ချမ်းမြသာစည်မြို့နယ်တွင် ရာအိမ်မှူးအိမ် ဗုံးပစ်ခံရ၊ ၁ဦးသေဆုံး

By 008 (မဇ္ဈိမ)
19 May 2023
ချမ်းမြသာစည်မြို့နယ်တွင် ရာအိမ်မှူးအိမ် ဗုံးပစ်ခံရ၊ ၁ဦးသေဆုံး

မန္တလေးတိုင်း ၊ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ရာအိမ်မှူးဦးသန်းနိုင်၏ နေအိမ်အား ယနေ့ မေလ ၁၉ရက် နံနက် ၇ နာရီ ၁၀မိနစ်ခန့်က လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

"ဗုံးပစ်ခံရတာ။ နှစ်ယောက် ဒဏ်ရာရတယ်၊ ဆိုင်ကယ်နဲ့ လာပစ်သွားတာပါ"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပစ်ခံရစဉ် နေအိမ်အရှေ့တွင် ထိုင်နေသည့် အသက် ၆၇နှစ်အရွယ် ရာအိမ်မှူးဆိုသူ၏မိခင်သည် နေရာ၌ သေဆုံးခဲ့ပြီး ကိုဖိုးချစ်နှင့်မအေးနွယ်တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ရာအိမ်မှူး ဦးသန်းနိုင်သည် အောင်ပင်လယ် သပိတ်ကော်မတီဝင်များအား သတင်းပေးဖမ်းဆီးခိုင်းခြင်း၊ ရပ်ကွက်အတွင်းမှ လူငယ်တစ်ချို့ကို PDFနှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခိုင်းခြင်း စသည်တို့ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းပြီး လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

" ရပ်ကွက်အပေါ် အတော်အနိုင်ကျင့်ပါတယ်။ အခု အပစ်ခံရတဲ့အချိန်က သူမရှိဘူးလည်း ပြောသံကြားတယ်။ထွက်ပြေးတယ်လို့လည်း ကြားတယ်"ဟု အခြားဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် အပစ်ခံရသည့် နေအိမ်ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly