မိုခါမုန်တိုင်းဘေးသင့် မြန်မာနိုင်ငံထံ အာဆီယံက လူသားချင်းစာနာမှု အကူအညီများ မေ ၂၁ တွင် ပေးပို့မည်

မိုခါမုန်တိုင်းဘေးသင့် မြန်မာနိုင်ငံထံ အာဆီယံက လူသားချင်းစာနာမှု အကူအညီများ မေ ၂၁ တွင် ပေးပို့မည်

ဆိုင်ကလုန်း မုန်တိုင်း မိုခါ တိုက်ခတ်သွားပြီးနောက် မြန်မာနိုင်ငံထံ အာဆီယံ၏ ပထမဆုံးသော အရေးပေါ် တုံ့ပြန်မှု အကူအညီများကို မေလ ၂၁ ရက် (တနင်္ဂနွေ) တွင် လေကြောင်းဖြင့် ပေးပို့မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အကူအညီပစ္စည်းများကို ပြင်ဆင်ထားပြီး ဖြစ်ပြီး ထိုင်းနိုင်ငံ Chainat နှင့် မလေးရှားနိုင်ငံ Subang ရှိ အာဆီယံ၏ သဘာဝဘေးအန္တရာယ် အရေးပေါ်ထောက်ပံ့ပို့ဆောင်မှု ကုန်လှောင်ရုံများတွင် ရှိနေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“နောက်ထပ် အကူအညီတွေကိုလည်း အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ထိုင်းတို့က စစ်လေယာဉ်တွေကို သုံးပြီး မေလ ၂၂ ဒါမှမဟုတ် ၂၃ ရက်မှာ ပေးပို့သွားမယ်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ စစ်လေယာဉ်ကို အသုံးပြုပြီး အကူအညီ ထောက်ပံ့ ပို့ဆောင်ရေး ညှိနှိုင်းဆောင်ရွက်မှုကို လူသားချင်းစာနာမှု အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အာဆီယံ စစ်ဘက်ဆိုင်ရာ အသင့်ရှိနေမှုအဖွဲ့မှတစ်ဆင့် လုပ်ဆောင်ခြင်း ဖြစ်သည်။

ယင်းသည် ၂၀၂၃ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား၏ နှစ်မြှုပ်လုပ်ဆောင်မှု၊ “အာဆီယံ တစ်ဖွဲ့၊ တုံ့ပြန်မှုတစ်ခု” လုပ်နည်းကိုင်နည်းမှတစ်ဆင့် မြန်မာကို လူသားချင်းစာနာမှု အကူအညီ ပေးပို့လိုသည့် စိတ်ဆန္ဒကို ထုတ်ဖော်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်နှင့်အညီ ဖြစ်သည်။

သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံ ညှိနှိုင်းဆောင်ရွက်မှုစင်တာ AHA စင်တာ၏ အမှုဆောင်ဒါရိုက်တာ၊ အာဆီယံ အရေးပေါ် တုံ့ပြန်မှုနှင့် အကဲဖြတ်မှုအဖွဲ့တွင် ပါဝင်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများသည် အရေးပေါ် တုံ့ပြန်မှု အားထုတ်မှုများကို ထောက်ကူပံ့ပိုးရန် မြန်မာနိုင်ငံတွင် ရောက်ရှိနေခဲ့ကြသည်။

၎င်းတို့သည် မြေပြင် သတင်းအချက်အလက်များ စုဆောင်းလျက် ရှိသလို အလျင်အမြန် လိုအပ်ချက်များဆိုင်ရာ အကဲဖြတ်မှုကို ပံ့ပိုးဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးဌာနအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်၏ ကော့ဇ် ဘဇား ဒေသနှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့အကြား ကမ်းရိုးတန်း ဧရိယာကို ဦးတည်ဝင်ရောက် ဖြတ်သန်းတိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မိုခါကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူ ၄၀၀ ကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။

Cyclone Mocha: Asean to send humanitarian aid to Myanmar on Sunday
https://www.bernama.com/en/world/news.php?id=2190690
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required