စစ်ရေးနဲ့အပြိုင် ပြန်လည်တည်ဆောက်ရေးကိုပါ ကြိုးစားနေတဲ့ NUG (ဆောင်းပါး)

By ဓားရိုင်း
15 May 2023
စစ်ရေးနဲ့အပြိုင် ပြန်လည်တည်ဆောက်ရေးကိုပါ ကြိုးစားနေတဲ့ NUG (ဆောင်းပါး)

စစ်အာဏာရှင်တော်လှန်ရေး အဆုံးသတ်တိုက်ပွဲအတွက် စစ်ရေးအရှိန်မြှင့်လာသလို တစ်ဖက်မှာလည်း ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကိုပါ အမျိုးသားညီညွတ်ရေးအစိုး(NUG)က ဆောင်ရွက်နေတာတွေ့ရပါတယ်။ စစ်ကောင်စီတပ်တွေဖျက်ဆီးခဲ့တဲ့ လူပေါင်းများစွာရဲ့ ဘဝတွေ ပြန်လည်ရှင်သန်ရေးအတွကဆောင်ရွက်နေသလို နိုင်ငံတကာဆက်ဆံရေး၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ CDM ဝန်ထမ်းတွေ အရေးအပြင် ဘဏ္ဍာရေးနဲ့ စီးပွားရေးကဏ္ဍတွေကိုပါ ဟန်ချက်ညီအောင် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ဒီလို ကဏ္ဍပေါင်းများစွာကို ဟန်ချက်ညီအောင်ကြိုးစားနေတဲ့ NUG ရဲ့လုပ်ဆောင်ချက်တချို့အပေါ် အမြင်ကွဲလွဲမှုတွေ လည်း ရှိကောင်း ရှိမှာ သေချာပါတယ်။ ဒါပေမဲ့ အချိန်တိုကာလအတွင်းမှာ ဒီလောက်အတိုင်းအတာအထိရောက် အောင် ကြိုးစားလုပ်ဆောင်နိုင်ခဲ့တဲ့ NUG ရဲ့လုပ်ဆောင်ချက်တွေကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာ အားနည်းချက်ဆိုတာရှိသလို စေတနာအမှားဆိုတာလည်းရှိတတ်စမြဲဖြစ်ပါတယ်။ ဒါကို ဝေဖန်ပြစ်တင်ခြင်းထက် ဝေဖန်အကြုံပြုပြီး နာလည်မှုရှိရှိနဲ့ ဆက်သွားနိုင်ဖို့တော့ လိုပါတယ်။ ဒါဆိုရင် အသက် ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ရင်းနှီးပေးဆပ်ထားရတဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ အမြန်ဆုံးခရီးရောက် မှာဖြစ်ပါတယ်။ လက်ရှိ NUG သွားနေတဲ့လမ်းဟာ အတော်လေးဖြောင့်နေပါပြီ။ ခရီးလည်းအတော်ရောက်နေ ပါပြီ။ ၂ နှစ်တာကာလအတွင်းမှာ နိုင်ငံတကာက NUG အပေါ် အမြင်ကောင်းတွေရှိလာသလို စစ်ရေး ပြင်ဆင်မှုမှာ လည်း မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဟန်ချက်ညီညီပေါင်းစည်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)ကို တစ်နိုင်ငံလုံးမှာ  တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ လောက် အတည်ပြု စုဖွဲ့နိုင်ခဲ့တဲ့အပြင် “ပြည်သူ့စစ်” တာဝန်ထမ်းဆောင်ရတဲ့ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကိုကြည့် မယ်ဆိုရင် NUG အနေနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်တွေမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ အဝေးရောက်အစိုးရတွေနဲ့ လုံးဝ ကွဲပြား ခြားနား နေတယ်ဆိုတာ ရှင်းပါတယ်။  

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရချိန်ကစပြီး မြန်မာ့နိုင်ငံရေးသမိုင်းမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုတွေအကြားမှာ အရေးပါတဲ့ ကွဲပြားခြားနားမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ၃ ခုလုံးကိုကြည့်မယ်ဆိုရင် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ စီးပွားရေး အစိတ်အပိုင်းတွေ အားလုံးအပေါ် စစ်တပ် ထိန်းချုပ်မှု သက်ဆိုးရှည်စေဖို့အတွက် လုပ်ခဲ့တာချင်းအတူတူပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ် အာဏာ သိမ်းမှုတွေဟာ အဝေးရောက်အစိုးရတွေကို ဖွဲ့စည်းဖြစ်ပေါ်စေခဲ့ပေမယ့် သူတို့ရဲ့သက်ရောက်မှုတွေနဲ့ မျှော်မှန်း ချက်တွေကတော့ သိသိသာသာကို ကွဲပြားခြားနားနေခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ကို အဝေးရောက်အစိုးရအဖြစ် သတ်မှတ်လို့တော့မရပါဘူး။ NUG ဟာ ပြည်တွင်းမှာကိုပဲ အစိုးရ အဖွဲ့အစည်းအဖြစ် အခြေစိုက်ပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူ့အစိုးရ တစ်ရပ်အဖြစ် ရှိနေတာပါ။ တစ်ချိန်က အဝေးရောက်အစိုးရဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရနဲ့ မတူပါဘူး။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုအပြီး စစ်အုပ်စုက စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ ပေးမယ်လို့ ကတိပြုခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ဖူးတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် စစ်အုပ်စုက ရလဒ်ကို ဗြောင်ကျကျ လျစ်လျူရှုပြီး ဖမ်းဆီးထိန်းသိမ်းမှုတွေကိုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဖမ်းဆီးမှုကနေ ပြန်လည်လွတ်မြောက် လာတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို စစ်အုပ်စု မထိန်းချုပ်ရသေးတဲ့ နယ်မြေမှာ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ဖွဲ့စည်းပြီးနောက် ထိုင်းနိုင်ငံကို ပြောင်း ရွှေ့သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုတာရဖို့ ကြိုးစားရင်း မြန်မာစစ်တပ်နဲ့ အမေရိကန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာပြီး ၂၀၁၀ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့အတူ အမျိုးသား ညွန့်ပေါင်းအစိုးရ တည်ရှိမှုလည်း ပျောက်ကွယ်သွားခဲ့တာပါ။ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ အမျိုးသား ညွန့်ပေါင်းအစိုးရကို တရားဝင် ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားညွန့်ပေါင်းအစိုးရနဲ့ NUG တို့ဟာ အာဏာသိမ်းစစ်တပ်ကို တော်လှန်တာချင်းတူပေမယ့် လုပ်ဆောင်ချက်နဲ့ ရပ်တည်ချက်တွေမှာတော့ များစွာကွဲ ပြားနေတယ်လို့ဆိုရပါလိမ့်မယ်။  NUG ဟာ တစ်ချိန်က အမျိုးသားညွန့်ပေါင်းအစိုးရလိုချင်ခဲ့တဲ့ အမေရိကန်ရဲ့ ထောက်ခံအားပေးမှုကိုရထားတဲ့အပြင် စစ်ကောင်စီနဲ့အဆင်ပြေနေတဲ့နိုင်ငံတချို့ကလွဲရင် ကျန်နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာလည်း အသိအမှတ်ပြုခံထားရတာဖြစ်ပါတယ်။  

အခုလို NUG အနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် သံတမန်ဆက်ဆံရေးနဲ့ စစ်ရေးကိုအရှိန်မြှင့်နေချိန်မှာ တစ်ဖက်မှာလည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ မလစ်ဟင်းရအောင် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ကျောင်း သားလူငယ်တွေ ပညာရေးအဆက်ပြတ်မှု မဖြစ်စေဖို့ CDM ဆရာ/မ တွေ၊ ပညာရေးဝန်ထမ်းတွေ စုစုပေါင်းအင် အား တစ်သိန်းခွဲကျော်နဲ့ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးဝမ်းကျောင်းပညာနဲ့ ဆရာအတတ်သင်ပညာ ရပ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ online, on ground သင်ကြားရေးတွေအပြင် Digital Based Learning စနစ်တွေနဲ့ ဝန်ဆောင်မှုတွေပေးနေခဲ့တာပါ။ ၂ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခ ရောက်နေရတဲ့ ပြည်သူတွေအတွက်လည်း ငွေကျပ် ၆.၆ ဘီလီယံလောက်ကို လူသားချင်းစာနာမှု အကူအညီတွေ ကိုပေးအပ်နိုင်ခဲ့တယ်လို့ NUG ကဆိုထားပါတယ်။ တစ်လကို ပျမ်းမျှ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ကိုလည်း စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုကြောင့် နေအိမ်တွေ ဆုံးရှုံးခဲ့ ရတဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးက ဒေသခံပြည်သူတွေအတွက် ယာယီတဲတွေ ပြန်လည်ဆောက်လုပ် ပေးခဲ့တာ ဆိုရင်လည်း လက်ရှိအချိန်အထိ ပြည်သူကလှူဒါန်းတဲ့ ရန်ပုံငွေနဲ့ ယာယီတဲပေါင်း ၂,၂၃၉ လုံး ဆောက် လုပ်ပေး ပြီးဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးရမှုလျှော့ချနိုင်ဖို့အတွက် ရန်ပုံငွေကျပ် ၁၁၉ သန်းလောက်အသုံးပြုပြီး ကြားကာလ ပညာရေး ဖော်ဆောင်နေတဲ့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်း ၇၉၈ ကျင်းတူးဖော်ပေးခဲ့တယ်လို့လည်းသိရပါတယ်။ နိုင်ငံတကာကနေ လူသားချင်းစာနာမှု အကူအညီတွေရရှိနိုင်ဖို့အတွက်လည်း စစ်ဘေးရှောင် ပြည်သူအများ ဆုံးရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၉ မြို့နယ်မှာ လူသားချင်း စာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ်လေ့လာတာဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာကိုလည်း အလှူရှင်နိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ အာဆီယံကို ပေးပို့ခဲ့တယ်လို့ NUG ကဆိုထားပါတယ်။  

ဒါ့အပြင် ထောင်တွင်း မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေနဲ့ လိင်စိတ်ကွဲပြားသူ ၄၆၉ ယောက်၊ လူငယ်နိုင်ငံရေးအကျဉ်းသား ၄၀၀၊ ကိုယ် ဝန် ဆောင်မိခင်နဲ့ နို့တိုက်မိခင် တစ်သိန်းကျော်၊ အရေးပေါ်အခြေ အနေမှာ နေထိုင်ရန်လိုအပ်မှုနဲ့ camp အုပ်ချုပ်မှု သင်တန်းသား ၃,၀၀၀ ကို ထောက်ပံ့မှုတွေပေးထားခဲ့တာပါ။ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ကုသမှုပေးတာ၊ ခွဲစိတ်ကုသမှုပြုလုပ်တာ၊ ခြေလက်အင်္ဂါ ဆုံးရှုံးသူတွေ ကို ခြေတုလက်တုတပ်ဆင်ပေးတာ၊ အရေးပေါ်ခွဲစိတ်ကလေးမွေးဖွားပေးတာ အစရှိတဲ့ ကျန်းမာရေး စောင့်ရှောက် မှုတွေကိုလည်း NUG အနေနဲ့ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ မြေပြင်မှာ ဆေးရုံပေါင်း ၆၆ ခု၊ ဆေးခန်းပေါင်း ၁၅၉ ခု၊ ရွေ့လျား ဆေးခန်းပေါင်း ၂၅၀ ကျော်တို့နဲ့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ မြို့နယ်ပေါင်း ၁၉၈ မြို့နယ် မြို့နယ်ကျန်းမာရေး တာဝန်ခံတွေထားရှိပြီး ဝန်ကြီးဌာနနဲ့ချိတ်ဆက်ကာ ကျန်းမာရေးဝန်ဆောင်မှုလည်းပေးနေတာဖြစ်ပါတယ်။ လတ် တလောမှာ NUG ဟာ ကျန်းမာရေး အသုံးစရိတ်အနေနဲ့  အမေရိကန်ဒေါ်လာ ၂ သန်း သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြည်သူလူထုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ/ဆေးခန်းတွေကို အကြမ်း ဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု စတဲ့အကြမ်းဖက် လုပ်ရပ်တွေကနေ ကာကွယ်နိုင်ဖို့အတွက်လည်း ဆောင်ရွက်ပေးနေတာပါ။ စစ်အာဏာရှင်တော်လှန်ရေးမှာ အဓိကအခန်းကဏ္ဍတစ်ခုကနေပါဝင်နေတဲ့ CDM ဝန်ထမ်းတွေအတွက်လည်း CDM Success Committee နဲ့ချိတ်ဆက်ထားတဲ့ CDM နိုင်ငံ့သူရဲကောင်း ၂၁၀,၆၃၉ အနက် ၂၀ ရာခိုင်နှုန်းလောက်ရဲ့ အရေးပေါ်လိုအပ်ချက် တွေအတွက်  မြန်မာကျပ်ငွေသန်း ၄,၀၀၀ လောက် ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ဝန်ကြီးဌာနတွေအနေနဲ့လည်း ဌာနအလိုက် CDM ဝန်ထမ်းတွေကို အသီးသီးကူညီထောက်ပံ့နေတာဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် NUG အနေနဲ့ အာဏာရှင်စနစ်အဆုံးသတ်ရေး တိုက်ပွဲအတွက် စစ်ရေးပိုင်းမှာသာမက ပြည်သူတွေအတွက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုပါ အကောင်းဆုံးလုပ်ဆောင်ပြီး ပြီးပြည့်စုံတဲ့တော်လှန်ရေးဖြစ်အောင် ကြိုးစားနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly