုဝီ ပြောသွားတဲ့အထဲမှာ ခိုင်မာပြတ်သားတဲ့ ပြောဆိုမှုနဲ့ သဘောထားအမြင်တွေ တွေ့ရ ပေမယ့် ထိပ်သီးဆွေးနွေးပွဲအပြီး အာဆီယံ ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်ထဲပါဝင်တဲ့ မြန်မာ့အရေးစာပိုဒ်တွေ ကတော့ အားနည်းခဲ့တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူတွေက ဆိုခဲ့ကြပါတယ်။ အဓိကအနေနဲ့ လက်တွေ့ မှာ ဘာဆက်လုပ်မလဲဆိုတဲ့ အစီအစဥ်အကြောင်း ဘာတစ်ခုမှ ပြောမထားဘူးဆိုပြီး ထောက်ပြခဲ့ကြတာတွေ့ရပါ တယ်။ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာ ကမ္ဘောဒီးယား ထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေး သီးသန့် “သုံးသပ်ချက်၊ ဆုံးဖြတ်ချက်” စာတမ်းထုတ်ပြန်ပြီး လက်တွေ့လုပ်ဆောင်မယ့်အရာတွေကိုပါ ထည့်သွင်းထားတာနဲ့ နှိုင်းယှဥ်ရင် အားနည်းလွန်းခဲ့တာကတော့အမှန်ပါပဲ။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကတော့ အာဆီယံ ခေါင်း ဆောင်တွေ အားလုံးကြားမှာ စစ်ကောင်စီကို ဖိအားပေးဖို့အတွက် ဘုံသဘောထားမျိုးရှိကြဟန်မတူဘူးလို့ဆိုခဲ့ ပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားတာ ၂ နှစ်ကျော်ကြာလာတဲ့အချိန်ထိ တိုးတက်မှုမရှိသေးတဲ့အတွက် အာဆီယံအနေနဲ့ စစ်ကောင်စီကို အရေးမယူနိုင်ဘူးဆိုရင် မြန်မာ့အရေးမှာ စိတ်တူ ကိုယ်တူရှိပြီး ပံ့ပိုးလိုကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီကိုရယူကာ အာဆီယံအပေါင်း(ASEAN Plus) ပုံစံမျိုး ဆောင်ရွက်သင့်တယ်လို့လည်း ဦးကျော်ဇော ကဆိုပါတယ်။ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီး ရှားဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အင်အား တောင့်တင်း ခိုင်မာသလို အာဆီယံကို စတင်ဖွဲ့စည်းခဲ့တဲ့ ကနဦးနိုင်တွေထဲက နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်းအကျပ်အတည်း ပြဿနာတွေမှာလည်း တက်တက်ကြွကြွ ဦးဆောင် ဖြေရှင်းလေ့ရှိတာဖြစ်ပါတယ်။ ကိုယ်တိုင်လည်း နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးတဲ့ အခြေအနေကနေ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို အောင်အောင်မြင်မြင် အရောက်တက်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်တဲ့ အတွက် မြန်မာ့အရေး ကိုင်တွယ်ရာမှာ အောင်မြင်မှု အတိုင်းအတာ တစ်စုံတစ်ရာ ရှိလာလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။  

ဒါပေမဲ့ ဥက္ကဋ္ဌ သက်တမ်း ထက်ဝက်ကျိုးချိန်မှာ သမ္မတဂျိုကိုဝီ ကိုယ်တိုင် ဘုံ သဘောတူမှု ၅ ချက် အကောင်အထည်ဖော်ရေး တိုးတက်မှု မရှိဘူးဆိုပြီး ဝန်ခံလာသလို နောက်အဆင့်တွေ အတွက် အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြရအောင်လို့ ဆော်ဩနေတဲ့ အခြေအနေမျိုး ဖြစ်နေတာကတော့ အတော်ဝမ်းနည်းစရာကောင်းပါတယ်။ အင်ဒိုနီးရှားအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွင်း မြန်မာ့အရေးအတွက် ဘာတစ်ခုမှအရာထင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် ဒါဟာ အင်ဒိုနီရှားရဲ့ ရှုံးနိမ့်မှု၊ ဘုံသဘောထား ၅ ချက်ရဲ့ ရှုံးနိမ့်မှု၊ အာဆီယံရဲ့ ရှုံးနိမ့်မှုဆိုတာတင်မက အာဆီယံကို အားပေးပြီး ဘုံသဘောတူညီမှု ၅ ချက်ကို ထောက်ခံပါတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပျက်ကွက်မှု၊ ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။ လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် လာအိုနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီအရေးကို အနည်းငယ်တောင် စိတ်ဝင်စားမှုမရှိတဲ့နိုင်ငံအဖြစ်တွေ့နေရတာဖြစ်ပါတယ်။ တစ်ပါတီကွန်မြူနစ်နိုင်ငံဖြစ်တဲ့ လာအိုဟာ ပြင်ပနဲ့ ထိတွေ့မှုမရှိဘဲ အမြင်ကျဉ်းမြောင်းတဲ့အပြင် တခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံရေးရာတွေမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို အခြေခံထားတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ ဆက်ဆံရေးမပျက်ရှိနေတဲ့ နိုင်ငံဖြစ်သလို တရုတ်ဩဇာအောက်မှာ အပြည့်အဝရှိနေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားလက်ထက်မှာ သိသာတဲ့ ပြောင်းလဲမှု ရှိမလာဘူးဆိုရင် လာအိုထက်ထဲမှာ လုံးဝရေစုန်မျောသွားဖို့ ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly