မန္တလေးတွင် ၃ လောင်းပြိုင်လူသတ်မှုဖြစ်ပွား တရားခံဖမ်းမိထားဟုဆို

By 007 (မဇ္စျိမ)
13 May 2023
မန္တလေးတွင် ၃ လောင်းပြိုင်လူသတ်မှုဖြစ်ပွား တရားခံဖမ်းမိထားဟုဆို
Photo AKCA

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၊ တံခွန်တိုင်ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းတစ်ခုအတွင်း၌ ယမန်နေ့ မေလ ၁၂ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်က သုံးလောင်းပြိုင်လူသတ် မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“စုစုပေါင်း သုံးယောက် ဓားနဲ့ထိုးခံရတာ၊ နှစ်ယောက်က ပွဲချင်းပြီးသေတယ်၊ နောက်တစ်ယောက်ကတော့ စိုးရိမ်ဒဏ်ရာတွေနဲ့ ဆေးရုံပို့ထားတာ ဆေးကုနေရင်း သေတယ်၊ သုံးလောင်းပြိုင်လူသတ်မှုပါပဲ” ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အခင်းဖြစ်စဉ်တွင် အသက် ၃၈ နှစ်အရွယ် မအေးအေးစိုးသည်၊ ဝဲလည်ပင်း ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးကြောင်း၊ အသက် ၃၈ နှစ်အရွယ် ကိုထွန်းမင်းလတ်သည် ဝဲဦးခေါင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲနားရွက်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးကြောင်း၊ အသက် ၄၂ နှစ်အရွယ် ကိုစိုးလှိုင်ဦးသည် ၀မ်းဗိုက်ဖောက်၀င်ဒဏ်ရာ တစ်ချက်၊ ဝဲယာလက်မောင်းပြတ်ရှဒဏ်ရာ တစ်ချက်စီနှင့် စိုးရိမ်ဒဏ်ရာများရရှိသဖြင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုပေးထားရာမှ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုက်အ၀န်းထံမှ သိရသည်။

၎င်းတို့သုံးဦးအား ချမ်းမြသာစည်မြို့နယ် တမ္ပ၀တီရပ်ကွက်နေ အောင်ကျော်ထက်ဆိုသူက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင် တမ္ပ၀တီရပ်ကွက်အတွင်းရှိ ဆေးခန်းတစ်ခု၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက်၊ ဖမ်းဆီးထားသူအား စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly