မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းသွားမယ်လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ပြော 

22 May 2023
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းသွားမယ်လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ပြော 

မြန်မာပြည်သူတွေ ဘဝလုံခြုံရေး စဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့  အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းသွားမယ်လို့ ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forword ပါတီခေါင်းဆောင် ပီတလင် ဂျာရွန်ရက် က ပြောပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ ကျနော့်ရဲ့မူဝါဒဟာ လူသားဘဝလုံခြုံရေးစဉ်းစားချက် အပေါ်အာရုံစိုက်ပြီး အရေးပါတဲ့အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းမယ့်မူဝါဒဖြစ်ပါတယ်။ ဒီလူသားဘဝ လုံခြုံရေး အခြေခံမူဝါဒမှာ လူသားချင်းစာနာထောက်ထားမှုအပိုင်းရော စီးပွားရေးဘဝလုံခြုံတိုးတတ်ရေးအပိုင်းတွေပါ ပါဝင်ပါတယ်” လို့ ပီတက ၎င်းရဲ့ တွစ်တာစာမျက်နှာမှာ အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ ရေးသားဖော်ပြထားပါတယ်။

“ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ကြီးတခုလုံးအပြင် နိုင်ငံတကာ အသိုက်အမြုံအတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ဆောင်ကြဉ်းရရှိစေရေးဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်” လို့လည်းဆိုထားပါတယ်။

မိုခါဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မုန်တိုင်းတွင်း သေဆုံးခဲ့ရသူတွေ၊ အိုးအိမ်ဆုံးရှုံးရသူတွေနဲ့ ထပ်တူခံစားရတယ်လို့ မေလ ၂၁ ရက့်ညနေပိုင်းက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးထားတာဖြစ်ပါတယ်။

သေရေးရှင်ရေးတမျှ အကူအညီလိုအပ်နေတဲ့ မုန်တိုင်းသင့် မြန်မာပြည်သူတွေကို အထောက်အပံ့ပေးရေးဟာ သူဝန်ကြီးချုပ်အသစ်ဖြစ်လာရင် ဦးစားပေးလုပ်မယ့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly