အရပ်သားကို မီးမြှိုက်ကာစစ်ဆေးနှိပ်စက်သည်မှာ စစ်ကောင်စီလက်အောက်ခံတပ်မဟုတ်ပါ

By ZZ (မဇ္ဈိမ)
12 May 2023
အရပ်သားကို မီးမြှိုက်ကာစစ်ဆေးနှိပ်စက်သည်မှာ စစ်ကောင်စီလက်အောက်ခံတပ်မဟုတ်ပါ

စစ်ကောင်စီလက်အောက်ခံတပ်များက ပြည်သူကို ညှဉ်းပန်းနှိပ်စက်နေသည်ဟုဆိုကာ ဗီဒီယိုဖိုင်တစ်ဖိုင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းသည် စစ်ကောင်စီလက်အောက်ခံတပ်များမဟုတ်ဘဲ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ကျူးလွန်ခြင်းဖြစ်သည်။ 

"Lin Naing" အမည်ရှိ တွစ်တာအသုံးပြုသူတစ်ဦးက မေလ ၁၀ ရက်နေ့တွင် "စက်ကောင်စီလက်အောက်ခံတပ်တွေက ပြည်သူအပေါ်ကို ဒီလိုညင်းပန်းပါတယ် ထိုင်ကြည့်နေတဲ့ ကမ္ဘာကြီးထက် နိုင်ငံထဲမှာနေပြီး ကိုယ်နဲ့မဆိုင်သလို နေနေတဲ့ လူတွေက ပိုအပြစ်ရှိတယ်" ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားထားပြီး ဗီဒီယိုဖိုင်တစ်ခုနှင့်အတူ ဖြန့်ဝေထားသည်။ 
ထိုဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၂၅,၀၀၀ကျော်ရှိနေပြီဖြစ်ပြီး ကြိုက်နှစ်သက်သူ ၃၀၀ ကျော်၊ Retweets (ပြန်လည်မျှဝေသူ) ၂၀၀ နီးပါးရှိခဲ့ပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။ 

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာ နှိပ်စက်စစ်ဆေးနေသူများမှာ စစ်ကောင်စီလက်အောက်ခံတပ်မှမဟုတ်ကြောင်း တွေ့ရသည်။ 

အဆိုပါဗီဒီယိုဖိုင်တွင် ယူနီဖောင်းဝတ်ဆင်ထားကာ နှိပ်စက်စစ်ဆေးနေသူများသည် ရှမ်းစကားဖြင့် ပြောဆိုထားကြသည်။ 
ထို့ပြင် ထိုအကြောင်းနှင့်ပတ်သက်၍ နှိပ်စက်စစ်ဆေးနေသူများမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ရှိ တပ်ဖွဲ့ဝင်များဖြစ်ကြောင်းကို သတင်းဌာနများတွင်လည်း အသီးသီးဖော်ပြခဲ့ကြသည်။ 
ယင်းအကြောင်းအရာနှင့်ပတ်သက်၍ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က မိုင်းကိုင်နှင့် လဲချားဘက်တွင် SSPP စစ်ကြောင်းများကို RCSS က မကြာခဏ မိုင်းထောင်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများကြောင့် သံသယရှိသူများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း RFA သို့ ဖြေဆိုထားသည်။ 
RFA Burmese - https://bit.ly/3NZXwkL

၎င်းနှိပ်စက်စစ်ဆေးခံရသော အမျိုးသားမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) ၏ သတင်းပေးဖြစ်သည်ဟုဖော်ပြထားပြီး ၎င်းအား ဆက်လက်ထိန်းသိမ်းထားကာ မီးပုံပေါ်တွင်နှိပ်စက်ခံရသော်လည်း ဒဏ်ရာမရရှိကြောင်း Myanmar Now သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ 
Myanmar Now - https://bit.ly/44QHNL1

အလားတူပင် BBC မြန်မာပိုင်း၊ DeltaNews Agency နှင့် မဲခေါင်သတင်းများတွင်လည်း နှိပ်စက်စစ်ဆေးသူများသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)မှဖြစ်ကြောင်း ဆိုထားသည်။ 
BBC Burmese - https://bit.ly/3M1BnzY
DeltaNews Agency - https://bit.ly/41wENk7
Mekong News - https://bit.ly/3LSeajI

SSPP/SSA သည် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်ဆံမှု အနည်းငယ်ရှိသော်လည်း စစ်ရေးအရပူးပေါင်းမှုမရှိဘဲ ရှမ်းပြည်နယ် မိုင်းရှူးဒေသအတွင်းရှိ တပ်စခန်းများ နောက်ဆုတ်ရန် စစ်ကောင်စီတပ်မှသတိပေးချက်ကို လိုက်နာခြင်းမပြုဘဲ ဆက်လက်တပ်စွဲထားကြောင်း ISP Myanmar မှ ပြုစုထားသော အချက်အလက်များအရ သိရသည်။ 

စစ်ကောင်စီတပ်အနေဖြင့် အာဏာသိမ်းပြီးနောက် ၎င်းတို့အားဆန့်ကျင်သည့် ပြည်သူများအပေါ် မကြာခဏ မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်တတ်သည်မှန်သော်လည်း ယခုဖြစ်စဉ်မှာ ၎င်းတို့ကျူးလွန်ခြင်းမဟုတ်ဘဲ SSPP တပ်ဖွဲ့ဝင်များမှာ ကျူးလွန်ခဲ့သည့် ရုပ်သံဖိုင်မှတ်တမ်းသာဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီလက်အောက်ခံတပ်မှ အရပ်သားအား မီးမြှိုက်နှိပ်စက်နေသည်ဆိုသည့်ဗီဒီယိုဖိုင်မှာ အမှန်တကယ်ဖြစ်ခဲ့သည့်အကြောင်းအရာအားအခြေခံကာ အချက်အလက်မှားယွင်းဖော်ပြထားသည့် သတင်းအမှားတစ်ခုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly