ထိုင်းရွေးကောက်ပွဲ နိုင်ပြီးနောက် အစိုးရသစ် ဖွဲ့ရန် အသင့်ရှိဟု ရှေ့သို့ ချီ ပါတီ ခေါင်းဆောင်ပြော

ထိုင်းရွေးကောက်ပွဲ နိုင်ပြီးနောက် အစိုးရသစ် ဖွဲ့ရန် အသင့်ရှိဟု ရှေ့သို့ ချီ ပါတီ ခေါင်းဆောင်ပြော
Photo - AFP

ထိုင်းနိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် တိုးတက်သော Move Forward (ရှေ့သို့ ချီ) ပါတီ က အထွေထွေရွေးကောက်ပွဲ၌ သမိုင်းဝင် အောင်ပွဲ ရပြီးနောက် ၎င်း၏ ပါတီအနေဖြင့် အများစု အစိုးရတစ်ရပ် ဖွဲ့ရန် အသင့်ဖြစ်နေကြောင်း ပါတီခေါင်းဆောင်၊ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း မစ္စတာ ပီတာ လင်ဂျရွန်ရတ်က မေလ ၁၅ ရက်တွင် ကြေညာသည်။

ပါတီဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာတွင် အသက် ၄၂ နှစ်ရှိ မစ္စတာ ပီတာက နိုင်ငံကို စီမံအုပ်ချုပ်ရန် ရှေ့သို့ချီ ပါတီအပေါ် ယုံယုံကြည်ကြည် အပ်နှံသည့် ပြည်သူတို့၏ စိတ်ဆန္ဒကို အလေးပေး ပြောဆိုပြီး ယင်းကဲ့သို့ အများသဘောဆန္ဒတစ်ခုကို ဘက်ပေါင်းစုံက လေးစားလိုက်နာရေး တောင်းဆိုသည်။

“ကျင်းပပြီးစီးသွားတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ရှေ့သို့ချီ ပါတီကို ပထမနေရာ ရစေအောင် ထိုင်းပြည်သူတွေဟာ မဲရုံတွေမှာ သူတို့ရဲ့ ဆန္ဒသဘောထားကို ထုတ်ဖော်သွားကြတယ်ဆိုတာ ရှင်းလင်းပါတယ်” ဟု မစ္စတာ ပီတာက ပြောသည်။

“ကျွန်တော်တို့ ရှေ့သို့ ချီ ပါတီဟာ အစိုးရသစ် ဖွဲ့စည်းရာမှာ ဦးဆောင်ဖို့ အသင့်ဖြစ်နေတယ် ဆိုတာကို ကျွန်တော် ကြေညာချင်ပါတယ်”

အောက်လွှတ်တော် အမတ်နေရာ ၅၀၀ ကို ရွေးချယ်တင်မြှောက်ရန် တနင်္ဂနွေနေ့ (မေ ၁၄) ရက်က ကျင်းပသည့် ထိုင်း အထွေထွေ ရွေးကောက်ပွဲတွင် လူ ၃၉ ဒသမ ၃ သန်းခန့် ဆန္ဒမဲပေးခဲ့ကြသည်။

ယခု ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ ပါဝင်မဲပေးမှုနှုန်းက ၇၅ ဒသမ ၂၂ ရာခိုင်နှုန်း ဖြစ်ပြီး ယင်းသည် ထိုင်း နိုင်ငံရေးသမိုင်းတွင် အမြင့်ဆုံး ဖြစ်သည်။

တနင်္ဂနွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ၅၂ သန်းခန့် ရှိခဲ့ပြီး ၎င်းတို့အနက် နှစ်သန်းကျော်သည် မေလ ၇ ရက်တွင် ကြိုတင်မဲပေးခဲ့ကြသည်။

ထိုင်းရွေးကောက်ပွဲ ကော်မရှင်က မေလ ၁၅ ရက်တွင် ထုတ်ပြန်သည့် ပဏာမရလဒ်များအရ ရှေ့သို့ ချီ ပါတီက အမတ်နေရာ ၁၅၁ နေရာဖြင့် ပထမနေရာတွင် ရှိနေသည်။ ဖျူထိုင်းပါတီက အမတ်နေရာ ၁၄၁ နေရာဖြင့် ဒုတိယ၊ Bhumjaithai ပါတီက အမတ်နေရာ ၇၀ ဖြင့် တတိယနေရာတွင် ရှိနေသည်။

မိမိတို့ ပါတီအနေဖြင့် အစိုးရသစ်ဖွဲ့ရန် နိုင်ငံရေး မဟာမိတ်များနှင့် ဆက်သွယ်ချိတ်ဆက်မှုများ လုပ်ထားသည်ဟု မစ္စတာ ပီတာက ပြောသည်။ ယင်းတို့ထဲတွင် ဖျူထိုင်း၊ ပရာချာရတ်၊ ထိုင်းစန်ထိုင်းနှင့် ဆီရိ ရွမ် ထိုင်း တို့ ပါဝင်သည်။

အဆိုပါ ပါတီများ ညွန့်ပေါင်းဖွဲ့ခြင်းက အမတ်နေရာ ၃၀၈ နေရာ ရှိပြီး ယင်းသည် အမတ်နေရာ ၅၀၀ ရှိ အောက်လွှတ်တော်တွင် အများစု အစိုးရတစ်ရပ် ဖွဲ့ရန် လုံလောက်သည်။

ရှေ့သို့ ချီ ပါတီသည် နောက်ထပ် ဖြစ်နိုင်ခြေရှိ မဟာမိတ်ဖြစ်သည့် Fair ပါတီနှင့်လည်း ဆွေးနွေးလျက် ရှိသည်။ အကယ်၍ ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်ပါက ညွန့်ပေါင်းအုပ်စုက ထိန်းသိမ်းထားမည့် အမတ်နေရာ စုစုပေါင်းသည် ၃၀၉ နေရာအထိ ရှိမည်ဖြစ်သည်။

“ဒါဟာ လူနည်းစု အစိုးရတစ်ရပ် ဖွဲ့မှာကို ပိတ်ဆို့ထားလိုက်ပြီ ဆိုတာ ရှင်းပါတယ်” ဟု မစ္စတာ ပီတာက ပြောသည်။

ရှေ့သို့ ချီ ပါတီ ခေါင်းဆောင် မစ္စတာ ပီတာက ၎င်းအနေဖြင့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ထမ်းဆောင်ရန်နှင့် နိုင်ငံကို ရှေ့သို့ တက်လှမ်းနိုင်ရန် မတူညီသော အမြင်များ ရှိသည့် ပြည်သူများနှင့် လက်တွဲအလုပ်လုပ်ရန် အသင့်ရှိသည်ဟု အခိုင်အမာ ဆိုသည်။

“ထိုင်းနိုင်ငံသားပြည်သူအားလုံးအတွက် ဝန်ကြီးချုပ်တစ်ဦးအဖြစ်ထမ်းဆောင်ဖို့ ကျွန်တော် အသင့်ရှိပါတယ်။ မတူညီတဲ့ အမြင်သဘောထားတွေကို နားထောင်ဖို့ အသင့်ပါပဲ။ မတူညီတဲ့ အမြင်တွေက ရှေ့ကာလမှာ ကျွန်တော့်ကို ပိုကောင်းတဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်စေပါလိမ့်မယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ခုချိန်မှာ ကျွန်တော်တို့ဟာ အတိတ်ကာလက ဘက်ပေါင်းစုံက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တာကို လေးစားဖို့၊ ဂုဏ်ပြုဖို့နဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ အသင့်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီ စနစ်နဲ့ ပါလီမန် စနစ်အပေါ် ယုံကြည်မှု ပြန်ရှိစေအောင် လုပ်ဖို့နဲ့ လွှတ်တော်အမတ်အားလုံး အပါအဝင် ထိုင်း နိုင်ငံရေးစနစ်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ထိရောက်မှုကို ဖန်တီးဖို့ ကျွန်တော်တို့အသင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲတွင် အောင်ပွဲရသော်လည်း ရှေ့သို့ ချီ ပါတီအနေဖြင့် အဆုံးသတ်တွင် အစိုးရသစ် ဖွဲ့စည်းနိုင်မည်လားနှင့် မည်သူက ဝန်ကြီးချုပ် ဖြစ်မည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး မသေချာမရေရာမှုတို့ ရှိနေဆဲဖြစ်သည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ် ရွေးချယ်မှုတွင် အောက်လွှတ်တော်အပြင် ကိုယ်စားလှယ် ၂၅၀ ဦး ရှိသည့် ဆိနိတ် အထက်လွှတ်တော်တို့ ပါဝင်မည် ဖြစ်သည်။

ဝန်ကြီးချုပ် ဖြစ်လာစေရန် ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် လွှတ်တော်နှစ်ရပ်စလုံး၏ အမတ်ဦးရေ ထက်ဝက်ကျော်၏ အတည်ပြုမှုကို ရယူရလိမ့်မည် ဖြစ်သည်။

ယင်းအတွက်ကြောင့် ရှေ့သို့ ချီ ပါတီအနေဖြင့် ယင်း၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းက ဝန်ကြီးချုပ်နေရာ အနိုင်ရရန်နှင့် အစိုးရဖွဲ့ရန်အလို့ငှာ အမတ် ၅၀၀ ရှိ အောက်လွှတ်တော်မှ ဖြစ်စေ သို့မဟုတ် လွှတ်တော်နှစ်ရပ်စလုံးမှ ဖြစ်စေ အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲကို စုစည်းရရှိရန် လိုအပ်မည် ဖြစ်သည်။

ပါတီနှင့် ယင်း၏ အောင်ပွဲအကြားတွင် ရှိနေသည်က အထက်လွှတ်တော်အမတ် ၂၅၀ ဖြစ်သည်။ ၎င်းတို့ကို နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့သည့် စစ်တပ်ခေါင်းဆောင်ဟောင်း ပရာယွတ် ချန်အိုချာ ဦးဆောင်သည့် စစ်အစိုးရ (ငြိမ်းချမ်းရေးနှင့် အမိန့်ညွှန်ကြားမှု အမျိုးသားကောင်စီ) က ၂၀၁၉ တွင် ရွေးချယ် ခန့်အပ်ထားသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ထိုင်း၏ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည်။ သူသည် ကိုးနှစ်နီးပါးကြာ အာဏာရနေခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ် ယခင် အထွေထွေရွေးကောက်ပွဲအပြီး ဆိနိတ်ဥက္ကဋ္ဌ ပွန်ပတ်ချ် ဝီချစ်ချွန်ချိုင်း မှလွဲ၍ ဆိနိတ်အမတ်အားလုံးက ၎င်းကို ဝန်ကြီးချုပ်အဖြစ် မဲပေးခဲ့သည်။

အစိုးရသစ် ဖွဲ့စည်းရာတွင် ဆိနိတ်လွှတ်တော်၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး မေးမြန်းမှုကို မစ္စတာ ပီတာက “ကျွန်တော့်အနေနဲ့ ဘာမှ မစိုးရိမ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ အများသဘောဆန္ဒကို ရထားပြီးသားဖြစ်လို့ပါ။ အဲဒါကို ဘက်ပေါင်းစုံ အားလုံးက လေးစားလိုက်နာသင့်ပါတယ်။ ပြည်သူတွေရဲ့ အများသဘောဆန္ဒကို ဆန့်ကျင်တာက ဆိနိတ်တင်မဟုတ်ပါဘူး။ ဘယ်သူ့အတွက်မှ အကျိုးဖြစ်စေမှာ မဟုတ်ပါဘူး”

ရှေ့သို့ ချီ ပါတီအနေဖြင့် အစိုးရဖွဲ့ရန်နှင့် လက်ရှိ အစိုးရထံမှ အာဏာလွှဲပြောင်းမှုကို ချောမွေ့စေရေး “အာဏာလွှဲပြောင်းမှုအဖွဲ့” ထူထောင်ရန် ဆွေးနွေးမှုများ ဆက်လုပ်သွားမည် ဖြစ်သည်။

“အစိုးရတစ်ရပ်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖွဲ့ဖို့ ကျွန်တော်တို့ မြန်မြန်သွက်သွက် လုပ်သွားပါမယ်။ ဒါမှလည်း ထိုင်းနိုင်ငံမှာ နိုင်ငံရေး ဒါမှမဟုတ် စီးပွားရေး ဟာကွက် ရှိမှာမဟုတ်သလို နိုင်ငံအတွက် မသေချာမရေရာမှုတွေနဲ့ အန္တရာယ်တွေ ရှိနိုင်မှာ မဟုတ်ပါဘူး” ဟု မစ္စတာ ပီတာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly