ဒုက္ခမှ သမူဟသို့၊ အတိတ်မှ သင်ယူပြီး ခွင့်တူညီမျှ လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်း

By လှိုင်အောင်
20 May 2023
ဒုက္ခမှ သမူဟသို့၊ အတိတ်မှ သင်ယူပြီး ခွင့်တူညီမျှ လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်း
This photo taken on October 8, 2021 shows members of the People's Defence Force, the armed wing of the civilian National Unity Government opposed to Myanmar's ruling military regime, taking part in training at a camp in Kayin State, near the Myanmar-Thai border. Photo: AFP

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကစပြီး Generation Z တွေဟာ တိုင်းရင်းသားရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကနေ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို တောင်းဆိုလာကြတာနဲ့အတူ အရေးပါတဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှုတွေ ရှိလာခဲ့ပါတယ်။ ဗမာလူငယ်တွေဟာ ကိုးကွယ်ရာ ဗုဒ္ဓဘာသာရဲ့ မိရိုးဖလာ အယူအဆနဲ့ အသင်းအဖွဲ့တွေကို စောဒက တက်လာကြပြီး ထင်ရှားတဲ့ ဘုန်းကြီးတွေကို လူမှုပြစ်ဒဏ် ခတ်ဖို့ တောင်းဆိုလာခဲ့ကြတဲ့အထိပါပဲ။ သီတဂူဆရာတော်လို ဘုန်းကြီးတွေဟာ မြန်မာစစ်တပ်ရဲ့ အပေါင်းပါတွေပဲလို့ ရှုမြင်ကြပါတယ်။ တိုင်းရင်းသား ဒါမှမဟုတ် ဌာနေအုပ်စုတွေအဖြစ် တရားဝင် အသိအမှတ်ပြု မခံရသူ အများစုဖြစ်တဲ့ မွတ်စလင်နဲ့ ဌာနေတရုတ်တွေလည်း မြန်မာပြည်သူတွေနဲ့အတူ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြပါတယ်။ နိုင်ငံသား အခြေပြု အမျိုးသားရေးဝါဒအပေါ် အခြေတည်ပြီး တရားမျှတတဲ့၊ တန်းတူညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖန်တီးနိုင်ရေး မျှော်လင့်ချက်မှာ ဘုံသဘောထား စုစည်းခိုင်မာစေမယ့် အခု တော်လှန်ရေးမှာ အသီးသီး ပါဝင်လာကြတာပါ။ ဒီ နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းပြီးနောက် ဗမာစစ်တပ်နဲ့ သူ့ မဟာမိတ်တွေ အကျယ်တဝင့် ထောက်ခံနေတဲ့ လက်ယာယိမ်း ဘာသာရေး အမျိုးသားရေးဝါဒီတွေကို ကြီးကြီးမားမား စိန်ခေါ်လာခဲ့ပါတော့တယ်။

ဗမာပြည်သူတွေ ဒါမှမဟုတ် ဗမာတွေ စုစည်းရာ ဒေသတွေမှာ နေထိုင်သူတွေဟာ ရုန်းကန်ရင်း ရှင်သန်နေရတာပါ။ အထူးသဖြင့် နိုင်ထက်စီးနင်းပြုကျင့်ပြီး နိုင်ငံကို ထိန်းချုပ်ထားတဲ့ ဗမာစစ်တပ်ကို ဆန့်ကျင်ရုန်းကန်နေကြတာပါပဲ။ ၁၉၆၂ ကစလို့ စစ်တပ်ဟာ စီးပွားရေး ရင်းမြစ်အားလုံးနဲ့ စီးပွားရေးချမ်းသာကြွယ်ဝမှု လမ်းကြောင်းတွေ အားလုံးကို လက်ဝါးကြီးအုပ် မောင်ပိုင်စီးခဲ့ပါတယ်။ ဗမာစစ်တပ်နဲ့ အဆက်အသွယ် မရှိရင်၊ သစ္စာခံ မဟုတ်ရင် ဒါမှမဟုတ်လည်း (ဗမာ၊ ဗုဒ္ဓဘာသာလို) တိုင်းရင်းသားနဲ့ ဘာသာရေး အုပ်စု အဓိက အသိုင်းအဝိုင်းက မဟုတ်တဲ့ လူဆိုရင် စီးပွားရေး အခွင့်အလမ်းတွေနဲ့ ရှာမီးနိုင်မှုမှာ အလွန့်ကိုပဲ အကန့်အသတ် ရှိနေပါတယ်။ မြန်မာပြည်သူတွေအတွက် အခွင့်အလမ်းဆိုတာ မရှိသလောက်ပါဘဲ။

ဗမာစစ်တပ်ဟာ အပျော့အမာ အာဏာသုံး နည်းလမ်းတွေနဲ့ ဗမာ-ဗုဒ္ဓဘာသာ၊ လူမျိုးစွဲ အမျိုးသားရေးသမားတွေနဲ့ ဘာသာရေးလုပ်ငန်းစဉ်တွေကို ပြင်းပြင်းပြပြ မြှင့်တင်နိုင်ဖို့အတွက် ဦးစားပေး လုပ်ကိုင်နေပါတယ်။ ဒီလို လူမျိုးတစ်မျိုးကို ဦးစားပေးတဲ့ လုပ်ရပ်ဟာ လွတ်လပ်ရေး ရပြီးကတည်းက ဗမာအသိုင်းအဝိုင်းကိုပဲ မျက်နှာမူထားပါတယ်။ အခြားသူတွေရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ လူမှုဖူလုံရေး လက်ခံရရှိမှုဟာလည်း ဒီ လုပ်ရပ်တွေအောက်မှာ ဆုံးဖြတ်ခံနေရပါတယ်။ အစိုးရအဖွဲ့အစည်းတွေရဲ့ ခေါင်းကိုင်ဖြစ်တဲ့ ဗမာစစ်တပ်ဟာ အထူးသီးသန့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်နေတာပါ။ မြန်မာ လူ့အဖွဲ့အစည်းအတွင်းက ဌာနေလူမျိုးစုတွေအဖြစ် ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ တိုင်းရင်းသားဆိုတဲ့ ခွဲခြားသတ်မှတ်မှုကနေ အထူးသီးသန့် လူ့အဖွဲ့အစည်းကို ဖော်ဆောင်နေတာပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားရေးရာ မူဝါဒတွေအောက်မှာ အခုလို အုပ်စုခွဲတာမျိုးကို သတ်မှတ်ဆောင်ရွက်ပါတယ်။ အထူးသီးသန့် လူ့အဖွဲ့အစည်းအဖြစ် ဖော်ဆောင်ထားတာကြောင့် အကြမ်းဖက်မှုကို တရားဝင် သုံးစွဲနိုင်တယ်လို့ စွဲကိုင်ပြီး ဗမာစစ်တပ်ဟာ အထူးအာဏာကို အလွဲသုံးစား ကျင့်သုံးနေတာဟာ နိုင်ငံတစ်လွှားက အသီးသီးသော တိုင်းရင်းသားအုပ်စုတွေအတွက်တော့ အကြမ်းဖက်လုပ်ရပ်တွေရဲ့ ပစ်မှတ်ဖြစ်နေပါတော့တယ်။

တိုင်းရင်းသားတွေရဲ့ သမိုင်းနဲ့ မျိုးနွယ်စု ခုခံတွန်းလှန်မှု အမွေအနှစ်တွေဟာ ဗမာအသိုင်းအဝိုင်းဆီ မပျံ့နှံ့ပါဘူး။ ဗမာ-ဗုဒ္ဓဘာသာတွေနဲ့ တိုင်းရင်းသားတွေဟာ လက်ပွန်းတတီး မရှိကြတော့ဘဲ မြန်မာ လူ့အဖွဲ့အစည်းမှာ အလွန်အကျွံ ဘေးဖယ်ထုတ်ခံရပါတယ်။

အများစု ယုံကြည်တာနဲ့ ဆန့်ကျင်ပြီး ပြည်တွင်း တိုင်းရင်းသား ပဋိပက္ခဟာ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့တာမျိုး မရှိပါဘူး။ လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသားအုပ်စုတွေအတွက် ထည့်သွင်းစဉ်းစားဖို့ ဗမာနိုင်ငံတော်နဲ့ စစ်တပ်ရဲ့ ပေါ့ဆမှုကြောင့် နိုင်ငံတော်ရဲ့ အရှိတရားကို ဆန့်ကျင်တဲ့ တိုင်းရင်းသား ခုခံလှုပ်ရှားမှု အမျိုးမျိုး ပေါ်ပေါက်ရပါတယ်။ တိုင်းရင်းသားအုပ်စုအသီးသီးဟာ ဗမာ-ဗုဒ္ဓဘာသာ အထူးပြုမှုနဲ့ ဗမာစစ်တပ်တို့အပေါ် နာကြည်းချက်တွေနဲ့ ခံပြင်းမှုတွေ ရှိနေပေမယ့် ပြည်တွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုပြီး ရှိလာစေဖို့ အတွက် အခွင့်အရေးတစ်ရပ် ဖန်တီးနိုင်ဖို့ ရုန်းကန်ကြဖို့က အရေးကြီးပါတယ်။

နွေဦးတော်လှန်ရေးဟာ အမျိုးမျိုးသော တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအုပ်စုတွေကြားမှာ ညွန့်ပေါင်းတည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ထူထောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီ တော်လှန်ရေးဟာ ဗမာတွေနဲ့ အခြား တိုင်းရင်းသား လူနည်းစုတွေရဲ့ သမိုင်းနဲ့ချီတဲ့ နာကြည်းချက်တွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေနိုင်ကောင်းပါတယ်။ တိုင်းရင်းသား ဖက်ဒရယ်မူနဲ့ နယ်မြေပိုင်နက် ဖက်ဒရယ်မူတွေနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ဆဲ ဆွေးနွေးပွဲတွေဟာ ဗမာနဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ နိုင်ငံရေးအရ ခွဲခြားခံရမှုကနေ အစပြုလာနိုင်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံတွင်းမှာ တိုင်းရင်းသားထဲ ပါဝင်တယ်လို့ တရားဝင် အသိအမှတ်ပြု မခံရတဲ့ ရိုဟင်ဂျာနဲ့ အခြား လူနည်းစုအုပ်စုတွေ ရှိနေသေးတယ်ဆိုတာကို လက်ခံဖို့လည်း အရေးကြီးပါတယ်။ ဒီ အုပ်စုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ဖက်ဒရယ် ဒီမိုကရေစီနဲ့ ပတ်သက်ပြီး တမူထူးတဲ့ နိုင်ငံရေး စိတ်ဝင်စားမှု ရှိနေပါတယ်။ ကံဆိုးစွာပဲ ဒီ လူဦးရေထဲက တော်တော်များများဟာ နိုင်ငံတွင်းမှာ ခုခံအား အနည်းဆုံးတွေ ဖြစ်နေပြီး ဘေးဖယ်ခံထားရပါတယ်။ ၂၀၁၀ ကနေ ၂၀၂၁ အထိ အရေးပျက်ခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲချိန်မှာတောင် ဒီ အုပ်စုတွေ ဘေးဖယ်ခံခဲ့ရတာပါ။

ကြားဖြတ် ဖွဲ့စည်းပုံ ရေးဆွဲရေး အပါအဝင် တော်လှန်ရေးသမားတွေကြား လက်ရှိ ဆောင်ရွက်ဆဲ နိုင်ငံရေး ဆွေးနွေးမှုတွေမှာ မတူညီတဲ့ အုပ်စုတွေရဲ့ နိုင်ငံရေး မျှော်လင့်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့ဟာ မရှိမဖြစ်ပါဘဲ။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းနဲ့ နိုင်ငံရေး ခွဲခြားသတ်မှတ်ခံရမှုတွေဟာ အခင်းအကျင်းတွေကို ပုံဖော်သွားနိုင်မှာ ဖြစ်ပါတယ်။

သမိုင်းကို သိနားလည်တာဟာ လက်ရှိ ပဋိပက္ခကို နားလည်သဘောပေါက်ဖို့ရာမှာ အရေးပါတယ် ဆိုပေမယ့် ဒီတစ်ခုတည်းကိုပဲ လက်ကိုင်မထားသင့်ပါဘူး။ မတူညီတာတွေ ပေါင်းစည်းတဲ့ ဗဟုဝါဒ အယူအဆကို လက်ခံတာကတော့ မြန်မာနိုင်ငံရဲ့ ရေရှည် ပဋိက္ခကို အပြုသဘော လားရာဆီ အသွင်ကူးပြောင်းရေးစေဖို့ ဦးတည်သွားစေပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly