ဘောလခဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

By 001 (မဇ္စျိမ)
17 May 2023
ဘောလခဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ကရင်နီပြည်နယ်၊ ဘောလခဲ-၁၂ မိုင်ကုန်းအကြား လမ်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း KNDF ဗဟိုတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“စစ်ကောင်စီတပ်က ဘော်လခဲဘက်ကနေ ၁၂ မိုင်ဘက်ကို စစ်ကြောင်းချီလာတာပေါ့။ အဲဒီကနေ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ စစ်ကောင်စီဘက်က အကျအဆုံးတွေရှိတယ်၊ လက်နက်သိမ်းဆည်းရမိတာတွေ လည်းရှိတယ်” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ညနေပိုင်းတွင် KNDF တပ်ရင်း(၂၁) နှင့် ကရင်နီတပ်မတော် (KA) တို့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ နာရီဝက်နီးပါးဖြစ်ပွားခဲ့ပြီးနောက် MA – 1 အမျိုးအစား သေနတ်တစ်လက်၊ ကျည် ဆန်များနှင့် လက်ပစ်ဗုံးနှစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း KNDF တပ်ရင်း(၂၁)ကလည်း ထုတ်ပြန်ထား သည်။

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သတ်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။ 

မေလ ၈ ရက်နေ့ကစပြီး ဘောလခဲမြို့မှ အင်အားအများအပြားဖြင့် ၁၂ မိုင်ကုန်း၊ ဝမ်မလန်းကျေးရွာများ သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် KNDF တပ်ရင်း (၂၁)၊ KA နှင့် ဘော်လခဲ PDF ပူးပေါင်း တပ်တို့ကြား ကြိုကြားတိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက် ခိုက်မှုလည်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ဘောလခဲမြို့၊ ပွန်းချောင်းအရှေ့ဖက်ခြမ်း တံတားသစ်မှ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဘောလခဲ PDF တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘောလခဲ PDF ထံမှ သိရသည်။

ယခုမေလအတွင်း ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိတွင်လည်း ကရင်နီပြည်နယ် ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေကြောင်း သိရသည်။ 
ရှမ်းပြည်တောင်ပိုင်း၌ လတ်တလော တိုက်ပွဲအခြေအနေ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များ က ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly