အရှေ့တောင်အာရှ၌ ဖွံ့ဖြိုးမှုအတွက် ဆယ်စုနှစ်များကြာ စိတ်နှစ်မြှုပ်ဆောင်ရွက်မှုများကို ရှင်းပြသည့် ရိုဆာလီယာ ဆီရောတီနို 

အရှေ့တောင်အာရှ၌ ဖွံ့ဖြိုးမှုအတွက် ဆယ်စုနှစ်များကြာ စိတ်နှစ်မြှုပ်ဆောင်ရွက်မှုများကို ရှင်းပြသည့် ရိုဆာလီယာ ဆီရောတီနို 

မဇ္ဈိမ အင်တာဗျူး 

 

ရိုဆာလီယာ ဆီရောတီနိုသည် အရှေ့တောင်အာရှကို သူမ၏ အိမ်သဖွယ် ဖြစ်စေခဲ့ပြီး မနုဿဗေဒပညာရှင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လူမှုဗေဒပညာရှင်တစ်ဦးအနေဖြင့် သူမသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့်ပတ်သက်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ၏ သိရှိနားလည်မှုကို တိုးတက်စေရာတွင် ဦးဆောင်သူတစ်ဦးလည်း ဖြစ်သည်။ အီတလီဖွား တက္ကသိုလ်ဆရာတစ်ဦးဖြစ်သည့် သူမတွင် စိတ်ဝင်စားစရာကောင်းသော အလုပ်သက်တမ်းတစ်ခု ရှိပြီး သူမသည် လက်ရှိတွင် အရှေ့တောင်အာရှရှိ နိုင်ငံရေးနှင့် လူမှုရေး ကိစ္စရပ်များနှင့်ပတ်သက်၍ SEA Junction (အကျိုးအမြတ် မရည်ရွယ်သော ထိုင်း ဖောင်ဒေးရှင်းတစ်ခု) ၊ ချူလာလောင်ကွန်းနှင့် မဟီဒေါ တက္ကသိုလ်များနှင့်အတူ လက်တွဲအလုပ်လုပ်ခြင်းအားဖြင့် အများပြည်သူကို အသိအမြင်ကြွယ်စေရန် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ 

မြန်မာ့အကျပ်အတည်းအတွက် ဖြေရှင်းချက်နည်းလမ်းများ ရရှိရေး အပြင်းအထန် အားထုတ်ရန် အာဆီယံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးစဉ် ယခုသီတင်းပတ်အတွင်း ဒေါက်တာ ဆီရောတီနိုက မဇ္ဈိမ နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး သူမ၏ အမြင်များ၊ ပြီးခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း သူမ၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည်။ 

 

မဇ္ဈိမ။ ။ မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အံ့အားသင့်ခဲ့သလား။ 

ရိုဆာလီယာ ဆီရောတီနို။ ။ အင်း။ သိတဲ့အတိုင်းပဲလေ။ အဲဒီအချိန်မှာ စစ်တပ် အာဏာသိမ်းတော့မယ် ဆိုတဲ့ ကောလာဟလတွေ၊ တစ်ဆင့်စကားတွေ အများကြီး ထွက်ပေါ်ခဲ့တယ်လေ။ သိသာထင်ရှားစွာနဲ့ပဲ ရွေးကောက်ပွဲမှာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုပဲ ထောက်ခံခဲ့ကြတယ်လေ။ အဲဒီအချိန်မှာ စစ်တပ်ဘက်က ဘယ်လို တုံ့ပြန်လာမလဲ ဆိုတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိလာခဲ့တယ်။ အဲဒီလို စိုးရိမ်ပူပန်မှုတွေက တကယ်တမ်းကျတော့ အဲဒီမှာ အမြဲ ရှိခဲ့တာပေါ့။ ဒါပေမယ့် အရှေ့တောင်အာရှမှာက အာဏာသိမ်းမှုတစ်ခုနဲ့ပတ်သက်လို့ ဒီလိုမျိုး ကောလာဟလတွေက အမြဲတစေ ရှိတာက တကယ်တော့ ဖြစ်နေကျ ဆိုပေမယ့် မြန်မာမှာ အာဏာသိမ်းမှု တကယ်ပဲ ဖြစ်သွားတယ်ဆိုတာကတော့ အံ့အားသင့်စရာတစ်ခု ဖြစ်နေဆဲပါ။ ဆိုတော့ ဒါက ထင်တော့ထင်ထားတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ ဖြစ်သွားတာမျိုးပေါ့။ ဘာကြောင့်လဲဆိုတော့ ဟုတ်ပါတယ်။ လူတွေက ဒါနဲ့ပတ်သက်လို့ ပြောကြဆိုကြတယ်ဆိုရင်တောင်မှ ရှင့်အနေနဲ့ ဒါ တကယ်ပဲ ဖြစ်မှာလား၊ မဖြစ်ဘူးလားဆိုတာကို ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ ရံဖန်ရံခါမှာလည်း တကယ်တမ်း လက်တွေ့ဖြစ်မလာခဲ့တဲ့ အာဏာသိမ်းမှု ကောလာဟလတွေ ရှိခဲ့တာပဲလေ။ 

 

 

မဇ္ဈိမ။ ။ ဒီနေရာမှာ ထင်သာမြင်သာရှိတာတာကတော့ မြန်မာစစ်အာဏာသိမ်းမှုဟာ အာဆီယံအပေါ်၊ နောက်ပြိး အရေးကိစ္စတွေနဲ့ပတ်သက်လို့ အာဆီယံက ဘယ်လိုဘယ်ပုံ ကိုင်တွယ်သလဲ ဆိုတဲ့အပေါ်မှာ သိသာထင်ရှားတဲ့ သက်ရောက်မှုတစ်ခု ရှိစေခဲ့တယ်ဆိုတာပါ။ ဆိုတော့ မြန်မာအကျပ်အတည်းအပေါ် အာဆီယံရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။ 

ရိုဆာလီယာ ဆီရောတီနို။ ။ သူတို့ (အာဆီယံ) အနေနဲ့ ဒီအကျပ်အတည်းကို ကိုင်တွယ်နိုင်စွမ်း မရှိဘူးဆိုတာ အင်မတန် သိသာရှင်းလင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ တကယ်တမ်းပြောရရင် မြန်မာစစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက သူတို့ဟာ အာဆီယံရဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ နည်းလမ်း၊ နောက်ပြီး ကြားဝင် မစွက်ဖက်ရေး ဆိုတာနဲ့ အများသဘောဆန္ဒ ဆိုတဲ့ မူနှစ်ရပ်နဲ့ပတ်သက်လို့ အမြဲ ညည်းညူတိုင်တန်းနေခဲ့ကြပါတယ်။ ကြားဝင် မစွက်ဖက်ရေး ဆိုတာနဲ့ အများသဘောဆန္ဒ ဆိုတဲ့ မူနှစ်ရပ်က ကြည့်ရတာတော့ အာဆီယံ အဖွဲ့အစည်းကို တုံ့ဆိုင်းစေပြီး အရှိန်နှေးဖင့်စေပုံရပါတယ်။ ဆိုတော့ အာဆီယံဟာ ပြောဆိုဆွေးနွေးနေတာပဲ ရှိပြီး အရေးယူဆောင်ရွက်တာကျတော့ အင်မတန် နှေးကွေးနေတယ်၊ နောက်ပြီး အဖွဲ့ဝင်နိုင်ငံတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်စပ်နေတဲ့ လမ်းကြောင်းနဲ့ပတ်သက်လို့ အမြဲတစေ အင်မတန် သတိထားလုပ်ကိုင်တယ် ဆိုပြီး ဝေဖန်မှုတွေ အမြဲရှိခဲ့ပါတယ်။ 

ဒါပေမယ့် ကျွန်မအမြင်မှာတော့ နိုင်ငံဖြတ်ကျော် ပြဿနာတစ်ခုအတွက် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာတဲ့အခါမှာ အာဆီယံကို ဖွဲ့စည်းထားတဲ့ နည်းလမ်းက အလျင်အမြန် အရေးယူဆောင်ရွက်မှုအတွက် အဟန့်အတားဖြစ်စေပြီး ပဏာမခြေလှမ်းအပေါ် ထိန်းချုပ်နေတယ် ဆိုတာကို မြန်မာ့အခြေအနေက ပြသထားတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးကျရင် မြန်မာနိုင်ငံရဲ့ အခြေအနေက အိမ်နီးချင်းနိုင်ငံတွေရော ဒေသတစ်ခုလုံးအပေါ်မှာရော သက်ရောက်မှာဖြစ်လို့ပါ။ ဆိုတော့ ဒါက အားလုံးအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းတို့ဟာ မြန်မာမှာ ရှိနေတဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူတွေထဲမှာ ပါတယ်ဆိုတာ ကျွန်မတို့ မမေ့သင့်ပါဘူး။ ဆိုတော့ သူတို့ဟာ စီးပွားရေး အကျိုးတရားတွေအပြင် ပထဝီနိုင်ငံရေး အကျိုးတရားတွေ ရှိနေတယ်။ ဒီတော့ သူတို့ရဲ့ အနီးအနားမှာ ဒီလိုမျိုး အခြေအနေတစ်ခု မရှိစေဖို့က သူတို့ရဲ့ အကျိုးတရားထဲမှာ ရှိနေပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ သူတို့ဟာ သူတို့လုပ်သင့်သလောက် မလုပ်ဆောင်နိုင်ကြသေးပါဘူး။ 

 

မဇ္ဈိမ။ ။ ဒီသီတင်းပတ်ထဲမှာ အာဆီယံ အစည်းအဝေးတစ်ခု ရှိတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာ့အကျပ်အတည်းကိစ္စ လွှမ်းမိုးမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာမှာ အာဆီယံ ယာဉ်တန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့်လည်း တစ်စိတ်တစ်ဒေသ သက်ဆိုင်လို့ပါ။ အဲဒါက လူတွေကို သတိပြုမိစေပါလိမ့်မယ်။ ဆိုတော့ ဒီအစည်းအဝေးကနေ ဘယ်လိုအကျိုးဆက် ထွက်လာမယ်လို့ ထင်ပါသလဲ။ 

ရိုဆာလီယာ ဆီရောတီနို။ ။ မြန်မာက (ယခုသီတင်းပတ်အတွင်း အာဆီယံက ဆွေးနွေးမယ့်) တစ်ခုတည်းသော ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်မအမြင်ရတော့ စားပွဲဝိုင်းမှာ ဆွေးနွေးမယ့် ကိစ္စရပ်အများအပြား ရှိနေပါတယ်။ ဒါတွေကတော့ စီးပွားရေး တိုးတက်မှုနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်ပူပန်နေရတာ၊ ကိုဗစ် အလွန် ပြန်လည် နာလန်ထူထောင်ရေး၊ တောင်တရုတ်ပင်လယ် အရေးကိစ္စ၊ အာဆီယံမှာ တီမော လက်စ်တေ ထပ်တိုး ပါဝင်ဖို့ကိစ္စတို့ဖြစ်ပါတယ်။ အခြားကိစ္စတချို့လည်း ရှိပါတယ်။ ဒါပေမယ့် သေချာတာကတော့ မြန်မာ့အရေးဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ပြီးတော့ အင်ဒိုနီးရှားရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မျှော်မှန်းချက်တွေ အများအပြား ရှိနေပါတယ်။ အင်ဒိုနီးရှားဟာ သူ့အရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ အခြားနိုင်ငံတွေထက် ပိုပြီး လုပ်ဆောင်နိုင်တယ်လို့ ရှုမြင်ခံထားရပါတယ်။ 

ကျွန်မအနေနဲ့ကတော့ ဒါနဲ့ပတ်သက်လို့ မျှော်လင့်ချက် ကြီးကြီး မထားဘူးလို့ပဲ ပြောရပါလိမ့်မယ်။ ဟုတ်ပါတယ်။ သူတို့ဟာ ပိုပြီး အတွေ့အကြုံများပါတယ်။ သိသာတာက အင်ဒိုနီးရှားမှာ အရမ်းကို တော်တဲ့ နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ရှိတယ်။ အင်ဒိုနီးရှားသမ္မတဆိုရင် သူ့ကိုယ်သူ ပုံဖော်ဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားနေတယ်ဆိုတာနဲ့ ဒေသတွင်းမှာ ဒီမိုကရေစီကို လိုလားတဲ့ အထင်အမြင်တစ်ခုကို ပေးရာမှာ အင်မတန်ကို လုပ်နိုင်စွမ်း ရှိသူဖြစ်တယ်။ ဒီနှစ်က သူ့ရာထူးသက်တမ်းရဲ့ နောက်ဆုံးနှစ်ပါ။ ဆိုတော့ သေချာတာကတော့ ကောင်းတဲ့ အထင်အမြင်တစ်ခု ပေးဖို့ ရည်ရွယ်ချက်ပေါ့။ ဖြစ်ကောင်းဖြစ်နိုင်တာက အခြားသမ္မတဟောင်းတွေ လုပ်ခဲ့သလို နိုင်ငံတကာ သဘောထားရပ်တည်ချက်တချို့အတွက် ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက အပြောသက်သက်ကနေ ကျော်လွန်မှာလား၊ ကျွန်မကတော့ အကောင်းမမြင်တတ်တဲ့ လူတစ်မျိုးပါ။ ဒါပေမယ့် တကယ်တမ်းမှာ ဒါနဲ့ပတ်သက်လို့ မှားပါစေလို့ပဲ ကျွန်မ မျှော်လင့်တယ်။ 

ပြီးတော့ ရှင် ပြောတဲ့ အာဆီယံ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်၊ နောက်ပြီး အားလုံးကို အတူတကွ စုဝေးပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြားထားတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီရဲ့ ဒီဖြစ်စဉ်အပေါ် တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ပြောရရင် အဲဒီဖြစ်စဉ်က အဲဒီမှာ ဘာဖြစ်ခဲ့သလဲ ဆိုတာက တကယ့်ကို ရှင်းရှင်းလင်းလင်း မရှိဘူးဆိုတာနဲ့ စပြောရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ကပဲ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ် ဆိုပြီး စောင်းပါးရိတ်ခြည် ပြောတာရှိတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အဲဒါက PDF ထိန်းချုပ်တဲ့ နယ်မြေတစ်ခု မဟုတ်ဘူး။ ဆိုတော့ မြန်မာစစ်ကောင်စီဘက်က အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတွေကို လမ်းကြောင်းမှားတစ်ခုဆီ တွန်းပို့ဖို့ စမ်းသပ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ 

နောက်ပြီး ကြည့်ရတာ အာဆီယံ AHA စင်တာဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့၊ ကြားနေ မဟုတ်တဲ့ နည်းလမ်းတစ်ခုနဲ့ လည်ပတ်လုပ်ကိုင်နေပုံရပါတယ်။ 

စိတ်ဝင်စားစရာက အာဆီယံဟာ သူ့အမှုထမ်းတွေအတွက်တော့ အင်မတန့်ကို အပြင်းအထန် တုံ့ပြန်ခဲ့ပေမယ့် မြန်မာအာဏာသိမ်းစစ်အုပ်စု နေ့စဉ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုကျတော့အလားတူအတိုင်း အပြင်းအထန် တုံ့ပြန်တာမျိုး မရှိတာပဲဖြစ်တယ်။ 

ကျွန်မ အမြင်မှာတော့ တကယ်လို့သာ အင်ဒိုနီးရှားသာ အလေးအနက်ထားတယ်ဆိုရင် သူတို့အနေနဲ့ နှစ်ဦးနှစ်ဖက် ပါဝင်တဲ့ ပဏာမခြေလှမ်းတွေ အစပျိုးလို့ ရနိုင်ခဲ့ပါတယ်။ “အသံတိတ် ဒစ်ပလိုမေစီ” မသုံးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လူသိရှင်ကြား ဆွေးနွေးတိုင်ပင်လို့ ရနိုင်ခဲ့ပါတယ်။ NUG ကို အသိအမှတ်ပြုလို့ ရနိုင်ခဲ့တယ်။ တကယ်လို့သာ အာဆီယံနိုင်ငံတွေဘက်က အလေးအနက်ထားတယ်ဆိုရင် သူတို့အနေနဲ့ NUG ကို အသိအမှတ်ပြု၊ အစည်းအဝေး စားပွဲဝိုင်းကို လာဖို့ ဖိတ်ကြားရင်းနဲ့ ပြသသင့်ပါတယ်။ ဆိုတော့ အဲဒါကတော့ သူတို့ ခုလုပ်နေတာနဲ့ကတော့ အတော်လေး ဝေးနေပါသေးတယ်။ 

 

မဇ္ဈိမ။ ။ ဟုတ်ကဲ့။ ဒီကနေ ဆက်ပြောရရင် မြန်မာအကျပ်အတည်းဟာ နိုင်ငံတွင်းက ရှိရင်းစွဲ အခြေအနေတွေကို ပိုမိုဆိုးဝါးစေခဲ့တယ်။ ဆင်းရဲမွဲတေမှု၊ နေရပ်စွန့်ခွာရမှု၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ စတဲ့ ကိစ္စမျိုးတွေလို့ပေါ။ ဆိုတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ (CSOs) တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေ (NGOs) တွေနဲ့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာရော ဘယ်လို မြင်သလဲ၊ သူတို့ဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေအတွက် မြေပြင်မှာ အခြေအနေကို တိုးတက်စေဖို့ တကယ်ပဲ ကြိုးစားနေသလား။  

ရိုဆာလီယာ ဆီရောတီနို။ ။ ဟုတ်ကဲ့။ ပြည်တွင်း NGOs တွေ၊ သူတို့ဟာ တကယ်ပဲ ချီးကျူးထိုက်ပါတယ်၊ ဟုတ်တယ်မလား။ သူတို့ဟာ အင်မတန် ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ ကြိုးစားလုပ်ကိုင်နေကြတယ်။ တကယ်ကတော့ ကျွန်မတို့ဟာ မြန်မာနိုင်ငံထဲမှာ ခွဲခြားသိဖို့ လိုပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်တဲ့ ဧရိယာတချို့ ရှိတယ်။ အဲဒါတွေက ခုလိုမျိုး ပဋိပက္ခ အရှိန်မြင့်နေချိန်မှာ အခြားနေရာတွေထက် ပိုပြီးဘေးကင်းတဲ့ နယ်မြေမျိုးတွေ ဖြစ်ပါတယ်။ ရန်ကုန်ကတော့ အာဏာသိမ်းစစ်အုပ်စု အဓိက ထိန်းချုပ်ထားတယ်။ ဆိုတော့ နိုင်ငံထဲမှာ နေရာအပေါ် မူတည်ပြီး အပြောင်းအလဲတွေ လုပ်ရတဲ့ အခက်အခဲတွေကတော့ အတိုင်းအတာတစ်ခု ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ ပြည်တွင်းကနေနဲ့ နယ်စပ်ဒေသတွေကနေတဆင့် လူသားချင်းစာနာမှု အကူအညီနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေကို ထောက်ပံ့ပေးအပ်ဖို့ အကောင်းဆုံး ကြိုးစားနေကြတယ်။ 

ခုချိန်မှာ ကျွန်မ မြင်တာကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းက ပိုပြီး အမျိုးမျိုးအဖုံဖုံ ဖြစ်နေတယ်။ ကုလသမဂ္ဂနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေခဲ့တယ်။ ကုလသမဂ္ဂဟာ နိုင်ငံအတွင်းကနေ ဆက်လက်လုပ်ကိုင်ချင်နေတယ်၊ စစ်အုပ်စုနဲ့ ဆက်ဆံနေတယ်၊ အဲဒီလိုနဲ့ စစ်အုပ်စုကို အသိအမှတ်ပြုမှုပေးနေတယ် ဆိုပြီး တိုင်တန်းချက်တွေ၊ ဝေဖန်မှုတွေ ရှိနေတယ်။ သူတို့ဟာ ပုံမှန်အတိုင်း မဖြစ်သင့်တဲ့ အခြေအနေတစ်ခုကို ပုံမှန်ပြန်ဖြစ်စေနေတယ် ဆိုပြီး စိုးရိမ်မှုတွေ ရှိနေတယ်။ ဒါကြောင့်လည်း ဝေဖန်မှုတွေ ရှိနေတာဖြစ်တယ်။ ပြီးတော့ စစ်တပ်နဲ့ အရောတဝင် မနေဖို့ NGOs တွေ၊ အရပ်ဖက်လူမှုအဖွဲ့တွေနဲ့ အခြားမဟာမိတ်အဖွဲ့တွေက ကုလသမဂ္ဂဆီ အိတ်ဖွင့်ပေးစားတွေ ပေးတာနဲ့ ကြေညာချက်တွေလည်း ရှိခဲ့ပါတယ်။ 

ပြည်တွင်း အဖွဲ့အစည်းတစ်ခုကနေတဆင့် လုပ်လို့ရနိုင်တဲ့ အလုပ်‌တွေ အများကြီး ရှိပါတယ်။ ကုလအတွက်က ပြည်တွင်းမှာ ရှိနေဖို့ သေချာပေါက် မလိုအပ်ပါဘူး။ တကယ်တမ်းမှာ ကုလသမဂ္ဂက သူတို့ဟာ လူသားချင်းစာနာမှု အကြောင်းရင်းတွေအတွက် ဒီမှာ (မြန်မာမှာ) ရှိနေတာ၊ ပြည်သူတွေကို ကူညီဖို့ သူတို့ ဒီမှာ ရှိနေတာကို ပြောပါတယ်။ ဒါပေမယ့် ကုလရဲ့ အကူအညီပေးမှုက စစ်အုပ်စုကို အသိအမှတ်ပြုမှုအဖြစ် သွယ်ဝိုက်ညွှန်းဆိုရာရောက်တယ်ဆိုရင် အဲဒီ အကူအညီ မလိုချင်ဘူးလို့ လူတော်တော်များများက ပြောပါတယ်။ အကူအညီပေးမှုက စစ်အုပ်စုကို အာဏာမှာ ပိုကြာကြာဆက်ရှိစေဖို့ အထောက်အကူဖြစ်စေတယ်ဆိုရင် အဲဒီအခါမှာ ကုလက အကူအညီပေးမယ့် ပြည်သူတွေအတွက်လည်း ပိုပြီး ဒုက္ခရောက်စေမယ့် အကျိုးဆက်တွေ ဖြစ်စေပါလိမ့်မယ်။ ဆိုရရင် ကုလသမဂ္ဂအတွက်ကတော့ မြန်မာနိုင်ငံထဲမှာ လုပ်ကိုင်တာနဲ့ပတ်သက်ပြီး အဲဒါက အငြင်းပွားဖွယ်ရာ ဆက်ဖြစ်နေဆဲလို့ ကျွန်မထင်ပါတယ်။ ပြင်ပကနေ ဖိအားပေးတာနဲ့ပတ်သက်လို့ကတော့ ကုလအနေနဲ ခေါင်းရှောင်ဖို့အတွက် အာဆီယံကို အသုံးမပြုဘဲ ခုထက် အများကြီး ပိုလုပ်သင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ 

 

မဇ္ဈိမ။ ။ အဲဒီတော့ ဆိုရရင် အခြေအနေက ကြည့်ရတာ အဲဒီအတိုင်း ဖြစ်နေတယ်။ ကုလသမဂ္ဂဟာ စစ်တပ်နှင့် ထိတွေ့ဆက်ဆံဖို့ အာဆီယံကို နည်းလမ်းတစ်ခုလို အသုံးချနေတယ်လို့ ထင်ရတယ်။ 

ရိုဆာလီယာ ဆီရောတီနို။ ။ အပြင်ပန်းအရတော့ အဲဒါက တကယ့်ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးတဲ့ နည်းလမ်းတစ်ခုလိုမျိုး ဖြစ်တာပေါ့။ ဒီကိစ္စက ဒေသတွင်း ကိစ္စတစ်ခုဖြစ်တယ်။ ဒါကြောင့် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုကနေတဆင့်ပဲ ဖြေရှင်းသင့်တယ်ပေါ့။ အနောက်နိုင်ငံတွေဖြစ်တဲ့ ငါတို့ကတော့ ဝင်မစွက်ဘူးပေါ့။ ဒါပေမယ့် ဒါဟာ ခက်ခဲတဲ့ အခြေအနေတစ်ခုကို ကိုင်တွယ်ဖြေရှင်းရမှာကို လက်ရှောင်တဲ့ ပုံပန်းသွင်ပြင်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ခုလောလောဆယ်မှာ အနောက်နိုင်ငံတွေဟာလည်း အခြားစိုးရိမ်ပူပန်စရာ ကိစ္စတွေ ရှိနေတယ်။ ဆိုတော့ “ဒီကိစ္စနဲ့ပတ်သက်လို့ ခင်ဗျားတို့ပဲ ဦးဆောင်လိုက်ပါ” လို့ ပြောဖို့ အာဆီယံက နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်။ ဒါပေမယ့် အာဆီယံကလည်း ဘုံသဘောတူညီချက် ငါးချက်နဲ့ပဲ ဒီကိစ္စအပေါ် အလေးအနက် မရှိဘူးဆိုတာ ပြသထားတယ်။ အဲဒီ အချက်ငါးချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး မပြောသလို အလေးအနက် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်တဲ့ အခြားကိစ္စတွေနဲ့ပတ်သက်လို့လည်း ပြောမထားပါဘူး။ ဒါပေမယ့် အာဆီယံဟာ သူတို့ရဲ့ ဒီ အားနည်းတဲ့ အချက်တွေကိုတောင်မှ အကောင်အထည်ဖော်နိုင်စွမ်း မရှိဘူး။ ဆိုတော့ ဒီလိုမျိုး အခန်းကဏ္ဍတစ်ခုကို အာဆီယံဆီ ပုံအပ်တာက ပြဿနာဖြစ်နေတယ်။ 

 

 

မဇ္ဈိမ။ ။ ဟုတ်ကဲ့၊ ခုနက ပြောသလို နိုင်ငံတကာရဲ့ အာရုံက အခြားနေရာတွေမှာ ရှိနေတယ်။ ဒါကလည်း မြန်မာပြည်သူတွေ စောဒကတက်ပြောဆိုတဲ့ အချက်တွေထဲမှာ ပါပါတယ်။ အားလုံးဟာ ယူကရိန်းစစ်ပွဲအပေါ်မှာပဲ အာရုံစိုက်နေခဲ့တယ်လို့ သူတို့ ပြောပါတယ်။ မြန်မာအပေါ်ကျတော့ အာရုံမစိုက်ဘူးလို့ ပြောတယ်။ ဆိုတော့ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေက မြန်မာဆီ မရောက်တော့ဘဲ ဖြစ်သွားတယ်လို့ ထင်ပါသလား။  

ရိုဆာလီယာ ဆီရောတီနို။ ။ ကံမကောင်းတာကတော့ ဒါက ဟိုး အစကတည်းက ပြဿနာတစ်ခု ဖြစ်ခဲ့တယ်။ အာဏာသိမ်းမှု စဖြစ်ချိန်မှာ COVID-19 ကူးစက်မှုတွေ ဖြစ်နေတယ် ဆိုတာနဲ့ ကမ္ဘာကြီးဟာ အဲဒီကပ်ရောဂါကြောင့် ဖိစီးခံနေခဲ့ရတယ် ဆိုတာကို မေ့ထားလို့မရဘူး။ ကျွန်မ ပြောချင်တာက အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း လအနည်းငယ်အတွင်းမှာ ဒယ်လ်တာ (COVID-19 မျိုးကွဲ) ကူးစက်မှုတွေ ဖြစ်နေခဲ့တယ်။ အဲဒီမျိုးကွဲက မြန်မာအပြင် အခြားနိုင်ငံတွေအတွက် အင်မတန် ပြင်းထန်ခဲ့တယ်။ အဲဒီနောက်မှာ အာဖဂန်နစ္စတန်ကိစ္စ ဖြစ်တယ်။ ခုတော့ ယူကရိန်းကိစ္စပေါ့။ ဆိုတော့ အာရုံစိုက်ခံရတဲ့ အခြားအကျပ်အတည်းတချို့က အမြဲ ရှိတယ်။ 

ဒါပေမယ့် တကယ်လို့သာ နိုင်ငံရေးစိတ်ဆန္ဒ ရှိတယ်ဆိုရင် အခြားအကျပ်အတည်းတွေကို အသာမေ့ထားပြီး အကျပ်အတည်းတစ်ခုကပဲ ပြဿနာဆိုပြီး မဖြစ်သင့်ဘူး။ အကြောင်းရင်း အများအပြား ရှိတယ်လို့ ကျွန်မ ထင်တယ်။ ဒီလိုမျိုး ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို သဘောပေါက်နားလည်ဖို့ ပြည်သူတွေ ကြိုးစားနေကြတယ်။ ရှင်းလင်းတာက ယူကေရဲ့ အခြေအနေပေါ့။ ကျွန်မတို့ ပြီးခဲ့တဲ့ကာလတွေကို ပြန်ကြည့်မယ်ဆိုရင် ယူကေဟာ ပုံမှန်အားဖြင့် အင်မတန် တက်ကြွခဲ့ပြီး ထိတွေ့ဆက်ဆံခဲ့တာကို တွေ့ရပါမယ်။ အမေရိကန်ဆိုရင်လည်း အရင်က အရမ်းကို တက်ကြွတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့တယ်။ ခုချိန်မှာတော့ သူတို့ဟာ နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်ရင် အဲဒီလိုမျိုး ရှိမနေတော့ဘူး။ ဒါကလည်း ယေဘုယျအားဖြင့် မြန်မာအပါအဝင် အရှေ့တောင်အာရှဟာ သူတို့ရဲ့ ဦးစားပေးဒေသတစ်ခု မဟုတ်ဘူး။ 

ထင်သာမြင်သာတဲ့ လူပုဂ္ဂိုလ်တစ်ဦး ဒါမှမဟုတ် ပြယုပ် ရှိမနေဘူးလို့ တချို့က ပြောပါတယ်။ ယူကရိန်းနဲ့ ဇယ်လန်စကီးကို ကြည့်ပါ။ ဇယ်လန်စကီးဆိုတာက ကျွန်မ အနှစ်သက်ဆုံး ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ အများအာရုံစိုက်မှုကို ရယူနိုင်စွမ်းရှိတဲ့ လူတစ်ယောက်အဖြစ် ရှုမြင်ခံရတယ်။ တစ်ချိန်တည်းမှာ အခု မြန်မာကိစ္စမှာကျတော့ ကျွန်မတို့မှာ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ပြယုဂ် ပုဂ္ဂိုလ်တစ်ဦး ရှိမနေဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်တွင်းမှာတော့ အလွန်ကို ပေါ်ပြူလာ ဆက်ဖြစ်နေဆဲပါ။ ဒါပေမယ့် ရှင်တို့ သိတဲ့အတိုင်း ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာကျတော့ သူမဟာ အများလက်ခံနိုင်မှု အများအပြား ဆုံးရှုံးထားခဲ့ရတယ်။ အဲဒါကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီအကျပ်အတည်းကို တုံ့ပြန်ပုံအပေါ် လွှမ်းမိုးစေပါတယ်။ ဆိုတော့ အတူတကွ ပေါင်းစည်းနေတဲ့ အကြောင်းအချက် အစုအဖွဲ့တစ်ခု ရှိပါတယ်။ ဒါပေမယ့်၊ ဟုတ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ မြန်မာအပေါ် အာရုံစိုက်မှုကတော့ ရသင့်သလောက်တော့ ဘယ်တော့မှ တကယ်ပဲ မရခဲ့တာတော့ မှန်ပါတယ်။ 

 

မဇ္ဈိမ။ ။ ဟုတ်ကဲ့၊ အဲဒီလိုပါပဲ။ မြန်မာရဲ့ တကယ့်အစိုးရစစ် အဖြစ် ထုတ်ဖော်ရပ်တည်ထားတဲ့ NUG မှာ တကယ့်ကို ထင်သာမြင်သာရှိတဲ့ အများပြည်သူကိုယ်စားပြုမျက်နှာ ရှိမနေဘူး။ ဒါကလည်း ပြဿနာရဲ့ တစိတ်တပိုင်းလို့ ပြောကြတယ်။ ပြည်သူတွေ လက်ခံအသိအမှတ်ပြုပြီး ဦးတည်စုဝေးနိုင်မယ့် ပုဂ္ဂိုလ်တစ်ဦး ရှိမနေဘူး။ ဒါက NUG အတွက် ပြဿနာတစ်ခုလို့ ထင်ပါသလား။ 

ရိုဆာလီယာ ဆီရောတီနို။ ။ ဒါကတော့ လူအတော်များများက ပြဿနာလို့ မြင်တဲ့ ကိစ္စပါ။ ကျွန်မ တစ်ဦးတည်းအမြင်ရ ပြောရရင် အတိုက်အခံတွေအတွက် ပြယုဂ် ပုဂ္ဂိုလ်တစ်ဦး ရှိဖို့က အမြဲတမ်းတော့ မလိုအပ်ဘူးလို့ ကျွန်မ ယူဆချင်တယ်။ အမှန်တကယ်ကတော့ မတူတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အတူတကွ လုပ်ဆောင်နိုင်၊ ပြောနိုင်ဆိုနိုင်တဲ့ တကယ့်ကို လုပ်နိုင်စွမ်းရှိသူတွေ ပါတဲ့ အဖွဲ့တစ်ဖွဲ့ ကျွန်မတို့မှာ ရှိရင် ပိုကောင်းပါတယ်။ ဒါပေမယ့် ဒီ မီဒီယာကဏ္ဍမှာက ကျွန်မတို့ဟာ စူပါဟီးရိုးတွေ၊ အများအာရုံကို ဆွဲဆောင်နိုင်မယ့်သူတွေ ရှိချင်ပါတယ်။ NUG ဟာ အရမ်းကို အားကောင်းတဲ့ ဝန်ကြီးတချို့နဲ့ ခက်ခဲတဲ့ အခြေအနေတွေမှာ ကောင်းကောင်း လုပ်ဆောင်ထားနိုင်တယ်၊ ဒါပေမယ့် အဲဒီနောက်မှာလည်း မတူညီတဲ့ ဝန်ကြီးဌာနတွေရဲ့ ဒီအသံတွေအားလုံးကို ဘယ်လို စုစည်းမယ်၊ ဒါကို ပိုပြီး အတူတကွ ဖြစ်စေဖို့ ဘယ်လိုလုပ်မယ်၊ သူတို့ လက်ရှိအချိန်အထိ လုပ်ထားတာတွေထက် ပိုကောင်းတဲ့ နည်းလမ်းတစ်ခုနဲ့ သူတို့ လုပ်နေတာအားလုံးကို ဘယ်လိုချိတ်ဆက်မယ် ဆိုတာကိုလည်း လုပ်နေပါတယ်။ ဆိုတော့ ဒါက ပြယုဂ်တစ်ဦး မရှိတာက သေချာပေါက် မဟုတ်ပေမယ့် သေချာတာက ဆက်သွယ်ချိတ်ဆက်ရေး မဟာဗျူဟာကို ဘယ်လို တိုးတက်အောင်လုပ်မလဲ ဆိုတာပဲဖြစ်တယ်။ ဒါက ကမ္ဘာလုံးဆိုင်ရာ အများပြည်သူတို့ လိုအပ်တဲ့အရာဖြစ်တယ်။ ကံမကောင်းတာက ဒီကမ္ဘာကြီးဟာ တကယ့်ကို အများပြည်သူ ဆက်ဆံရေးကို အခြေပြုနေတယ်။ 

 

မဇ္ဈိမ။ ။ ဟုတ်ကဲ့၊ ဆက်ပြီး ဆွေးနွေးရမယ်ဆိုရင် ခင်ဗျားရဲ့ ကိုယ်ရေးအတ္တုပတ္တိနဲ့ ခင်ဗျား ပါဝင်ဆောင်ရွက်ခဲ့တဲ့ အခန်းကဏ္ဍတွေကို ကြည့်လိုက်တော့ ခင်ဗျားဟာ တာဝန်တွေ အများကြီး ယူခဲ့တယ်လို့ ထင်ရတယ်။ ဆိုတော့ မြန်မာနဲ့ ဆက်စပ်ပြီး Rockefeller ဖောင်ဒေးရှင်းရဲ့ဒေသဆိုင်ရာ ဒါရိုက်တာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့တာနဲ့ပတ်သက်လို့ ပြောပြပေးပါဦး။ 

ရိုဆာလီယာ ဆီရောတီနို။ ။ ဟုတ်ကဲ့ပါ။ ကျွန်မက မနုဿဗေဒပညာရှင်တစ်ဦးအနေနဲ့ စလုပ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်မက အထူးသဖြင့်တော့ အမေရိကန် ဖောင်းဒေးရှင်းတွေ အပါအဝင် အလှူရှင် အဖွဲ့အစည်းတွေမှာ အဓိက လုပ်ခဲ့တာပါ။ ကျွန်မကိုယ်တိုင်က ဥရောပသူဖြစ်ပေမယ့် ကျွန်မဟာ ကနဦး ၁၉၉၃ ကတည်းက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာ Ford ဖောင်ဒေးရှင်းအတွက် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ Rockefeller ဖောင်ဒေးရှင်းရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်လာခဲ့ပြီး ၂၀၀၀ မှာ ဘန်ကောက်မှာ ရုံးဖွင့်ခဲ့တယ်။ အဲဒီနောက် ဒီရုံးမှာ ကျွန်မတို့ဟာ ဒေသပေါင်းစည်းမှုရဲ့ နိုင်ငံဖြတ်ကျော် သက်ရောက်မှုတွေအပေါ် အာရုံစိုက်တဲ့ ပရိုဂရမ်တစ်ခုကို ရေးဆွဲခဲ့ပါတယ်။ အဲဒါကတော့ အရှေ့တောင်အာရှရဲ့ ဆိုရှယ်လစ် နိုင်ငံတွေ ကမ္ဘာ့ဈေးကွက်ကို စတင် ဖွင့်လှစ်ပေးလာခဲ့တဲ့ ကာလမှာဖြစ်ပါတယ်။ ၁၉၉၂ မှာ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီနဲ့အတူ မြန်မာ အပါအဝင် အရှေ့တောင်အာရှ ငါးနိုင်ငံနဲ့ တရုတ်ရဲ့ ယူနန်ပြည်နယ်တို့ဟာ သူတို့အကြား စီးပွားရေး ပေါင်းစည်းမှုကို အားပေးဖို့ မဟာမဲခေါင် ဒေသခွဲ (GMS) ကို ဖွဲ့စည်းခဲ့တယ်။ အဲဒါကို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု ပုံစံအားလုံးကနေတဆင့် စီးပွားရေး အာရုံစိုက်မှုတစ်ခုနဲ့လုပ်ခဲ့တယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်မှုရဲ့ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ကျန်းမာရေး ရှုထောင့်တွေအတွက် အာရုံစိုက်မှု အလွန်နည်းခဲ့တယ်။ ဒါကြောင့် ဒါက Rockefeller ဖောင်ဒေးရှင်းက အာရုံစိုက်ခဲ့တဲ့ ထောက်ပံ့ကြေး ခွဲဝေသတ်မှတ်ချထားမှု အစီအစဉ် ဖြစ်ပါတယ်။ အဲဒါကို “နယ်နိမိတ်များကို ဖြတ်ကျော် လေ့လာခြင်း” လို့ ခေါ်ပြီး အဲဒါက အဲဒီအချိန်မှာ နယ်စပ်ဖြတ်ကျော် ကျန်းမာရေးလိုမျိုး နိုင်ငံဖြတ်ကျော် ကိစ္စတွေကို ကိုင်တွယ်ဖို့ GMS မှာ ပါတဲ့ နိုင်ငံတွေထဲက ပြည်တွင်း အဖွဲ့အစည်းတွေရဲ့ လုပ်နိုင်စွမ်းကို တည်ဆောက်ဖို့ ငွေကြေးထောက်ပံ့မှု ပေးခဲ့ပါတယ်။  

အစောပိုင်းတုန်းကတော့ ရှင်တို့ သိတဲ့အတိုင်း SARS နဲ့ avian flu တုပ်ကွေး မတိုင်မီကတည်းက HIV က အဓိက စိုးရိမ်ပူပန်စရာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီနောက်မှာ SARS နဲ့ avian flu ပေါ်လာတယ်။ ဆိုတော့ အဲဒါက တကယ့်ကို ဆီလျော်ဆက်စပ်ခဲ့တယ်။ ခုနောက်ထပ်ကျတော့ COVID-19 ပေါ့ ။ ဒီတော့ ဒီဒေသကို zoonotic (တိရစ္ဆာန်ကနေ လူကို ကူးစက်ပျံ့နှံ့တတ်သည့်) ရောဂါတွေအတွက် hotspot တစ်ခုအဖြစ် အလေးထား အာရုံစိုက်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ကျွန်မတို့ တွေ့ခဲ့ရတယ်။ ဥပမာတစ်ခုပေးရရင် ကျွန်မတို့ဟာ မြန်မာ ကျန်းမာရေး ဝန်ကြီးဌာနလည်း ပါတဲ့ MBDS (မဲခေါင်မြစ်ဝှမ်း ရောဂါ စောင့်ကြည့်မှု) ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့ မဲခေါင်ဒေသတွင်းက ကျန်းမာရေးဝန်ကြီးဌာနတွေပါတဲ့ အစုအဖွဲ့ ဖွဲ့စည်းမှုကို ထောက်ခံပံ့ပိုးခဲ့တယ်။ အဲဒီအချိန်တုန်းက အမေရိကန် အင်စတီကျူးရှင်းတစ်ခုအနေနဲ့ ကျွန်မတို့ဟာ မြန်မာကို တိုက်ရိုက်‌ ငွေကြေးထောက်ပံ့မှု လုပ်ခွင့်မရှိခဲ့ဘူး။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေက ကြားလူတွေကနေတဆင့် ကျွန်မတို့ လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။ ဆိုပါစို့၊ တခြားအဖွဲ့အစည်းတွေရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ ကိုက်ညှိပြီး လုပ်နိုင်ခဲ့တယ်။ နယ်စပ်တွေက လုပ်ဆောင်ချက်တွေကို ငွေကြေးထောက်ပံ့ဖို့ လုပ်နိုင်ခဲ့တယ်။ ရွှေ့ပြောင်းသွားလာမှု၊ နယ်စပ်ဖြတ်ကျော် ကျန်းမာရေး၊ တောင်ပေါ်မြေမြင့် ဧရိယာတွေမှာ နေထိုင်တဲ့ တိုင်းရင်းသားလူနည်းစုတွေ၊ တောင်ပေါ်မြေမြင့် စိုက်ပျိုးရေးနဲ့ အခြားကိစ္စတွေလိုမျိုး နယ်နိမိတ်ဖြတ်ကျော် အရေးကိစ္စတွေနဲ့ပတ်သက်တဲ ဒေသတွင်း လုပ်ဆောင်ချက်အားလုံးမှာ မြန်မာက လူတွေ ပါဝင်စေဖို့ လုပ်နိုင်ခဲ့တယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်းနဲ့ တက္ကသိုလ်တွေရဲ့ ပါဝင်မှုနဲ့အတူ ကျွန်မတို့ရဲ့ ပရိုဂရမ်မှာ အားကောင်းတဲ့ ကျား၊ မ ဆိုင်ရာနဲ့ လူ့အခွင့်အရေး အာရုံစိုက်မှုတို့ ရှိခဲ့တယ်။ အဲဒီအချိန်က အခြေအနေကြောင့် ကျွန်မတို့ဟာ ဒေသတွင်း ချဉ်းကပ်လုပ်ဆောင်မှုတစ်ခုကနေတဆင့် မြန်မာအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ခဲ့ကြတယ်။ 

 

 

မဇ္ဈိမ။ ။ IDRC မှာ ဒေသဆိုင်ရာ ဒါရိုက်တာတစ်ဦးအနေနဲ့ အရင်လုပ်ခဲ့တဲ့ အလုပ်နဲ့ပတ်သက်လို့ ပြောပြပေးပါဦး။ 

ရိုဆာလီယာ ဆီရောတီနို။ ။ ဟုတ်ကဲ့ Rockefeller ဖောင်ဒေးရှင်းမှာကနေ ၂၀၀၀ ကနေ ၂၀၀၇ ခုနှစ်အထိ ဖြစ်ပါတယ်။ အဲဒီကာလပေါ့။ ဒါပေမယ့် အဲဒီနောက်မှာ ရှင်တို့ သိတဲ့အတိုင်း မြန်မာဟာ စတင် တံခါးဖွင့်လာခဲ့ပြီး ပိတ်ပင်မှုတွေလည်း တဖြည်းဖြည်း ပြန်ရုပ်သိမ်းခံရတယ်။ ဆိုတော့ ကနေဒါအစိုးရနဲ့ သက်ဆိုင်တဲ့ ထောက်ပံ့ကြေး ခွဲဝေသတ်မှတ်ချထားပေးမှု အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IDRC နဲ့ကျတော့ ကျွန်မဟာ စင်ကာပူမှာ အခြေစိုက်တဲ့ အရှေ့နဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ဒေသဆိုင်ရာ ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ချိန်မှာတော့ ကျွန်မဟာ မြန်မာကို သွားဖို့နဲ့ သက်ဆိုင်သူအသီးသီးနဲ့ စကားပြောဖို့နဲ့ပတ်သက်လို့ သံတမန်အဆင့်လယ်ဗယ်မှာ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှာလား၊ မဆက်ဆံဘူးလားဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲတွေပြီးတဲ့နောက် မြန်မာမှာ ရှိဖို့အတွက် နိုင်ငံတွေက ပြန်သွားချင်ကြတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ အဲဒါက အချိန်မတိုင်သေးဘူးလား၊ အချိန်တန်ပြီလား ဆိုတာအပြင် ဒီမိုကရေစီ ဆိုတာကရော တကယ့်အစစ်အမှန်အတွက် ဟုတ်ပါ့မလား ဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေခဲ့တယ်။ ဒါကြောင့် ကျွန်မတို့ဟာ မြန်မာမှာ ပြန်လည် စတင်လည်ပတ်လုပ်ကိုင်တာက ကောင်းသလား ဒါမှမဟုတ် မလုပ်တာကပဲ ကောင်းသလား ဆိုတာနဲ့ပတ်သက်လို့ ချင့်တွက်မှုတွေနဲ့ ဆက်စပ်မှုတချို့ကို လုပ်ခဲ့တယ်။ ပြီးတော့ IDRC အနေနဲ့ ကျွန်မတို့ဟာ အများအားဖြင့်တော့ ဖွံ့ဖြိုးရေးနဲ့ ဆက်နွယ်တဲ့ သုတေသနနဲ့ လေ့ကျင့်မှုအတွက် ငွေကြေးထောက်ပံ့ခဲ့တယ်။ ကျွန်မတို့ဟာ ဖွံ့ဖြိုးရေး သုတေသနကနေတဆင့်  think-tank (နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး အကြံပေးအဖွဲ့) အဖွဲ့အများအပြားအပြင် သဘာဝပတ်ဝန်းကျင်နဲ့ ဆက်နွယ်တဲ့ ကိစ္စတွေနဲ့ အခြားကိစ္စအများအပြားအတွက် ငွေကြေးထောက်ပံ့ခဲ့တယ်။ နောက်ပိုင်းကျတော့ ကနေဒါက သံရုံးဖွင့်ခဲ့တဲ့အတွက် ကျွန်မတို့ဟာလည်း ပြည်တွင်းမှာ အရပ်ဖက် လူအဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့တွေကို ထောက်ပံ့ကြေး‌တွေ ပေးရာမှာ Rockefeller ဖောင်ဒေးရှင်းမှာတုန်းက အချိန်တွေနဲ့ယှဉ်ရင် အများကြီး ပိုလွတ်လွတ်လပ်လပ် လုပ်နိုင်ခဲ့တယ်။  

 

မဇ္ဈိမ။ ။ ဒါနဲ့ပတ်သက်လို့ ထောက်ပံ့ကြေး ခွဲဝေသတ်မှတ်ချထားပေးသူအနေနဲ့ လုပ်ကိုင်ခဲ့တာနဲ့ပတ်သက်ပြီး နည်းနည်းလောက် အသေးစိတ် ပြောပြပေးလို့ရမလား။ 

ရိုဆာလီယာ ဆီရောတီနို။ ။ ထောက်ပံ့ကြေး ခွဲဝေသတ်မှတ်ချထားပေးတဲ့ အဖွဲ့တစ်ခုအနေနဲ့ လုပ်ကိုင်တာကတော့ ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေအပေါ် အကဲဖြတ်ချက်တစ်ရပ်အပေါ်မှာ အခြေတည်ပြီးတော့ အဖွဲ့အစည်းဆိုင်ရာနဲ့ ပရိုဂရမ် ရည်မှန်းချက်တွေ ရရှိအောင်မြင်ဖို့ မဟာဗျူဟာကျကျ ငွေကြေးထောက်ပံ့မှု ပေးအပ်တာလို့ ပြောလို့ရနိုင်ပါတယ်။ ဒီနယ်ပယ်မှာ အနှစ် ၂၀ ကြာ လုပ်ကိုင်ခဲ့ရာမှာ ကျွန်မဟာ မတူတဲ့ လယ်ဗယ်နှစ်ခုမှာ လုပ်ခဲ့ပါတယ်။ ဆိုတော့ အစမှာတော့ ပရိုဂရမ် အရာရှိတစ်ယောက်အနေနဲ့ပေါ့။ အဲဒီမှာ ကျား၊ မ ဆိုင်ရာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မျိုးဆက်ပွား ကျန်းမာရေးပဲဖြစ်ဖြစ် ဒါမှမဟုတ် ရွှေ့ပြောင်းသွားလာမှု၊ ဒါမှမဟုတ် လူ့အခွင့်အရေး ဒါမှမဟုတ် အခြားဘာနယ်ပယ်ပဲဖြစ်ဖြစ် ရှင့်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ နယ်ပယ်တစ်ခုခုအတွက် အမှန်တကယ် တာဝန်ယူရပါတယ်။ ဘယ်လို ပဏာမအစီအစဉ် အမျိုးအစားတွေက အရေးကြီးတယ် ဆိုတာနဲ့ အဲဒါက ပြည်တွင်း အခြေအနေတွေနဲ့ပတ်သက်လို့ သိရှိမှုအပေါ် တကယ်ပဲ တုံ့ပြန်မလား ဆိုတာနဲ့ပတ်သက်ပြီး မဟာဗျူဟာတစ်ရပ် ရှိရပါမယ်။ အဲဒီအချိန်က ထောက်ပံ့ကြေး ခွဲဝေသတ်မှတ်ချထားပေးမှုက ဆက်စပ်စဉ်းစားရပြီး မဆိုင်းမတွ အလိုက်သင့်တုံ့ပြန်ရပါတယ်။ ပရိုဂရမ် အရာရှိတွေဟာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေအဖြစ် ကြီးကြီးမားမား လုပ်ပိုင်ခွင့် ရှိသလို ပြည်တွင်း အဖွဲ့အစည်းတွေကနေ တိုက်ရိုက် အဆိုပြုချက်တွေကို လက်ခံဖို့ ပိုပြီး တံခါးဖွင့်ထားရတယ်။ အဲဒီတုန်းက ဒေသ အိုင်ဒီယာတွေနဲ့ အစီအစဉ်တွေကို (ကမ္ဘာလုံးဆိုင်ရာ အိုင်ဒီယာတွေ၊ အစီအစဉ်တွေထက် ) ပိုပြီး ထောက်ပံ့ဖို့ အင်မတန် အာရုံစိုက်ခဲ့ရတယ်။ ခုချိန်မှာ အဲဒါက ပြောင်းလဲသွားပါပြီ။ တကယ်က ငွေကြေးထောက်ပံ့မှုကို ပိုပြီးတော့ ဗဟိုချုပ်ကိုင်သွားစေတာ၊ တစ်ညီတစ်ညာတည်းဖြစ်စေတာနဲ့ အထက်ကနေ အောက်ကိုသွားတာကို ဖြစ်စေခဲ့သလို ရလဒ်အနေနဲ့ ဒေသ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ငွေကြေးထောက်ပံ့မှုကို လျော့ကျစေခဲ့တဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်စုအတွင်း ဖွံ့ဖြိုးရေး အကူအညီနဲ့ ပရဟိတလှူဒါန်းမှုတွေရဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်လို့ ကျွန်မ ရေးသားခဲ့ပါတယ်။ 

ပရိုဂရမ် အရာရှိအနေနဲ့ ရှင်အနေနဲ့ ကိစ္စရပ်တွေနဲ့ ပြည်တွင်း ကွန်ရက်တွေနဲ့ အများကြီး ထိတွေ့ဆက်ဆံရပါတယ်။ နောက်ကျတော့ ကျွန်မ ဒါရိုက်တာတစ်ယောက်အဖြစ် တာဝန်ယူရချိန်ကျတော့ အဲဒါက ပိုပြီး အလှမ်းကွာတဲ့အနေအထားမှာ ဖြစ်တယ်။ အဲဒီမှာ ရှင့်အနေနဲ့ တစ်ရုံးလုံးနဲ့ ဆောင်ရွက်နေတဲ့ ပရိုဂရမ်အားလုံးကို ကြီးကြပ်ရတယ်။ ဆိုတော့ နယ်ပယ်တစ်ခုအတွက်တင်မဟုတ်ဘဲ နိုင်ငံတွေအတွက်၊ ဒေသတစ်ခုလုံးအတွက် မဟာဗျူဟာတစ်ခုမှာ ကဏ္ဍအားလုံးကို ဘယ်လိုမျိုး အတူတကွ ပေါင်းစည်းမလဲ ဆိုတာနဲ့ပတ်သက်လို့ ထောက်ပံ့ကြေး ခွဲဝေသတ်မှတ်မှု မဟာဗျူဟာကို ကြီးကြပ်ရပါလိမ့်မယ်။ ဆိုတော့ ရှင့်အနေနဲ့ တကယ့် လုပ်ဆောင်မှုကနေ အတော်လေး အလှမ်းဝေးပါမယ်။ ဒါပေမယ့် အဲဒါက အတော်လေး အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရှင့်အနေနဲ့ ဘယ်လိုမျိုး ငွေကြေးထောက်ပံ့မှုမျိုးက ဒေသအတွက် အကျိုးဖြစ်မယ်၊ မဖြစ်ဘူးဆိုတာနဲ့ပတ်သက်လို့ မဟာဗျူဟာကျ ဆုံးဖြတ်ချက်တွေ ချမှတ်ရပါလိမ့်မယ်။ ရုံးချုပ်နဲ့အတူ ရင်းမြစ်တွေအတွက် ထောက်ခံရပါလိမ့်မယ်။ ပြီးတော့ အဲဒီမှာ ကျွန်မ နိုင်ငံဖြတ်ကျော် ကိစ္စနဲ့ Rockefeller မှာလုပ်ခဲ့ချိန်တို့ကို ဥပမာပေးသလိုပဲ ရှင့်အနေနဲ့ လုပ်ဆောင်မှု နယ်ပယ်အတိုင်းအတာကို အဓိပ္ပါယ်ဖွင့်ရမယ်။ ပြီးတော့ အဲဒီ နယ်ပယ် အတိုင်းအတာအတွင်းမှာ ကျွန်မတို့ဟာ အဆိုပြုချက်ကို ထည့်သွင်းစဉ်းစားပေးနိုင်ပြီး အဲဒီလုပ်ဆောင်ချက်တွေကို ငွေကြေးထောက်ပံ့မှာလား၊ မပေးဘူးလားဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်တယ်။ ဆိုတော့ ဒါရိုက်တာအတွက် လိုအပ်လျင် လိုအပ်သလို လုပ်ပေးနိုင်တဲ့ ငွေကြေးထောက်ပံ့မှု ရှိပေမယ့် အဲဒါက အဖွဲ့တချို့အတွက် ငွေကြေးထောက်ပံ့တဲ့ တိုက်ရိုက်လယ်ဗယ်မှာ မဟုတ်ဘဲ အဲဒီထက် မဟာဗျူဟာလယ်ဗယ်မှာဖြစ်ပါတယ်။ ဒါရိုက်တာလယ်ဗယ်မှာ လုပ်နိုင်တဲ့ ငွေကြေးထောက်ပံ့မှုတချို့ ရှိပါတယ်။ ရှင်းလင်းမြင်သာတာကတော့ SEA Junction အတွက် ငွေကြေးထောက်ပံ့မှု ရဖို့ ကျွန်မ လုပ်ရမယ်ဆိုတာကို ကျွန်မ ခုအချိန်မှာ သတိရမိပါတယ်။   

 

 

မဇ္ဈိမ။ ။ ချူလာလောင်ကွန်းနဲ့ မဟီဒေါ တက္ကသိုလ်တွေလို ထိုင်းတက္ကသိုလ်တွေနဲ့ အလုပ်လုပ်တဲ့အကြောင်း ဆက်ပြောကြရအောင်။ အဲဒီမှာ ဘာတွေကို အာရုံစိုက်လုပ်ဆောင်ပါသလဲ။ 

ရိုဆာလီယာ ဆီရောတီနို။ ။ ဟုတ်ကဲ့။ IDRC နောက်ပိုင်းမှာ ကျွန်မဟာ ထောက်ပံ့ကြေး ခွဲဝေသတ်မှတ်ချထားပေးသူနဲ့ အလှူရှင် လုပ်သက်ကို အဆုံးသတ်ခဲ့ပြီး အနားယူခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မဟာ မဟီဒေါတက္ကသိုလ်မှာ တွဲဖက်ပါမောက္ခ၊ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် စပြီး သင်ကြားပေးခဲ့တယ်။ ပြီးတော့ အဲဒီမှာ ကျွန်မရဲ့ စိတ်ဝင်စားမှုတွေ ကျယ်ပြန့်တာကို ရှင်တို့ တွေ့နိုင်တယ်။ ဆိုတော့ ကျွန်မဟာ မဟီဒေါတက္ကသိုလ်မှာ ကျား၊ မ ဆိုင်ရာ၊ ကျန်းမာရေးနဲ့ လိင် နဲ့ မျိုးဆက်ပွား ကျန်းမာရေး အခွင့်အရေးတွေနဲ့ပတ်သက်လို့ သင်ကြားတယ်။ ချူလာလောင်ကွန်းတက္ကသိုလ်မှာ ဒေသ ပေါင်းစည်းမှု၊ အာဆီယံလုပ်ငန်းစဉ် နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းက အရှေ့တောင်အာရှမှာ ဘယ်လိုဖြစ်သလဲ ဆိုတာနဲ့ပတ်သက်လို့ သင်ကြားတယ်။ နှစ်ခုစလုံးမှာ ကျွန်မ အာရုံစိုက်တာက အရှေ့တောင်အာရှနဲ့ပတ်သက်ပြီး ဖြစ်တယ်။ ဆိုတော့ ကျွန်မတို့ ကျား၊မ ဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ ပြောဆိုချိန်မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျန်းမာရေး ကိစ္စနဲ့ ပြောဆိုချိန်မှာပဲဖြစ်ဖြစ် ဒီလိုမျိုး ကိစ္စတွေက ဒီဒေသမှာ ဘယ်လိုဖြစ်ပျက်တာလဲ ဆိုတာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မိတယ်။ ပြီးတော့ တကယ်ဆိုရင် အဲဒီနောက်မှာ ကျွန်မ မြန်မာနဲ့ပတ်သက်လို့ ပြောဆိုပါတယ်။ ဥပမာအနေနဲ့ ကျွန်မတို့ အာဆီယံနဲ့ပတ်သက်လို့ ဆွေးနွေးချိန်မှာ ကျွန်မတို့ ဆွေးနွေးတာက အာဆီယံရဲ့ အခန်းကဏ္ဍ၊ နယ်နိမိတ်ဖြတ်ကျော် သက်ရောက်မှုတွေ၊ ဒုက္ခသည် စီးဝင်မှုတွေ၊ ဒေသတွင်းမှာ ဒီမိုကရေစီအပေါ် ဂယက်ရိုက်မှုတွေ နဲ့ပတ်သက်လို့ မြန်မာမှာ ဖြစ်ပျက်နေတာတွေက ဒေသတစ်ခုလုံးအတွက် သက်ဆိုင်ဆက်စပ်နေမှုပဲဖြစ်ပါတယ်။ ဒါတွေကတော့ ကျောင်းသားတွေနဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေဖြစ်တယ်။ မဟီဒေါမှာဆိုရင် ဥပမာတစ်ခုပေးရရင် ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ မိခင်မီးတွင်းသေဆုံးမှု (maternal mortality) နဲ့ပတ်သက်လို့ စိုးရိမ်ရမှုအကြောင်း ဆွေးနွေးကောင်းဆွေးနွေးနိုင်ပါတယ်။ နောက်ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုလိုမျိုး၊ နောက်တစ်ခုက ဥပမာအနေနဲ့ အဓမ္မပြုကျင့်မှုကို စစ်ပွဲရဲ့ လက်နက်တစ်ခုအနေနဲ့ အသုံးပြုတာလိုမျိုး ကိစ္စတွေကို ဆွေးနွေးချင် ဆွေးနွေးနိုင်ပါတယ်။ ဒါကတော့ ကျွန်မ အချိန်အတော်ကြာ စိတ်ဝင်စားခဲ့တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ တကယ်ကတော့ Rockefeller ဖောင်ဒေးရှင်းမှာ လုပ်ခဲ့ချိန်ကတည်းက မြန်မာနိုင်ငံမှာ အဓမ္မပြုကျင့်မှုကို စစ်ပွဲရဲ့ လက်နက်တစ်ခုအဖြစ် အသုံးပြုတာနဲ့ပတ်သက်လို လေ့လာပြီး စာရေးသားဖို့ အမျိုးသမီးအဖွဲ့တွေကို ကျွန်မတို့ အားပေးခဲ့တယ်။ ဆိုတော့ ပြောရရင် ကျွန်မ ခုချိန်မှာ လုပ်နေတာတွေက ငွေကြေးထောက်ပံ့မှုနဲ့ပဲ ဖြစ်ခဲ့တဲ့ အရင်အချိန်တွေက အလေးထားစရာကိစ္စတွေကို ဆက်လက် ကိုင်တွယ်နေတာပဲဖြစ်တယ်။ ပြီးတော့ အဲဒါက ခုချိန်မှာ သီအိုရီ ရှုထောင့်ကနေရော လက်တွေ့ရှုထောင့်ကနေပါ ဖွံ့ဖြိုးရေးကိစ္စတွေနဲ့ပတ်သက်လို့ အသိပညာတည်ဆောက်မှုပိုင်းနဲ့ ပိုဆိုင်ပါတယ်။ ဆိုတော့ ဒါက ဖွံ့ဖြိုးရေး ပြဿနာတွေက ဘာတွေလဲ ဆိုတာအပြင် အဲဒါနဲ့ပတ်သက်လို့ ရှင် ဘာလုပ်နိုင်သလဲ ဆိုတာပါပဲ။ ကြားဝင်ဆောင်ရွက်ဖို့ မဟာဗျူဟာကျ ဝင်ပေါက်တစ်ခုကို ဘယ်လို ရှာတွေ့နိုင်မလဲ။ တူညီတဲ့ အမှားတွေ ထပ်မဖြစ်အောင် ဘယ်လို ရှောင်မလဲ။ ပြီးတော့ ဟာကွက်တွေက ဘာတွေလဲ။ ဆိုတော့ ဒါတွေက မြန်မာအပြင် အရှေ့တောင်အာရှက အခြားနိုင်ငံတွေ၊ လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးရေးကိစ္စ အမြောက်အမြားအပေါ် ကျွန်မ ချဉ်းကပ်လုပ်ဆောင်တဲ့ နည်းလမ်းတွေ ဖြစ်တယ်။ 

 

 

မဇ္ဈိမ။ ။ အရှေ့တောင်အာရှ လေ့လာမှု ဖောင်ဒေးရှင်းနဲ့ SEA Junction တို့နဲ့ပတ်သက်လို့ ပြောရရင် အဲဒီနှစ်ခုစလုံးနဲ့ပတ်သက်လို့ ခုချိန်မှာ ခင်ဗျား ဘာတွေကို အာရုံစိုက်သလဲ။ 

ရိုဆာလီယာ ဆီရောတီနို။ ။ အဲဒါကလေ ကျွန်မက အရှေ့တောင်အာရှဒေသအတွက်ဆိုရင် မတူတဲ့ နည်းလမ်းတွေနဲ့ စိတ်အားထက်သန်မှု ရှိတယ်ဆိုတာကို ရှင်တို့လည်း မြင်မှာပါ။ ဆိုတော့ ကျွန်မ Ford ၊ Rockefeller တို့လို အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ခဲ့တုန်းက ကျွန်မဟာ ဖွံ့ဖြိုးရေး သုတေသနတွေနဲ့ ကြားဝင်ဆောင်ရွက်မှုတွေ အများကြီးကို ပံ့ပိုးခဲ့ပါတယ်။ အသိပညာ ထုတ်လုပ်မှုနဲ့ ပြီးတော့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ထောက်ခံဖို့နဲ့ လူမှုဆိုင်ရာ လှုပ်ရှားမှုတွေ တည်ဆောက်ဖို့အတွက် အများပြည်သူကို ဘယ်လို ဆက်သွယ်ပြောဆိုမလဲ ဆိုတဲ့အကြားမှာ ဟာကွက်တစ်ခု ရှိတယ်ဆိုတာ ရှင်တို့လည်း မြင်ပါလိမ့်မယ်။ ရှင်တို့ ကြည့်လိုက်ပါ။ think-tank အဖွဲ့အများစုဟာ တက္ကသိုလ်တစ်ခုမှာ အခြေပြုတာ ဒါမှမဟုတ် ပိုပြီး ပညာပါရမီရှိတဲ့ လူထုကို ဖြည့်ဆည်းပေးတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ရှိတဲ့ နေရာတွေနဲ့ပတ်သက်လို့ အင်မတန် နည်းပါတယ်။ ဆိုတော့ SEA Junction အိုင်ဒီတာက အများပြည်သူဆိုင်ရာ နေရာတစ်ခုဖြစ်တဲ့ ဘန်ကောက် အနုပညာနဲ့ ယဉ်ကျေးမှု စင်တာ (BACC) မှာ အခြေစိုက်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနေရာက ဘန်ကောက်မြို့လယ်မှာ ရှိပြီး တကယ့်ကို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီမှာ ကျွန်မတို့ဟာ ပုံမှန်အားဖြင့် အများပြည်သူကို ယူလာလေ့မရှိတဲ့ ကိစ္စတွေကို ကျွန်မတို့ ယူလာတယ်။ အများပြည်သူဆီ တိုက်ရိုက် ချပြပေးတယ်။ ကျွန်မတို့ ဆွေးနွေးမှုတွေ လုပ်ရင်းနဲ့ အဲဒါကို လုပ်ပါတယ်။ ဒါပေမယ့် ပြပွဲတွေ၊ ဓာတ်ပုံပြပွဲတွေနဲ့ အနုပညာ ပြပွဲတွေ လုပ်ရင်းနဲ့က ပိုလို့တောင် အရေးပါပါတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးကိစ္စတွေအတွက် စိုးရိမ်ပူပန်မှုတွေက တကယ့်ကို တစ်သမတ်တည်း ရှိခဲ့ပါတယ်။ တကယ်က SEA Junction ရဲ့ ပထမဆုံးပွဲက ဘင်္ဂလားပင်လယ်အော်က မြန်မာရဲ့ ကျောက်ဖြူ (စစ်တွေ) ရေနက်ဆိပ်ကမ်းကို တရုတ်ရဲ့ ယူနန်ပြည်နယ် ကူမင်းနဲ့ ချိတ်ဆက်ဖို့ စီစဉ်တဲ့ တရုတ်-မြန်မာ ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းတွေအကြောင်း ဖြစ်ပါတယ်။ အဲဒါကို ကျွန်မရဲ့ ကျောင်းသားဟောင်းတစ်ယောက်က လုပ်ခဲ့တာပါ။ သူကတော့ မြန်မာနိုင်ငံက လွတ်လပ်တဲ့ သုတေသနပြုသူတစ်ဦးပါ။ ခုချိန်မှာ မြန်မာနိုင်ငံရဲ့ ပြင်ပမှာ ရှိနေသူပါ။ အဲဒါက လွန်ခဲ့တဲ့ ခြောက်နှစ်အကြာကပါ။ ဆိုတော့ ကျွန်မတို့ဟာ မြန်မာအပေါ် အချိန်ကာလကြာကတည်းက အာရုံစိုက်ခဲ့တာပါ။  

အဲဒီနောက်မှာ ကျွန်မတို့ဟာ ရိုဟင်ဂျာကိစ္စကို အများကြီး အာရုံစိုက်ခဲ့တယ်။ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် အစုအပြုံလိုက် ထွက်ပြေးရပြီး ဒုက္ခသည်စခန်းတွေမှာ နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံတွေကို ထိုင်းနဲ့ အင်ဒိုနီးရှားမှာ ဓာတ်ပုံပြပွဲတွေ လုပ်တာ ရှိခဲ့ပါတယ်။ မကြာသေးခင်က စိုးရိမ်ပူပန်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ အတူ ဒုက္ခသည်ကမ့်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေ ပြုလုပ်တဲ့ အိမ်ရာဖုံးတွေကို ပြသတဲ့ ဓာတ်ပုံ ပြပွဲလိုမျိုးပေါ့။ မြန်မာမှာ စစ်အာဏာသိမ်းမှု ဖြစ်ခါစ အစောပိုင်းအချိန်တွေကစလို့ ကျွန်မတို့ဟာ မြန်မာမှာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို အာရုံစိုက်ခဲ့ပါတယ်။ ဧရာဝတီသတင်းဌာနက ဦးအောင်ဇော်နဲ့အတူ မြန်မာ့နိုင်ငံနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ပုံမှန် ဆွေးနွေးတင်ဆက်ခဲ့တယ်။ အဲဒီနောက် ဒက်ဘီ စတို့တာ့ဒ် နဲ့ ခင်ဥမ္မာတို့နဲ့အတူ လုပ်ဆောင်ခဲ့တယ်။ ကနဦးမှာ ကျွန်မတို့ဟာ နှစ်ပတ်တစ်ကြိမ် နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးတင်ဆက်တာတွေ ရှိခဲ့တယ်။ အဲဒီနောက် ခုချိန်မှာတော့ တစ်လတစ်ကြိမ်ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ပြောခဲ့သလိုပေါ့၊ ပြည်သူတွေရဲ့ အာရုံက လျော့ကျနေတယ်လေ။ ဒါပေမယ့် ကျွန်မတို့ ဒါကို ဆက်လုပ်သွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက မြန်မာအကျပ်အတည်းရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို မှတ်တမ်းတင်တဲ့ နည်းလမ်းတစ်ခုဖြစ်လို့ပါ။ ဆိုတော့ ခုချိန်မှာ ကျွန်မတို့မှာ တစ်နာရီကြာ အပိုင်း ၃၀ လုပ်ထားပြီးပါပြီ။ အဲဒီမှာ ရင်းမြစ်ပုဂ္ဂိုလ်က ဘာတွေဖြစ်ပျက်နေသလဲဆိုတာရဲ့ အဓိကအချက်တွေကို အလေးပေး ပြောထားပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ BACC နေရာကို အသုံးပြုပြီး ပြပွဲတွေလည်း လုပ်ထားပါတယ်။ ဥပမာအနေနဲ့ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ အဲဒီနောက် အာဏာသိမ်းမှု နှစ်ပတ်လည်နဲ့ပတ်သက်လို့ပေါ့။ ဒါတွေက အင်မတန် ကြီးမားတဲ့ ပြပွဲတွေပါ။ BACC ကို ရောက်လာတဲ့ သာမန်လူတွေဆီကို ပေါက်ရောက်ပါတယ်။ အဲဒီထဲမှာ ထိုင်းတွေ၊ ခရီးသွားတွေ၊ လူငယ်တွေ အများကြီးနဲ့ အခြားထိုင်းပြည်သူတွေအများကြီးတို့ ပါပါတယ်။ ပြီးတော့ အဲဒါက တစ်ခါတစ်ရံမှာ ဒေသတွင်းက လူမှုရေး ဒါမှမဟုတ် နိုင်ငံရေး ကိစ္စတွေကို သေချာပေါက် မသိရှိတဲ့လူတွေလည်းဖြစ်ပါတယ်။ 

ခုချိန်မှာ ကျွန်မတို့ ဆွေးနွေးပွဲတစ်ခု လုပ်တဲ့အခါမှာ သူတို့ လာကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ သိတယ်။ သူတို့ စိတ်ဝင်စားတယ်။ ဒါပေမယ့် အထူးသဖြင့်တော့ ပြပွဲအတွက်ပေါ့။ သူတို့ BACC ကို လာကြတယ်။ ပြီးတော့ သူတို့ ဓာတ်ပုံတွေ၊ အနုပညာလက်ရာတွေကို ကြည့်တယ်။ မေးခွန်းတွေ မေးကြတယ်။ ဆိုတော့ လူသိန်းချီလောက်က သူတို့ မထင်ထားတဲ့ အရာတွေကို မြင်သွားကြတယ်။ ဆိုတော့ ဒါက SEA Junction ရဲ့ အဓိက ပွိုင့် ဖြစ်တယ်။ အများပြည်သူတွေကို သတင်းပေး၊ ထောက်ခံအကြံပြုတာဖြစ်တယ်။ နောက်လာမယ့် ပြပွဲကတော့ အင်းစိန်ထောင်မှာ ခြောက်လကြာ အကျဉ်းကျခဲ့တဲ့ ပန်းချီ အနုပညာရှင်တစ်ဦး ဆွဲခဲ့တဲ့ အင်းစိန်ထောင်တွင်းက ပုံကြမ်းတွေနဲ့ပတ်သက်လို့ ပြမှာဖြစ်တယ်။ အဲဒါက နှစ်ပတ်ကြာ ပြမှာဖြစ်ပြီး မေ ၂၀ မှာ စပါမယ်။ ပြီးတော့ မေလ ၁၇ ရက်မှာ ကျွန်မတို့ဟာ ဆိုက်ဘာပြစ်မှုနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဆက်စပ်လို့ ဆွေးနွေးပွဲတစ်ခု ရှိပါတယ်။ အဲဒီမှာ လူကုန်ကူးမှုအကြောင်းနဲ့ အင်ဒိုနီးရှားနဲ့ ကမ္ဘာ့အခြားနေရာဒေသတွေက လူတွေ လူကုန်ကူးခံရတာတွေနဲ့ပတ်သက်လို့ အများကြီး ဆွေးနွေးပြောဆိုတာတွေ ရှိမှာဖြစ်တယ်။ ပြီးတော့ ကမ္ဘောဒီးယား၊ လာအို တို့နဲ့အတူ မြန်မာဟာ အဲဒီလိုမျိုး လိမ်လည်မှုတွေရဲ့ အချက်အချာနေရာတစ်ခုဖြစ်ပါတယ်။ ပဋိပက္ခတိုက်ပွဲတွေကြောင့် အဲဒီမှာ လူကုန်ကူးခံရတဲ့ လူတွေကို ကယ်ထုတ်ဖို့ ပိုလို့တောင် ခက်ခဲစေပါတယ်။ ကျွန်မတို့က မြန်မာအပေါ် တစ်ခုတည်း အာရုံစိုက်တာမဟုတ်ပါဘူး။ မြန်မာနဲ့ပတ်သက်လို့ အများကြီး အာရုံစိုက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ ဘာတွေဖြစ်နေတယ် ဆိုတာက အင်မတန် အရေးကြီးတယ်လို့ ကျွန်မ ထင်တယ်။ ကျွန်မတို့ သိတာကတော့ အရှေ့တောင်အာရှဟာ ယေဘုယျအားဖြင့်တော့ အာဏာရှင်ဆန်တဲ့ ဒေသတစ်ခုဖြစ်တယ်။ ဟုတ်တယ်မဟုတ်လား။ ကျွန်မ ပြောချင်တာက အစိုးရအတော်များများဟာ အာဏာရှင်ဆန်တဲ့ သဘောမျိုးဖြစ်တယ်လို့ ဆိုလိုတာပါ။ ဆိုတော့ တကယ်လို့သာ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ နိုင်ငံကို ဒီမိုကရေစီစနစ်ဆီ အောင်အောင်မြင်မြင် ပြောင်းလဲနိုင်မယ် ဆိုရင် အဲဒါက ဒေသရဲ့ အခြားနိုင်ငံ‌တွေအတွက် အင်မတန် အရေးပါတဲ့ ဥပမာတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ တစ်သားတည်းဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မူမတူယှဉ်တွဲနေထိုင်တဲ့ မြန်မာနိုင်ငံသစ်၊ ကျား မ တန်းတူညီမျှမှုနဲ့ မတူကွဲပြားမှုတွေအတွက် စိတ်ကူးအမြင်က အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ အကောင်းဘက်က ကြည့်ရင်တော့ အဲဒါက ဘယ်အချိန်မှာဖြစ်မှာလဲ။ ကျွန်မ မသိပါဘူး။ ဒါပေမယ့် ပြည်သူအများစုက သူတို့ဟာ နောက်ထပ် စစ်အစိုးရတစ်ရပ် ဒါမှမဟုတ် အတုအယောင် ဒီမိုကရေစီအစိုးရတစ်ရပ်ကို အလိုမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသထားတဲ့အတွက် အဲဒါက ဖြစ်လာပါလိမ့်မယ်။ 

 

မဇ္ဈိမ။ ။ ဟုတ်ကဲ့။ ခုကတော့ လုံးဝ မတူတဲ့ အကြောင်းအရာတစ်ခုဘက်ကို သွားရအောင်။ ခင်ဗျား စီမံခန့်ခွဲနေတဲ့ ခင်ဗျားရဲ့ ကွယ်လွန်သူ ခင်ပွန်းဖြစ်သူရဲ့ ဆု နဲ့ပတ်သက်လို့ ကျွန်တော်တို့ စိတ်ဝင်စားမိတယ်။ အဲဒါနဲ့ပတ်သက်လို့ ပြောပြပေးနိုင်မလား။ 

ရိုဆာလီယာ ဆီရောတီနို။ ။ ဟုတ်ကဲ့။ ဆိုတော့ အဲဒါက တကယ်တော့ SEA Junction နဲ့ ဆုပေါ့။ ကျွန်မထင်ပါတယ်။ အဲဒါက ကျွန်မရဲ့ ကလေးနှစ်ယောက်ပါပဲ။ ပြောရရင် ပူဆွေးသောကတွေကနေ ပေါက်ဖွားလာတာပေါ့။ ကျွန်မ ခင်ပွန်း အို အုံး မာယိုနိုနဲ့ အိမ်ထောင်သက်တမ်း ၂၅ နှစ်ကြာပြီးတဲ့နောက် ၂၀၁၃ မှာ သူဟာ စင်္ကာပူမှာ ဖြစ်တောင့်ဖြစ်ခဲတဲ့ အူအတက်ကင်ဆာနဲ့ ကွယ်လွန်သွားရှာပါတယ်။ ခုကတော့ သူကွယ်လွန်တာ ၁၀ နှစ် ရှိပြီပေါ့။ သူကွယ်လွန်တော့ ကျွန်မ အင်မတန် ယူကျုံးမရ ဖြစ်ခဲ့ရတယ်။ ကျွန်မ အလုပ်လုပ်တာ ရပ်ပြီး သင့်တော်တဲ့အချိန်မှာ ဒီ အစီအစဉ်နှစ်ခုကို စခဲ့ပါတယ်။ အဲဒါကတော့ ဝမ်းနည်းကြေကွဲမှု ကာလရဲ့ တစ်စိတ်တစ်ဒေသဖြစ်ခဲ့ပါတယ်။ ကျွန်မကို အကူအညီဖြစ်စေခဲ့တာက ကျွန်မ ယုံကြည်တဲ့အရာတွေကို လုပ်ဖို့၊ လူတွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ အမြင်တူညီတဲ့ တန်ဖိုးတွေကို အားပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့ဖြစ်ပါတယ်။ ဒီအပေါ်မှာ အမြင်တူတဲ့ မိတ်ဆွေသူငယ်ချင်း အများအပြားရဲ့ ပံ့ပိုးမှုတွေလည်း ပါပါတယ်။ 

ပြီးတော့ သူ (ခင်ပွန်းဖြစ်သူ) နဲ့ပတ်သက်လို့ပြောရရင် သူဟာ အတော်လေး နာမည်ကြီးခဲ့သူဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူဟာ မလေး ကိုယ်ခံပညာတစ်ရပ်ဖြစ်တဲ့ Pencak Silat မှာ ကမ္ဘာ့ချန်ပီယံနဲ့ ဆီးဂိမ်းချန်ပီယံ တစ်ဦး ဖြစ်ပါတယ်။ ပြီးတော့ ဒေသတစ်ခုလုံးမှာ အမျိုးသားအသင်းတွေအတွက် ထရိန်နာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက အင်ဒိုနီးရှားနိုင်ငံသားပါ။ ဆိုတော့ ကျွန်မတို့ဟာ အင်မတန် မတူကွဲပြားကြပါတယ်။ သူက မွတ်စလင်ပါ။ ကျွန်မက အီတလီကနေလာတဲ့ ကက်သလစ် ဘာသာဝင်တစ်ယောက်ပေါ့။ ဒါပေမယ့် ကျွန်မတို့ဟာ လိုက်ဖက်တဲ့ ဇနီးမောင်နှံဖြစ်ခဲ့ပါတယ်။ တကယ်တမ်းမှာလည်း အိမ်ထောင်သည်တွေရဲ့ ပုံမှန်အတက်အကျတွေနဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။ ပြီးတော့ သူ့ကို ကျွန်မ ဘယ်လို ဂုဏ်ပြုပေးရမလဲ ဆိုတာကို ကျွန်မ စဉ်းစားချိန်မှာ ကျွန်မရဲ့ ကျွမ်းကျင်မှုအရ လုပ်နိုင်မယ့် နည်းလမ်းတစ်ခုနဲ့ သူ့ရဲ့ နယ်ပယ်နဲ့ပတ်သက်ပြီး တစ်ခုခု လုပ်တာက သဘာဝကျမယ်လို့ ကျွန်မ အတွေးရခဲ့တယ်။ ကျွန်မက ကိုယ်ခံပညာ ကျွမ်းကျင်ပညာရှင်တစ်ယောက် မဟုတ်ဘူးလေ။ ကျွန်မတို့ဟာ တကယ့်ကို မတူကွဲပြားတဲ့ နောက်ခံတွေကနေ လာကြသူတွေလေ။ ဒါပေမယ့် သူက Pencak Silat နဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ် ရေးခဲ့တယ်။ လူအတော်များများက အဲဒီစာအုပ်ကို ညွှန်းကြတယ်။ ဘာလို့လဲဆိုတော့ အဲဒါက တော်တော်လေး ပြည့်စုံလို့ပါ။ Pencak Silat နဲ့ပတ်သက်လို့ လူမှု-ယဉ်ကျေးမှု ကဏ္ဍမှာ စာအုပ်တွေ များများစားစား မရှိဘူးလေ။ အဲဒီစာအုပ်က လူတွေအတွက် အညွှန်း ကိုးကားချက်တစ်ခု ဖြစ်ပါတယ်။ နောက်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ အခြားသူတွေဟာ Pencak Silat အပါအဝင် ရိုးရာအပေါ်မှာ သိပ်ပြီး လုံလုံလောက်လောက် အာရုံမစိုက်ခဲ့ကြဘူးဆိုပြီး ကျွန်မ ခင်ပွန်းက အားမလို အားမရဖြစ်ခဲ့တယ်။ အဲဒါကို မှတ်တမ်းတင်ဖို့ ပိုပြီး လုပ်သင့်တယ်လို့လည်း ထင်ခဲ့တယ်။ ဆိုတော့ ကျွန်မ ဘာလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစားကြည့်တဲ့အခါမှာ Pencak Silat နဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့၊ စာရေးဖို့ စိတ်ဝင်စားတဲ့ လူတွေကို ထောက်ပံ့ဖို့ အသေးစား ထောက်ပံ့ကြေးအစီအစဉ်တစ်ခု လုပ်ဖို့ အိုင်ဒီယာ ရခဲ့တယ်။ သူတို့ဟာ pencak Silat နဲ့ပတ်သက်လို့ စာရေးသားချင်တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြည်ပမှာ ရေးထားတာတွေနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံသားတွေ သိရှိအောင်လို့ နိုင်ငံခြားသားတွေရဲ့ သုတေသနလေ့လာမှုတွေကို အင်ဒိုနီးရှားဘာသာကို ပြန်ဆိုဖို့အတွက်ပဲဖြစ်ဖြစ်ပေါ့။ 

ပြီးတော့ ဒီ မတ်လ ၂၀ ဆိုရင် ကျွန်မခင်ပွန်း ကွယ်လွန်တာ ၁၀ ပြည့်ပါပြီ။ ဒီအချိန်မှာ ကျွန်မ ဂုဏ်ယူစွာ ပြောချင်တာကတော့ ငွေကြေးထောက်ပံ့ပြီး ထုတ်ဝေထားတဲ့ စာအုပ် ကိုးအုပ်အထိ ရှိနေပြီ ဆိုတာပါပဲ။ သူ(ခင်ပွန်း) ရဲ့ ကိုယ်ပိုင်စာအုပ်ကိုလည်း ထပ်မံထုတ်ဝေထားရပါတယ်။ ဘာလို့လဲဆိုတော့ ဈေးကွက်ရဲ့ တောင်းဆိုမှုကြောင့်ပေါ့။ သူ့စာအုပ်က ကျွန်မ စာအုပ်ထက်တောင် အများကြီး ပိုအောင်မြင်ပါတယ်။ ပြီးတော့ နောက်တစ်အုပ်က သူမကွယ်လွန်ခင် ရေးခဲ့တဲ့ တစ်ခုပါ။ အဲဒါက နည်းစနစ်တွေနဲ့ပတ်သက်လို့ အများကြီး ပါပါတယ်။ “အနာဂတ် မျိုးဆက်သစ်တွေအတွက် Pencak Silat” ဆိုပြီး အရမ်းကို လှပတဲ့ ဆွဲချက်တွေနဲ့အတူပေါ့။ ဆိုတော့ အဲဒါတွေလည်း ထည့်သွင်းထားပါတယ်။ ဒါပေမယ့် အခြားဟာတွေကတော့ အများအားဖြင့် အင်ဒိုနီးရှားက အခြားသူတွေဆီကဖြစ်ပါတယ်။ ဩစတြေးလျနဲ့ ပြင်သစ်က သုတေသီတွေရဲ့ ဘာသာပြန်နှစ်ခုလည်း ပါပါတယ်။ ကျွန်မစိတ်ကူးကတော့ လူသိပ်မသိကြသေးတဲ့ ဒီ ကိုယ်ခံ ပညာအပေါ် ပိုပြီး စိတ်ဝင်စားစေချင်တဲ့၊ တကယ်ကို ယုံကြည်မှု တည်ဆောက်ချင်တဲ့ သူ့ဆန္ဒကို အကောင်အထည်ပေါ်အောင် ဆက်လုပ်သွားဖို့ပဲဖြစ်ပါတယ်။  နိုင်ငံတကာမှာတော့ အဲဒါက တခြား ကိုယ်ခံပညာရပ်တွေနဲ့ ယှဉ်ရင် အဓိကမဟုတ်ဘဲ သာမည လိုလို အမြဲဖြစ်နေတယ်။ ဒါပေမယ့် ဒီကိုယ်ခံပညာက တော်တော့်ကို လှပါတယ်။ အဲဒါက စိတ်ပိုင်းဆိုင်ရာ လက္ခဏာသွင်ပြင်တွေ ရော ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာသွင်ပြင်တွေ ပါပါတယ်။ ဆိုရရင် ဒါက အို အုံး မာယိုနို Pencak Silat ထောက်ပံ့ကြေးဆုပါ။ 

 

Dedicated Service: Rosalia Sciortino explains her decades of service to development in Southeast Asia  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required