ထိုင်းတွင် COVID-19 ကူးစက်မှုနှင့် ဆက်စပ်သေဆုံးမှုတို့ မြင့်တက်

ထိုင်းတွင် COVID-19 ကူးစက်မှုနှင့် ဆက်စပ်သေဆုံးမှုတို့ မြင့်တက်
Photo - Bangkok Post

ထိုင်းနိုင်ငံတွင် စာသင်ကျောင်းများ ပြန်ဖွင့်ချိန် ပြီးခဲ့သည့် သီတင်းပတ်က COVID-19 ကူးစက်ခံရသည့် လူနာဦးရေသည် ဆက်လက်မြင့်တက်နေခဲ့ပြီး သေဆုံးမှုများလည်း တိုးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာနက မေလ ၂၂ ရက်တွင် ထုတ်ပြန်သည်။

မေလ ၁၄ ရက်မှ မေလ ၂၀ ရက်အထိ COVID-19 အတွင်းလူနာ ၂,၆၃၂ ဦး ရှိခဲ့ရာ မေလ ၇ ရက်နှင့် မေလ ၁၃ ရက်အကြား ၂,၃၅၆ ဦးထက် ၁၂ ရာခိုင်နှုန်းခန့် ပိုများခဲ့ကြောင်း ဌာန၏ မှတ်တမ်းများအရ သိရသည်။

အဆုတ်ရောင်ရမ်းမှု ခံစားနေရသည့် အတွင်းလူနာဦးရေသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ၄၀၁ ဦး ရှိခဲ့ရာ အစောပိုင်း သီတင်းပတ်ကုန်က ၃၂၂ ဦးထက် ၂၄ ရာခိုင်နှုန်း ပိုမြင့်တက်ခဲ့သည်။

ထို့ပြင် အသက်ရှုစက် အကူအညီယူထားရသည့် လူနာဦးရေသည် ပြီးခဲ့သည့် အပတ်က ၂၂၆ ဦး အထိ ရှိခဲ့ရာ အစောပိုင်း သီတင်းပတ်ကုန်က ၁၆၃ ဦးထက် ၃၉ ရာခိုင်နှုန်း ပိုများခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ရောဂါများနှင့် ဆက်စပ်ပြီး သေဆုံးသူအသစ် ၆၄ ဦး (ပျမ်းမျှအားဖြင့် တစ်နေ့လျင် ၇ ဦးနှုန်း) ရှိခဲ့ပြီး အစောပိုင်း သီတင်းပတ်က ၂၂ ဦး (တစ်နေ့လျင် ၂ ဦးနှုန်း) ထက် ၁၉၁ ရာခိုင်နှုန်း ပိုများခဲ့သည်။

စာသင်နှစ်သစ်ကာလ စချိန်တွင် COVID-19 ကူးစက်မှုများ မြင့်တက်လိမ့်မည်ဟု ကျန်းမာရေးအာဏာပိုင်တို့က အစောပိုင်းက ခန့်မှန်းခဲ့သည်။ ယခုနောက်ဆုံးထွက်ပေါ်သည့် ကိန်းဂဏန်းများတွင် စာသင်ကျောင်းများ သို့မဟုတ် ကျောင်းသားများကို ဖော်ပြထားခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly