အောင်မြေသာစံမြို့နယ်တွင် အင်ဗာတာဖြင့် ဘက်ထရီအိုးအားသွင်းရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွား

By 007 (မဇ္ဈိမ)
19 May 2023
အောင်မြေသာစံမြို့နယ်တွင် အင်ဗာတာဖြင့် ဘက်ထရီအိုးအားသွင်းရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွား
Photo CJ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ မေလ ၁၉ရက် နံနက်အစောပိုင်းက ခရစ်ယာန်ဘုရားကျောင်းပိုင် အဆောက်အအုံတွင် ဖွင့်လှစ်ထားသော အထည်ဆိုင်တစ်ဆိုင်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၈၇ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြားရှိ၊ စိန်မိုက်ကယ် ခရစ်ယာန်ဘုရားကျောင်းပိုင် လေးထပ်တိုက်တန်း၏ မြေညီထပ်တွင် ဖွင့်လှစ်ထားသော ဝါဝါ၀င်းအမည်ရှိ အထည်ဆိုင်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

"ဘက္ထရီအိုးကို အင်ဗာတာနဲ့အားသွင်းထားတာကနေ OverLoad ဖြစ်တယ်ထင်တယ်၊ အခန့်မသင့်တော့ ဘက်ထရီအိုးပွင့်ထွက်ပြီး၊ အဲဒီက မီးစတွေက အထည်တွေပေါ်ကူးပြီး မီးလောင်မှုဖြစ်တာပါ" ဟု မီးသတ်ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်ကို ကိုးကား၍ မီးသတ်၀န်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ခြောက် စီး၊ ရေသယ်ယာဉ် နှစ် စီး၊ အရန်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့၀င် ၄၀ တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း၊ မီးလောင်မှုကြောင့် ၁၀ ပေ၊ ပေ ၃၀ အကျယ်အ၀န်းရှိသော တိုက်ခန်း(ဆိုင်ခန်း)အတွင်းပိုင်းနှင့် အထည်အလိပ်များ ပျက်စီးပြီး လူထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးအား မီးသတ်ဦးစီးဌာနက ၈၀၀,၀၀၀ကျပ် သတ်မှတ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော ဆိုင်ခန်းပိုင်ရှင်အား အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)ရဲစခန်းတွင် (ပ)၉၃/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly