ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်ပြီးနောက် ယနေ့စစ်တွေမြင်ကွင်း

By ရွှေနွယ်( မဇ္ဈိမ )
15 May 2023
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်ပြီးနောက် ယနေ့စစ်တွေမြင်ကွင်း

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှု ၉၀ ရာနှုန်းအထက်ရှိသည်ဟု ယနေ့ မေလ ၁၅ ရက်နေ့တွင် ဒေသခံများက မဇ္ဈိမကို ပြောသည်။

“လက်ရှိမှာ လမ်းတွေပိတ်နေလို့ လမ်းရှင်းတာတွေ လုပ်နေရပါတယ်။ သေဆုံးက နှစ်ယောက်သုံးယောက် ရှိတယ်ကြားထားပြီး လက်ရှိတော့ မျက်မြင်မတွေ့ရသေးပါဘူး။ အိမ်ပိသေဆုံးလည်းရှိတယ်ကြားထားပါ တယ်” ဟု စစ်တွေမြို့တွင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်တွေမြို့ပေါ်တွင် မုန်တိုင်းရှောင်များနေထိုင်ရာ အဓိဌာန်ကျောင်း၏ အဆောက်အအုံသည် ယမန်နေ့ ညနေပိုင်း “မိုခါ” မုန်တိုင်းဝင်နေစဉ် မှန်များကွဲကျရာမှ အမျိုးသမီးတဦး ဗိုက်ထိမှန်ခဲ့ပြီး သေဆုံးခဲ့သည်ဟု သတင်းရရှိထားသော်လည်း ဖြစ်စဉ်အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဟု ဆိုသည်။

စစ်တွေမြို့နယ်အတွင်း မြေနိမ့်ပိုင်းရှိ အိမ်ငယ်များပြိုကျပျက်စီးနေသည်ကိုလည်းတွေ့ရသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးဒဏ်သင့်သူများအား သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ထောက်ပံ့ ကူညီမှုများပေးရန်အတွက် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက အသင့်ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ UNOCHA က မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ယနေ့ မေလ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ တရုတ်- မြန်မာနယ်စပ်သို့ရောက်ရှိ‌နေသော "မိုခါ" မုန်တိုင်းမှ အင်အားလျော့ကျအသွင်ပြောင်းခဲ့သော မုန်တိုင်းငယ်သည် အရှေ့- အရှေ့မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားခဲ့ပြီး တရုတ်နိုင်ငံအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီဖြစ်ကြောင်း ယနေ့တွင် မိုးဇလမှထုတ်ပြန်ထားသည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required