အရင်းအနှီးများတဲ့ သင်ခန်းစာ 

By ကချင်လေး
15 May 2023
အရင်းအနှီးများတဲ့ သင်ခန်းစာ 

ယခုနှစ်အစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းနေသည်ဟု စွပ်စွဲခံနေရသည့် ရှမ်းနီတပ်ဖွဲ့ဝင်များဟု သံသယရှိသူ အပြစ်မဲ့အရပ်သားပြည်သူ ကိုးဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)ကို ကချင်လူထုအသိုင်းအဝိုင်းနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်သံများ လူမှုကွန်ရက်ပေါ်မှာ ခပ်စိတ်စိတ်နဲ့ ကျယ်ကျယ်လောင်လောင် ထွက်ရှိလို့လာသည်။ 

မတရား အသက်ဆုံးရှုံးသွားသည့် အရပ်သားပြည်သူ ကိုးဦး ကိစ္စကို ကေအိုင်အိုအစိုးရအနေနဲ့ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ လူထုတစ်ရပ်လုံးက လိုလားနေကြပါသည်။ ဒီသတ်ဖြတ်မှုက ကေအိုင်အေတပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်အတွင်းမှာ ဖြစ်ပွားခဲ့တာကြောင့် ကေအိုင်အိုအစိုးရက ကချင်လူထုရဲ့ ဝေဖန်မှုတွေကို ခံနေရသည်။

ဒီသတ်ဖြတ်မှုမှာ ကေအိုင်အေတပ်သားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိနေခဲ့တာဖြစ်ပြီး၊ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်နဲ့ နမ္မတီးမြို့တွေက အဖွဲ့ဝင် ၂၇ ဦးပါတဲ့ အရပ်ဖက် အမှုမှန်ဖော်ထုတ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီးတော့ ကေအိုင်အိုအစိုးရ ဗဟိုအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနဲ့ ပူးပေါင်းကာ စုံစမ်းဖော်ထုတ်နေသည်။

ဖြစ်ရပ်က ဘယ်ကစလဲ

စုစုပေါင်း  အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး အသတ်ခံရပြီး၊ သတ်ဖြတ်ခံရသူတွေဟာ ဗန်းမော်မြို့က ဦးလဇွမ်တူးလွမ့် (အသက် ၅၅နှစ်)၊ ဦးလဇွမ်ထွယ်ရှောင် (အသက် ၃၅နှစ်)၊ ဦးမြင့်ထွေး (အသက် ၅၀နှစ်)၊ ကိုထွန်းယုံနဲ့ ကိုဖိုးလေး (အသက် ၂၇ နှစ်)နဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးကျော်စိုး၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်းခွကျေးရွာက အသက် ၄၀ ကျော် အရွယ် ဦးယောဟန်တို့အပြင် အမျိုးသမီးတွေဖြစ်ကြတဲ့ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာက အသက် ၂၇ နှစ်အရွယ် မအင်ဒေါင်နန်လွမ်နဲ့ အသက် ၂၈နှစ်အရွယ် မဖောင်မားခေါန်ဘူတို့ ဖြစ်ကြသည်။

 

သူတို့တွေကို မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့လို့ သူတို့ကိုသူတို့ နာမည်ပေးထားတဲ့ “UG Black K” အဖွဲ့က မေးမြန်းဖို့ရှိတယ်ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့ညမှာ ဖမ်းဆီးသွားသည်။ ဖမ်းဆီးပြီး လေးရက်အကြာ  ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ UG Black K အဖွဲ့က “စစ်ကောင်စီတပ်အဖွဲ့နဲ့ ပူးပေါင်းနေတယ်လို့ စွပ်စွဲခံနေရတဲ့ ရှမ်းနီတပ်ဖွဲ့  SNA အဖွဲ့ဝင် ကိုးဦးကို ဖမ်းဆီးရမိခဲ့တယ်”လို့ သတင်းထုတ်ပြန်ပါသည်။

သတ်ဖြတ်ခံခဲ့ရသည့် ကိုးဦးထဲမှ ခုနစ်ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့ည ၈ နာရီလောက်မှာ UG Black K အဖွဲ့က မေးမြန်ရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားတာဖြစ်ပြီး၊ ကျန်နှစ်ဦးကို နောက်တစ်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထပ်မံဖမ်းဆီးခဲ့ပါသည်။ ဖမ်းဆီးခံရသူ ကိုးဦးစလုံး အသတ်ခံရသည်ဟု အသတ်ခံရသူတွေရဲ့ မိသားစုတွေနဲ့နီးစပ်သည့် ကချင်သတင်းရင်းမြစ်များက ဆိုကြသည်။

အရပ်သားပြည်သူကိုးဦး အသတ်ခံရပြီး သုံးရက်အကြာမှာ မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က “ဇန်နဝါရီ ၂၄ ရက် ညပိုင်းက SNA မှ ဦးကျော်စိုး (ခ) မင်းမင်းလှိုင်နှင့် အပေါင်းအပါ ကိုးယောက်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ပြီး၊ သူတို့ရဲ့ဖော်ထုတ်ချက်အရ ဗန်းမော်အခြေစိုက် တပ်မ (၄၇) တပ်ရင်းမှ ကွန်မန်ဒိုထောက်လှမ်းရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်ကို ဇန်နဝါ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်” လို့ ၎င်းတို့အဖွဲ့ရဲ့ ဖေစ့်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်သည်။

“ဒီ UG တွေက လက်လွန်ပြီးမှ သတင်းဌာနတွေကို သတင်းအမှားတွေ ပေးလိုက်ကြတာနေမှာ။ အဲ့နေရာတွေမှာက SNA ရဲ့ လှုပ်ရှားနေရာမှ မဟုတ်တာ။ အဲ့တစ်ခုတည်းနဲ့တောင် ဆက်စပ်စဥ်းစားသင့်တယ်။ UG တွေရဲ့ အာဘော် အရမ်းများသွားပုံဘဲ” ဟု မြေပြင်အခြေအနေကို ဂဃနဏသိနေတဲ့ ကချင်သတင်းရင်းမြစ် သာသနာပြုဆရာတစ်ဦးက အခုလို ဆိုသည်။  

UG Black K အဖွဲ့က အပြစ်မဲ့သည့် အရပ်သားပြည်သူကိုးဦးကို ဖမ်းဆီးစစ်ဆေးနေချိန်တွင် ခြေလွန်လက်လွန် ဖြစ်သွားသည်သာမက ဇန်နဝါရီ ၂၈ ရက်နေ့က ယင်းတို့အဖွဲ့ ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ထောက်လှမ်းရေးဗိုလ်ကြီး ပိုင်စိုးသူ (ခ) မင်းစစ်နိုင်ကိုလည်း စစ်ဆေးမေးမြန်းနေစဥ်အတွင်း သေဆုံးသွားကြောင်း အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြထားသည်။ ထောက်လှမ်းရေးဗိုလ်ကြီး ပိုင်စိုးသူ (ခ) မင်းစစ်နိုင်ရဲ့ သေဆုံးမှု အသေးစိပ်အခြေအနေကို တခြားသော  သတင်းမီဒီယာများကလည်း သတင်းဖော်ပြခဲ့သည်။

(စစ်ထောက်လှမ်းရေးဗိုလ်ကြီး ပိုင်စိုးသူ (ခ) မင်းစစ်နိုင်က မြစ်ကြီးနားကားကြီးကွင်းရှိ လင်းကမ္ဘာကားလိုင်းမှာ အဌားကားသမားယောင်ဆောင်ကာ သတင်းထောက်လှမ်းလျက်ရှိပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဖမ်းဆီးရေးလုပ်နေသူလည်း ဖြစ်ကြောင်း မဇ္ဓျိမရဲ့ မြေပြင်သတင်းအဖွဲ့က အတည်ပြုစုံစမ်းရရှိထားသည်) 

အသတ်ခံရသူ ကိုးဦး အဖမ်းခံရပြီး တစ်လအကြာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အမှုမှန်ပေါ်ပေါက်ရေး အရပ်ဘက်ကော်မရှင်နဲ့ မိသားစုဝင်များ သွားရောက်စစ်ဆေးရာမှာ လဝါးကျေးရွာနဲ့ နှစ်မိုင်ခန့်ဝေးသည့်နေရာတွင် ခုနစ်ပေကျယ်ဝန်းသော ကျင်းတစ်ခုအတွင်း အလောင်းခုနစ်လောင်းကို တွေ့ခဲ့ရပြီး၊ ကျန်ကျင်းတစ်ကျင်းတွင် အလောင်းနှစ်လောင်းကို တွေ့ခဲ့ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ရုပ်အလောင်းအများကို ကောင်းမွန်စွာ ပြန်လည်မြှုပ်နှံပေးခဲ့ကြောင်း လိုက်ပါအကူအညီပေးခဲ့သူ ကိုမုန်အောင် (အမည်လွှဲ) က ပြောသည်။

“အသတ်ခံရတဲ့ ကိုးယောက်ရဲ့အလောင်းတွေကို ကျင်းထဲကနေ ပြန်ထုတ်ပြီး ကျနော်တို့ ကောင်းကောင်း ပြန်ပြီး မြှုပ်ပေးလိုက်ပါပြီ။ အလောင်းတွေကိုက ရွာ(လဝါး)ရဲ့ ချောင်ကျတဲ့နေရာမှာ မြှုပ်ထားပေးတာဟုတ်တယ်” လို့ ကိုမုန်အောင်က ဆိုသည်။

ဘယ်သူတွေပါဝင် ပတ်သက်နေသလဲ

UG Black K အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာမှ ယင်းတို့အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ (Facebook Page) ကို စတင်ခဲ့တာဖြစ်ကြောင်း လေ့လာသိရှိရသည်။ ဒီလူမှုကွန်ရက်ကို လက်ရှိအချိန်ထိ အယောက် ၅၀၀ ကျော်က  Likes ပြုလုပ်ထားသလို၊  အယောက် ၇၀၀  ကျော်က Followers ပြုလုပ်ထားသည်ကို တွေ့ရသည်။

UG Black K အဖွဲ့သည် ကေအိုင်အေမှ တရားဝင်ဖွဲ့စည်းထားပြီး၊ စီမံအုပ်ချုပ်ပေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟုတ်ဟု သိရသည်။ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ ပေါက်ဖွားလာသည့် ဒေသအခြေပြု တော်လှန်ရေးအဖွဲ့သာ ဖြစ်သည်။ 

အပြစ်မဲ့ အရပ်သားပြည်သူ ကိုးဦးအသတ်ခံရတဲ့ ဖြစ်ရပ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု ဆိုကြသည့် လက်နက်ကိုင်အဖွဲ့နဲ့ ကေအိုင်အေတပ်မဟာ (၂)မှာ တပ်ဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်နေသည်ဟု ကေအိုင်အိုအုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ ကချင်သတင်းရင်းမြစ်များက အခိုင်အမာဆိုကြသည်။

ဒီလို အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျူးလွန်သူလို့ ယူဆရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နဲ့ ကေအိုင်တပ်ဖွဲ့ဝင်အချို့ကို ကေအိုင်အို/ကေအိုင်အေ တပ်မဟာဌာနချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားကာ စစ်ဆေးနေတယ်လို့ ကေအိုင်အိုအုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ ကချင်သတင်းရင်းမြစ်များက အတည်ပြု ဆိုကြသည်။

“ ဒီဖြစ်ရပ်မှာ အဓိကတော့ သတင်းအမှားပေးတဲ့သူတွေကြောင့်ပါ။ အခုက ဒလန်ထင်တယ်လို့ဆိုတဲ့ “ထင်”တစ်လုံးအောက်မှာ ကျူးလွန်မိသွားကြတာပေါ့။ ဒီကာလမှာက ဒလန်ဆိုတဲ့ အသုံးအနှုန်းက အရမ်းထိလွယ်ရှလွယ်တော့ ဒီလိုဖြစ်သွားတယ်နဲ့တူတယ်။ အခု ဒီဘက် (ကေအိုင်အေစစ်ဌာနချုပ်)ကလူတွေကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေပါပြီ။ ပါဝင်တဲ့သူတွေကိုလည်း ဖမ်းထားပါပြီ” လို့ ကချင်သတင်းရင်းမြစ်က ပြောသည်။

ဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ ကေအိုင်အေတပ်မဟာ (၂)နယ်မြေနဲ့နီးစပ်ပြီး မြေပြင်ပကတိအ‌ခြေအနေကို သိနေတဲ့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ ကချင်သတင်းရင်းမြစ်တစ်ဦးကတော့ UG Black K အဖွဲ့အနေဖြင့် ကေအိုင်အေ မှ တရားဝင်ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟုတ်သည့်အတွက် ယင်းအဖွဲ့ရဲ့ မြေပြင်သတင်း အချက်အလက်များကို အချိန်မီစိစစ်တားဆီးနိုင်ခြင်း မရှိခဲ့တာကြောင့် အခုလို ခြေလွန်လက်လွန်ဖြစ်သွားရသည့် ဖြစ်ရပ်များ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု   မဇ္ဓျိမရဲ့မြေပြင်သတင်းအဖွဲ့ကို သုံးသပ်ပြခဲ့သည်။ 

“ ဟုတ်တယ်။ အဲ့ UG တွေက ကျနော်တို့လေ့လာတွေ့ရှိရသလောက်ဆိုရင် ကေအိုင်အေက ဖွဲ့စည်းထား တဲ့ UG မဟုတ်ဘူးလို့ သိရတယ်။ အဲ့တော့ အဲ့ UG လော်ချက်ကို ဂိုင်ကြမ်း Kai Chyan (ကေအိုင်အေထောက်လှမ်း ရေးတပ်)တွေက သတင်းယူတာကလည်း အားနည်းတယ်လို့ ပြောရမှာဘဲ။ ဂိုင်ကြမ်းတွေက ဒီလိုအရေးကြီးတဲ့ သ တင်းတွေကို အမြဲတမ်းစုံစမ်းနေရမှာလေ။ ဂိုင်ကြမ်းအဖွဲ့ရဲ့ မြေပြင်သတင်းအချက်အလက် စိစစ်မှု တော်တော်လေး အားနည်းနေတယ်ဆိုတာ ဒီနေရာမှာ ပေါ်ပေါက်နေတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီနေရာမှာ အပြစ်မဲ့တဲ့ပြည်သူ ကိုးယောက်စလုံး ဒီအတိုင်း အသတ်ခံလိုက်ရတာက သူတို့ရဲ့အားနည်းချက်ဘဲ” လို့ ကချင်သတင်းရင်းမြစ်က အခုလို သုံးသပ်ပြပါသည်။

လက်ရှိအချိန်တွင် UG Black K အဖွဲ့က ယင်းတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်များကို လူမှုကွန်ရက်အပေါ်ကနေ ပြန်လည် ဖျက်ချထားပြီး၊ ဒီဖြစ်ရပ်မှာပါဝင်ပတ်သက်မှုရှိနေတဲ့ UG Black K ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့နဲ့ ယင်းအ ဖွဲ့ရဲ့ သတင်းပေးများကတော့ လွတ်မြောက်နေဆဲ ဖြစ်သည်။

ဒီအရပ်သားပြည်သူ ကိုးဦးအသတ်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်တဲ့ အဓိက မျက်မြင်သက်သေကိုလည်း လက်ရှိအချိန်မှာတော့ လုံခြုံစိတ်ချရတဲ့နေရာတွင် မိသားစုနဲ့တကွ အရပ်ဘက်အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်က ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်(မက်ဆင်ဂျာ)မှ ပြန်လည်ပြောပြ ထားပါသည်။ 

“ဖြစ်စဥ◌်နဲ့ပတ်သက်တဲ့ မျက်မြင်သက်သေတော့ရှိတယ်။ သူ့မိသားစုရဲ့ လုံခြုံရေးကိုကျတော့ ကျနော်တို့ ဒီအရပ်ဘက်က ပြည်သူတွေရဲ့ ကော်မရှင်တွေကနေ ဝိုင်းဝန်းပြီးကြည့်ထားတာတော့ ရှိတယ်။ သူတို့က ဒီဖြစ်စဥ◌်နဲ့ပတ်သက်ပြီး တိမ်းရှောင်နေတာတော့မဟုတ်ဘူး။ သူတို့ကျတော့ ကျနော်တို့အတွက် အရေးကြီးတဲ့သက်သေဖြစ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်” 

 

ဖြစ်ရပ်ဖြစ်ပွားတဲ့ ဒေသက ဘယ်လိုဒေသလဲ

ဖြစ်ရပ်ဖြစ်ပွားခဲ့သော လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ကျေးရွာ လမ်းပိုင်းက ဖားကန့်မြို့နယ်တွင် ပါဝင်နေသည်။ ဖားကန့်ဒေသက ကေအိုင်အေတပ်မဟာ (၉) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ဖြစ်ကြတဲ့ ကေအိုင်အေအမှတ် (၆) တပ်ရင်း၊ အမှတ်(၂၆) တပ်ရင်းနဲ့ အမှတ် (၄၄) တပ်ရင်းများကသာ အဓိက စစ် ရေးလှုပ်ရှားလေ့ ရှိသည်။

သို့သော် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့သော နေရာဒေသကတော့ ကေအိုင်အေတပ်မဟာ (၂) မှ တိုက်ရိုက်အုပ်ချုပ်ကာ စစ် ရေးလှုပ်ရှားတဲ့ နေရာဖြစ်တယ်လို့ ကေအိုင်အေစစ်ရေးရုံးရဲ့ အချက်အလက်အရ မဇ္ဓျိမကစုံစမ်း သိရှိရသည်။ ကေ အိုင်အေစစ်ရေးရုံးရဲ့ အချက်အလက်အရ ကေအိုင်အေ၏ အနောက်ပိုင်းတိုင်း (ဧရာဝတီမြစ် အနောက်ခြမ်းဒေသ များ) စစ်ဌာနချုပ်မှာပါဝင်တဲ့ ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံ အမှတ် (၁၄) တပ်ရင်းနဲ့ အမှတ် (၁၁) တပ်ရင်းတို့ စစ်ရေးလှုပ်ရှားကြတဲ့ နယ်မြေကြားမှာ အခုလိုဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီဖြစ်ရပ်က လဝါးရွာနားမှာဆိုပေမယ့် တပ်ရင်း (၁၄) နဲ့ တပ်ရင်း (၁၁) နယ်နိမိတ်ကြားမှာဟုတ်တယ်။ ဒီကာလမှာက စစ်ဘက်နဲ့ အုပ်ချုပ်ရေးက တွဲမလုပ်ကြတော့ ဒီဖြစ်ရပ်ဖြစ်တာကို အချိန်တော်တော်ကြာမှ သိရသလိုဖြစ်သွားတယ်။ လဝါးရွာမှာဖြစ်တယ်ဆိုပေမယ့် လဝါးတိုက်နယ်ရုံးအဖွဲ့က ဒီဖြစ်ရပ်မှာမပါဘူး။ ၂၄ ရက်နေ့ကတည်းနေ တိုက်နယ်မှူးက မြို့နယ်နဲ့ ခရိုင်ကို လူပျောက်အမှုတိုင်ထားပြီး၊ အကြံပေး ညွှန်ကြားကြပ်မတ်ပေးဖို့ တောင်းဆိုထားတယ်” လို့ ကေအိုင်အေစစ်ရေးရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အခုလို ပြောပြသည်။

စစ်ကောင်စီဘက်ကလည်း မြေပြင်ပကတိအခြေအနေကို ကျွမ်းကျင်ကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ တိုက်ရိုက်ထိန်းချုပ်ကွပ်ကဲတဲ့ တစ်ခုတည်းသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ - တနိုင်း)မှ ခြေလျင်၊ ခြေမြန်တပ်ရင်းများလည်း စစ်ရေးလှုပ်ရှားကြသည်။ ဒါ့အပြင် အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်က တိုက် ရိုက်ကိုင်တွယ်လှုပ်ရှားကြသည့် တပ်ရင်းတပ်ဖွဲ့များက ဒီအပြစ်မဲ့ပြည်သူကိုးဦးအသတ်ခံရတဲ့ နေရာများတွင် စစ် ရေးလှုပ်ရှားလေ့ ရှိနေသည်။

သို့သော် ဖြစ်ရပ်ဖြစ်ပွားခဲ့သည့် ရွာအနီးပတ်ဝန်းကျင်တွင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ခြေကုပ်ရယူထားခြင်း မရှိဘဲ အဆိုပါလမ်းပိုင်းကိုသာ ခြေကုပ်ရယူနိုင်ရန် နှစ်ဖက် လက်နက်ကိုင်တပ်တို့က တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိနေသည်။ 

 

လက်ရှိအမှုအခြေအနေ

ပြည်သူ ကိုးဦး အသတ်ခံရသည့်အမှုနဲ့ပတ်သက်ပြီး သုံးလကျော်ကြာမြင့်လာသည့်အထိ ဖြေရှင်းနိုင်ခြင်း မ ရှိသေးဘဲ အချိန်ကြန့်ကြာနေခြင်း ဖြစ်နေတယ်လို့ ကော်မရှင်အဖွဲ့ဝင်များထံကနေ စုံစမ်းသိရှိရသည်။ ဒီအမှုနဲ့ပတ် သက်ပြီး ကေအိုင်အေဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားလာတာမျိုး မရှိသေးတဲ့အတွက် အခုလို ကြန့်ကြာနေရခြင်းဖြစ်တယ်လို့ အရပ်ဘက် အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ဝင်များက ဆိုကြသည်။

ဝေးလံပြီး သွားလာရခက်ခဲတဲ့ ကေအိုင်အေတပ်မဟာ(၂) ဌာနချုပ်ဘက်က အဓိကတာဝန်ယူကာ အမှုမှန်ကို စစ်ဆေးနေရသည့်အတွက် အခုလိုကြန့်ကြာနေရခြင်းဖြစ်တယ်လို့ ကေအိုင်အေဘက်က သုံးသပ်ပြထားသည်။ ဒီအမှုနဲ့ပတ်သက်ပြီး ကေအိုင်အေ/ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်နေသော်လည်း တစ်စုံတစ်ရာပြန်လည်ပြောပြခြင်းမရှိသေးပေမယ့် ဧပြီလ ၆ ရက်နေ့မှာ ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်ကိုတော့ အခုလိုမှတ်ချက်ပြု ဖြေဆိုထားတာကို တွေ့ရပါသည်။

“စစ်ဆေးစရာရှိတာတွေ စစ်ဆေးနေတယ်။ တရားရုံးဖွင့်ပြီး စစ်ဆေးနေတယ်။ အဲ့ဒီအတိုင်းအတာထိ ရှိပါသေးတယ်။ စစ်ဆေးမှုရလဒ်ပေါ်မူတည်ပြီး ပြစ်ချက်ဟာ ဆုံးဖြတ်လို့ရတဲ့ အတိုင်းအတာဆိုရင် မကြာတော့ဘူး။ ဆုံးဖြတ်လို့ရတဲ့အတိုင်းအတာ မရှိဘူးဆိုရင်တော့ ဆက်ပြီးစစ်ဆေးရမယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါသည်။

ကေအိုင်အိုအစိုးရက ရှာဖွေပေးလာမယ့် ဒီအမှန်တရားအတွက် ကချင်လူထုအသိုင်းအဝိုင်းကလည်း စောင့်ကြည့်နေသလို၊ အမှန်တရားအတွက် မည်သည့် ပူးပေါင်းပါဝင်မှုမျိုးမဆို လုပ်ဆောင်သွားဖို့လည်း အသင့်ရှိနေကြသည်။

ဒါကြောင့်လည်း ပြည်သူ ကိုးဦးအသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မိသားစုဝင်များနဲ့အတူ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဘက် အမှုန်မှန်ပေါ်ပေါက်ရေး ကော်မရှင်အနေဖြင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့ ကချင်လူထုကို ကတိကဝတ်ပြုထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly