ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ထိုင်း ပေးအပ်

ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ထိုင်း ပေးအပ်
Photo - Bangkok Post

ထိုင်းအစိုးရ ကိုယ်စား ယာယီဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ဆိုင်ကလုန်း မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများကို မေလ ၂၂ ရက်တွင် အစိုးရအိမ်တော်၌ မြန်မာစစ်ကောင်စီခန့် မြန်မာသံအမတ် ဦးချစ်ဆွေထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ထို အခမ်းအနားတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းနှင့် အစိုးရ၏ ယာယီပြောရေးဆိုခွင့်ရှိသူ အနုချာ ဘူရာပတ်ချိုင်းစီရိတို့လည်း တက်ရောက်ခဲ့သည်။

ထိုင်းအစိုးရနှင့် ထိုင်းပြည်သူများကို ကိုယ်စားပြုလျက်ဖြင့် ဗိုလ်ချုပ်ကြီး ပရာယွတ်က မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများကို စာနာထောက်ထားကြောင်း ထုတ်ဖော်သည်။

မုန်တိုင်းဘေးသင့် ပြည်သူများအနေဖြင့် ယခုကဲ့သို့ ခက်ခဲသော အချိန်ကာလမှ အလျင်အမြန် ပြန်လည်နာလန်ထူနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပရာယွတ်က ပြောသည်။

ထိုင်းအစိုးရသည် သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး အာဆီယံ ချိတ်ဆက်ဆောင်ရွက်မှု စင်တာ၌ လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများကို စေလွှတ်ထားကြောင်း ၎င်းက ပြောသည်။

လွှဲပြောင်းပေးအပ်ခဲ့သည့် အကူအညီ အမျိုးအစားနှင့်ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly