ရန်ကုန် - စစ်တွေ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်

By ဂန္ဒမာ (မဇ္ဈိမ)
18 May 2023
ရန်ကုန် - စစ်တွေ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် ရန်ကုန် - စစ်တွေ လေကြောင်းလိုင်းများကို  ငါးရက်ကြာပိတ်သိမ်းခဲ့ပြီးနောက် ယနေ့ မေလ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း Myanmar Airways International (MAI) ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပိတ်ထားတာက မုန်တိုင်းမတိုက်ခင် တစ်ရက် ၁၃ ရက်နေ့ကနေ စပိတ်တာ၊ ၁၇ ရက်နေ့အထိ။ ဒီနေ့တော့ပြန်ဖွင့်ပြီ။ လေကြောင်းပြေးဆွဲမှု လျှော့ချထားတာမရှိဘူး အရင်အတိုင်းပဲ။ လက်မှတ်စျေးနှုန်းလည်းအပြောင်းအလဲမရှိပါဘူး” ဟု Myanmar Airways International (MAI) မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။ 

မိုခါ မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ရှိ အဆောက်အအုံ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီးခဲ့ပြီး စစ်တွေလေဆိပ် အမိုးများလန်ကာ အဆောက်အအုံများ နှင့် နားနေဆောင်များပျက်စီးခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သည့်ရက်များက ရန်ကုန်မှ စစ်တွေ ၊ စစ်တွေမှ ရန်ကုန် သို့ ထွက်သည့်  လေယာဉ်လည်းမတွေ့ရကြောင်း စစ်တွေလေဆိပ်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

“ရာသီဥတုအခြေအနေရော၊ လေယာဉ်ကွင်းက လေယာဉ်ဆင်းသက်ဖို့ အခြေအနေအရရော စောင့်ကြည့်နေရလို့ အဲ့ရက်တုန်းက အရေးပေါ် ကယ်ဆယ်ရေးနဲ့ လေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းပို့ လေယာဉ်တွေပဲ ဆင်းသက်နိုင်အောင်လုပ်ထားတာ။ နိုင်ငံခြားကလာလှူတာတို့၊ NGO အဖွဲ့အစည်းတွေလာတာတော့ မတွေ့မိဘူး။ ကယ်ဆယ်ရေးပစ္စည်းပို့ လေယာဉ်တွေလာရင်တောင် ရောက်ပြန်ပဲ။ အကြာကြီးပေးမနေဘူး” ဟု ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသော ရွှေပြည်တန် ရေယာဉ်ခရီးစဉ်များကိုလည်း မေလ ၁၂ ရက်မှ စတင်ရပ်နားခဲ့ရာ ၁၀ ရက်ကြာပြီးနောက် လာမည့် မေလ ၂၂ ရက်  တနင်္လာနေ့ မှ စ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required