ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီး

By KMN (မဇ္ဈိမ)
16 May 2023
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ အိမ်ခြေ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၇ ရက်မှ ၁၂ ရက်နေ့အတွင်း  မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှာ ကဘွက်၊ ကုတ္တက်၊ ရုံးပင်၊ သင်ပေါင်း၊ သရက်ကုန်း၊ တောင်ဘို့ရေ စသည့်ခြောက်ရွာဖြစ်ပြီး ဧရာဝတီမြစ်အရှေ့ဘက်မှကူးလာသည့် စစ်ကောင်စီတပ်သားများကမီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ကဘွတ်ကျေးရွာမှ နေအိမ် ၁၅၀ လုံး ၊ ကုတ္တက်ကျေးရွာမှ နေအိမ် ၃၀ လုံး၊ ရုံးပင်ကျေးရွာမှနေအိမ် ၂၄ လုံး၊ သင်ပေါင်းကျေးရွာမှ နေအိမ် ၁၂ လုံး၊ သရက်ကုန်းကျေးရွာမှ နေအိမ် ၁၂ လုံးနှင့် တောင်ဘို့ရေကျေးရွာမှ နေအိမ်နှစ်လုံး ပျက်စီးခဲ့သည်။

“ဒေသခံ ၂,၀၀၀ ကျော်ဟာ  မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ပြီးတဲ့အထိ နေရပ်ကို မပြန်နိုင်ကြသေးပါ ဘူး။ စားနပ်ရိက္ခာနဲ့ နေစရာအခက်အခဲတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မိုခါမုန်တိုင်းကြောင့် မေလ ၁၄ ရက်နေ့တွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး ခင်ဦးမြို့နယ်အနောက် ခြမ်းရှိ ဂျပို့၊ ပေါက်သင့်တုံ၊ မဒေါင်းကြီး၊ ရှားတော၊ ငါးရုံကြီး၊ ကလုံ၊ ရှင်မင်းတွေ၊ သရက်ကုန်း၊ ကင်းပြစ်၊ တဲစု၊ မြစ်တော်၊ မုံလှ စသည့်ကျေးရွာ ၄၉ ရွာမှ နွေရာသီ ယာသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ်အပြင် ဂန္တမာပန်းခင်းများစသည့် စိုက်ဧက ၁၀,၀၀၀ ကျော် ရေနစ်ပျက်စီးခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် ခင်ဦး-ရေဦးမြို့နယ်အစပ်တွင် ကိုယ်ထူကိုယ်ထပြုလုပ်ထားသည့်  စစ်ရှောင်တံတား တစ်စင်းလည်း ပျက်စီးသွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required