ပြုပြင်ထားသည့်ပုံဖြင့် ဂရမ်မီဆုရှင် စလင်းဒီယွန် ဆေးရုံတက်ဟန်ရေးသားထားသည့်သတင်းအမှား

By ZZ (မဇ္ဈိမ)
16 May 2023
ပြုပြင်ထားသည့်ပုံဖြင့် ဂရမ်မီဆုရှင် စလင်းဒီယွန် ဆေးရုံတက်ဟန်ရေးသားထားသည့်သတင်းအမှား

ကမ္ဘာကျော်တေးသံရှင်တစ်ဦးဖြစ်သည့် ဂရမ်မီဆုရှင် စလင်းဒီယွန်အား ပြုပြင်ထားသည့် ပုံဖြင့် ဆေးရုံတက်ဟန်ရေးသားထားသော သတင်းအမှား လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

“Let's train your brain” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတွင် တေးသံရှင်စလင်းဒီယွန် ကုတင်ပေါ်တွင် လှဲနေသည့်ပုံဖြင့် ရောဂါခံစားနေရကြောင်းနှင့် ရောဂါ၏အကြောင်းကိုရေးသားထားပြီး ဧပြီလ ၂၃ ရက် နေ့က စတင်ဖြန့်ဝေထားသည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ ၁,၀၀၀ ကျော်ရှိနေသည်။

မဇ္ဈိမမှ ယင်းဓာတ်ပုံများအား စစ်ဆေးကြည့်ခဲ့ရာ ပြုပြင်ထားသည့်ဓာတ်ပုံများဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းတုတွင် အသုံးပြုထားသောပုံသည် ပုံနှစ်ပုံအားဆက်ထားခြင်းဖြစ်ပြီး တစ်ပုံမှာ ၂၀၁၉ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် စလင်ဒီယွန်အား Getty images သတင်းဓာတ်ပုံအေဂျင်စီကရိုက်ကူးထား သည့်ပုံဖြစ်ပြီး ကျန်ပုံမှာ ဆေးရုံကုတင်ပေါ်မှ အမျိုးသမီးတဦး၏ပုံဖြစ်သည်။

ဆေးရုံကုတင်ပေါ်မှအမျိုးသမီးပုံမှာ ကနေဒါနိုင်ငံတွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို သမီးနှင့် သား မက်ဖြစ်သူတို့မှမစောင့်ရှောက်သဖြင့် ဆေးရုံရောက်ရှိနေသည့်ပုံဖြစ်သည်။ ထိုအကြောင်းကို Totonto Sun တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလက သတင်းဖော်ပြထားသည်။

လင့် - https://shorturl.at/amqxz

စလင်းဒီယွန်နှင့်ပတ်သက်ပြီး ယခုသတင်းမှားတွင်ပါဝင်သော စာသားနှင့် ပုံများကို ပြန်လည်ကူးယူ၍ ယခု မေလတွင်လည်း ဖြန့်ဝေမှုများရှိနေသည်။

အဆိုပါဖြန့်ဝေမှုတွင် စလင်းဒီယွန်၏ခင်ပွန်းဖြစ်သူ Rene Angelil က စလင်းဒီယွန်၏ဓာတ်ပုံကိုကိုင် ဆောင်ထားကာ အနောက်တွင် အခေါင်းထမ်းလာသည့်ပုံလည်း ပါဝင်လာသည်။ Rene Angelil သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလကတည်းကသေဆုံးခဲ့ပြီး ယခု သက်ရှိထင်ရှား ရှိမနေပေ။ ထိုအကြောင်းကို Billboard တွင် သတင်းဖော်ပြထားသည်။ လင့် - https://ln.run/hBJ8p

စလင်းဒီယွန်သည် လူတစ်သန်းတွင်တစ်ယောက်သာဖြစ်သည့် အာရုံကြောဆိုင်ရာရောဂါတစ်မျိုးဖြစ် သည့် Stiff Person Syndrome (SPS)ရောဂါ ကိုခံစားနေရသူဖြစ်ပြီး အဆိုပါရောဂါကြောင့် ကြွက်သား များထိန်းချုပ်မရ ဖြစ်နေသည်။ ထိုရောဂါကြောင့်ပင် ၎င်း၏ ဖျော်ဖြေရေးခရီးစဉ်များအား ဖျက်သိမ်းခဲ့ ကြောင်း CNN နှင့် BBC သတင်းဌာနတို့၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ဖော်ပြချက်အရ သိရ သည်။

CNN – https://bit.ly/3BkArC3 , BBC – https://bit.ly/3I8LtxY

တေးသံရှင် စလင်းဒီယွန်၏ အင်စတာဂရမ်အကောင့်တွင်လည်း ပိုစ့်များတင်လျက်ပင်ရှိနေပြီး လွန်ခဲ့သည့် မေလ ၁၂ ရက်နေ့က နောက်ဆုံးထွက် သီချင်းအသစ်အကြောင်းကို ဖော်ပြထားသည်။ ဆေးကုသခံနေ ကြောင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။ လင့် - https://ln.run/AsZEN

အချက်အလက် စစ်ဆေးသည့်အဖွဲ့တစ်ခုဖြစ်သည့် AFP ကလည်း တေးသံရှင်စလင်းဒီယွန် ဆေးရုံကုတင် ပေါ်ရောက်နေသည့်ပုံမှာ ပြုပြင်ထားသည့်ပုံဖြစ်ကြောင်းကို အချက်အလက်စစ်ဆေးထားသည်။ လင့် - https://ln.run/-MEV3

ထို့ကြောင့် စလင်းဒီယွန် ဆေးရုံကုတင်ပေါ်လှဲနေသည့်ပုံမှာ အခြားအမျိုးသမီးတဦး၏ပုံဖြစ်ပြီး ၎င်း၏ အသုဘအား ခင်ပွန်းဖြစ်သူက လိုက်ပို့နေသည်ဆိုခြင်းမှာလည်း မှားယွင်းနေသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#Fake_News

#Celine_Dion

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly