မီဒီယာလုပ်ငန်းရှင်ဂျင်မီလိုင်းက အမှုရင်ဆိုင်ရန် ဗြိတိန်ရှေ့နေငှားခွင့်တောင်းဆိုမှုအပေါ် ဟောင်ကောင်တရားရုံး ပယ်ချ

မီဒီယာလုပ်ငန်းရှင်ဂျင်မီလိုင်းက အမှုရင်ဆိုင်ရန် ဗြိတိန်ရှေ့နေငှားခွင့်တောင်းဆိုမှုအပေါ် ဟောင်ကောင်တရားရုံး ပယ်ချ

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စွဲချက်များကို ခုခံချေပရန် ဗြိတိန်ရှေ့နေတစ်ဦးအားငှားရမ်းလိုသည့် တက်ကြွလှုပ်ရှားသူ မီဒီယာသူဋ္ဌေးကြီး ဂျင်မီလိုင်း၏ ကြိုးပမ်းချက်ကို ဟောင်ကောင်တရားရုံးက မေလ ၁၉ ရက်တွင် ပယ်ချလိုက်သည်။

ဖျက်သိမ်းခံလိုက်ရသည့် Apple Daily သတင်းစာကို တည်ထောင်သူ အသက် ၇၅ နှစ်အရွယ် ဂျင်မီလိုင်းသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရမည်ဖြစ်သည်။ ဟောင်ကောင်တရားရုံးသည် နိုဝင်ဘာလက ဂျင်မီလိုင်အား အမှုအတွက် ဝါရင့်ရှေ့နေ တီမိုသီအိုဝင်ကို ငှားခွင့်ပြုခဲ့သော်လည်း ဟောင်ကောင်၏ နိုင်ငံတော်လုံခြုံရေးအာဏာပိုင်များက တားမြစ်ခဲ့သည်။

ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားပြီးနောက် တရုတ်က နိုင်ငံတော်လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့ကာ ဂျင်မီလိုင်းနှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ခေါင်းဆောင်အများစုမှာ ဖမ်းဆီးခံခဲ့ရသည်။

ဗြိတိန်ရှေ့နေအား ငှားခွင့်ပိတ်ပင်သည့် နိုင်ငံတော်လုံခြုံရေးဥပဒေစောင့်ရှောက်ရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် ဂျင်မီလိုင်း၏ တောင်းဆိုမှုကို တရားသူကြီး ဂျရယ်မီပွန်းက  မေလ ၁၉ ရက်တွင် ပယ်ချလိုက်သည်။ တရားရုံးများသည် လုံခြုံရေးဥပဒေဆိုင်ရာကော်မတီအပေါ်  အမိန့်ပေးခွင့်မရှိကြောင်း ပွန်းက ပြောကြားခဲ့သည်။

ဂျင်မီလိုင်း၏ရှေ့နေနှင့်ပတ်သက်သော နိုင်ငံရေးအငြင်းပွားမှုသည် ယမန်နှစ် နိုဝင်ဘာလကစတင်ခဲ့ပြီး ဟောင်ကောင်အစိုးရက ဗြိတိန်ရှေ့နေငှားခွင့်အား ကန့်ကွက်ခဲ့ကာထိပ်တန်းတရားရုံး၏ သဘောတူညီချက်ရရှိပြီးနောက် တရုတ်အစိုးရ ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။တရုတ်၏ ဝင်ရောက်စွက်ဖက်မှုသည် ဟောင်ကောင်၏ တရားရေးရာလွတ်လပ်မှုကို ထိခိုက်စေကြောင်း ဝေဖန်သူများက ပြောသည်။

လိုင်၏ရှေ့နေများသည် နိုင်ငံတော်လုံခြုံရေးကော်မတီနှင့်ဒါရိုက်တာများ၏ဆုံးဖြတ်ချက်များ ရုပ်သိမ်းပေးရန် တောင်းဆိုကာ တရားစီရင်ရေးအတွက်ပြန်လည်သုံးသပ်ပေးရန် ဧပြီလက လျှောက်ထားခဲ့ကြသည်။

ကော်မတီသည် လုပ်ပိုင်ခွင့်များကို ကျော်လွန်လုပ်ဆောင်နေသလို တရားရုံးကလည်း ဥပဒေကို လိုအပ်သလို အသုံးချနိုင်သည့် အာဏာနှင့်လုပ်ပိုင်ခွင့်များရှိနေကြောင်း လိုင်၏ရှေ့နေတစ်ဦးဖြစ်သည့် ရောဘတ်ပန်က အစောပိုင်းက ပြုလုပ်ခဲ့သည့် ကြားနာပွဲတစ်ခု၌ ပြောကြားခဲ့သည်။
လိုင်၏အမှုကို မူလက ယမန်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ရုံးတင်စစ်ဆေးရန် လျာထားသော်လည်း ဟောင်ကောင်က တရုတ်အစိုးရ၏ဆုံးဖြတ်ချက်ကို စောင့်နေသောကြောင့် ယခုနှစ် စက်တင်ဘာလအထိ ရွှေ့ဆိုင်းထားသည်။

လိုင်သည် တရုတ်နှင့်ဟောင်ကောင်အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တောင်းဆိုမှုနှင့်အဖျက်လုပ်ရပ်များလုပ်ဆောင်ရန် အခြားသူများနှင့် ပူးပေါင်းကြံစည်မှုတို့ဖြင့် စွပ်စွဲခံထားရသည်။လိုင်သည် ဟောင်ကောင် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေမည့်ပြည်ပအင်အားစုများနှင့် ပူးပေါင်းမှုနှင့် သဘောထားကွဲလွဲမှုများကို ချေမှုန်းရန် ပိုမိုအသုံးပြုလာသည့် ကိုလိုနီခေတ်ဥပဒေအရ ခွဲထွက်ရေးလှုံ့ဆော်မှုစွဲချက်တို့ကိုလည်း ရင်ဆိုင်နေရသည်။

လိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက မြေငှားစာချုပ်စည်းကမ်းဖောက်ဖျက်ကာ လိမ်လည်မှုဖြင့် ထောင်ဒဏ် ၅ နှစ်နှင့် ၉ လချမှတ်ခံခဲ့ရသည်။
ဟောင်ကောင်လွှတ်တော်အမတ်များသည် နိုင်ငံတော်လုံခြုံရေးဆိုင်ရာအမှုများကို ပြည်ပရှေ့နေများ ကိုင်တွယ်ခြင်းမပြုရန် ဟောင်ကောင်အုပ်ချုပ်ရေးမှုအား တားမြစ်ပိုင်ခွင့်အာဏာပေးသည့် ဥပဒေပြင်ဆင်ချက်တစ်ရပ်ကို ပြီးခဲ့သည့် သီတင်းပတ်က အတည်ပြုခဲ့သည်။ ထိုသို့ဥပဒေအပြောင်းအလဲများကြောင့် အငြင်းပွားဖွယ်အမှုအများစုတွင် တရားခံများသည် ၎င်းတို့အတွက် ရှေ့နေရှာဖွေရာတွင် ရွေးချယ်မှုနည်းပါးသွားမည်ဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြသည်။

ဟောင်ကောင်နိုင်ငံတော်လုံခြုံရေးဥပဒေသည် ခွဲထွက်မှု၊ အဖျက်အမှောင့်လုပ်ဆောင်မှု၊ အကြမ်းဖက်မှုနှင့် ပြည်ပအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ရပ်များကို ရာဇဝတ်မှုအဖြစ်သတ်မှတ်သည်။ ထိုဥပဒေကြောင့် ထင်ရှားလူသိများသော ဒီမိုကရေစီရေးလှုပ်ရှားသူ အများအပြား ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတကာ၏ဘဏ္ဍာရေး အချက်အချာဖြစ်သော ဟောင်ကောင်၏ အနာဂတ်အပေါ် ယုံကြည်မှုပျက်ပြားစေခဲ့သည်။

Hong Kong court dismisses pro-democracy publisher Jimmy Lai’s legal bid to fight for UK lawyer 
Source: https://apnews.com/article/jimmy-lai-hong-kong-security-lawyer-owen-24aa...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required