ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရ

ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရ
Photo - AFP (၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် Candlelight Party (CP) ကို ထောက်ခံသူများက ကြွေးကြော်နေပုံ)

ကမ္ဘောဒီးယားတွင် လာမည့် အထွေထွေ ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ် ဟွန်ဆန်ကို အဓိက စိန်ခေါ်မည့် အဓိကအတိုက်အခံပါတီ၏ မှတ်ပုံတင်မှုကို နိုင်ငံ၏ ရွေးကောက်ပွဲ အဖွဲ့အစည်းက မေလ ၁၅ ရက်တွင် ငြင်းဆန်ပိတ်ပင်လိုက်သည်။

အတိုက်အခံ candlelight party (CP) ပါတီသည် စာရွက်စာတမ်းတချို့ တင်သွင်းရန် ပျက်ကွက်ခဲ့သည့်အတွက် ယင်းပါတီအနေဖြင့် ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ကြောင်း အမျိုးသား ရွေးကောက်ပွဲ ကော်မတီက ပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်ပြီး ၎င်းသည် အထူးသဖြင့် ရွေးကောက်ပွဲ အကြိုကာလတွင် ၎င်း၏ အုပ်ချုပ်မှုအပေါ် ဆန့်ကျင်အတိုက်အခံပြုသူများကို တရားရေးစနစ် အသုံးပြုပြီး ဖိနှိပ်နေကြောင်း ဝေဖန်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲသည်။

နိုင်ငံတွင် “ဒီမိုကရေစီ အခြေခံတစ်ခု ပြန်လည် ရရှိစေရေး” အယူခံဝင် ပန်ကြားသွားမည် ဖြစ်ကြောင်း CP ပါတီက ပြောသည်။ အဆိုပါ ပါတီသည် ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ကို စိန်ခေါ်မည့် တစ်ခုတည်းသော အလားအလာရှိ ပါတီအဖြစ် ရှုမြင်ခံထားရသည်။

အကယ်၍ ရွေးကောက်ပွဲ ကော်မတီ၏ ယခုဆုံးဖြတ်ချက်ကို အတည်ပြုထိန်းသိမ်းခဲ့ပါက အာဏာရ CPP ပါတီသည် ဇူလိုင် ရွေးကောက်ပွဲတွင် တစ်ကောင်တည်းပြေးသော မြင်းအဖြစ် သက်တောင့်သက်သာ ယှဉ်ပြိုင်သွားနိုင်လိမ့်မည် ဖြစ်သည်။

CP ပါတီသည် ယမန်နှစ် ဒေသန္တရ ရွေးကောက်ပွဲများတွင် အတိုင်းအတာတစ်ခုဖြင့် အောင်မြင်မှု ရခဲ့ပြီး ပြည်သူအများ၏ မဲပေးမှုတွင် ၂၂ ရာခိုင်နှုန်း ရရှိခဲ့ကာ ယင်းပါတီအနေဖြင့် အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ်တိုင်းတွင် CPP ကို စိန်ခေါ်ယှဉ်ပြိုင်ရန် စီစဉ်နေခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းက အကျိုးသင့် အကြောင်းသင့် မဟုတ်ကြောင်းနှင့် မိမိတို့သည် အောက်ခြေ လူထု၏ ထောက်ခံမှုကို ရထားပြီးဖြစ်သည်ဟု CP ပါတီပြောရေးဆိုခွင့်ရ ကင်မ်ဆို ဖီရစ်သ်က အေအက်ဖ်ပီကို ပြောသည်။

“ကမ္ဘောဒီးယားအနေနဲ့ ပါတီစုံပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲတွေမှာ ကျွန်တော်တို့ ယှဉ်ပြိုင်ခွင့် မရနိုင်လို့ပါ” ဟု ၎င်းက ပြောသည်။

ဟွန်ဆန်ကို တိုက်ရိုက် စိန်ခေါ်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် လူသိများသော ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ရုန်ချဟွန်းသည်လည်း ဆူပူလှုံ့ဆော်မှုအတွက် ယခင်ပြစ်ဒဏ်ချမှတ်ခံရမှုတစ်ခုကြောင့် ပြီးခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲအတွက် စည်းကမ်းနှင့်မညီဟု ဆိုပြီး ပိတ်ပင်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly