ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို  စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

By ကိုခင်မောင် (မဇ္ဈိမ)
12 May 2023
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို  စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းရွာနှင့် ဖလံချိုင်ရွာတို့ကို စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း(၃၆၁)နှင့် (၃၆၈) မှ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ကန့်ဘလူမြို့နယ်  သိုးဘိုးရွာမှ မေလ ၁၀ရက်နေ့တွင် ထွက်ခွာလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ထန်းကုန်းတိုက်နယ်၊ သရက်ခေါင်ရွာတွင် တစ်ညအိပ်တပ်စွဲထားပြီး မေလ ၁၁ရက် နံနက် ၆နာရီအချိန်တွင် သရက်ခေါင်ရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ဆိုသည်။ 

သရက်ခေါင်းရွာသည် ဒုတိယအကြိမ် မီးရှို့ခံရခြင်းဖြစ်ကာ လူနေအိမ်  ငါးလုံးနှင့် စာသင်ဆောင်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ပြီး ဧပြီ ၂၉ ရက်နေ့က ပထမအကြိမ် မီးရှို့ခံရမှုတွင် စာသင်ဆောင် တစ်လုံး မီးလောင် ပျက်စီးခဲ့ရသည်ဟု သိရသည်။ 

အဆိုပါ စစ်ကောင်စီတပ်များသည် သရက်ခေါင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဖလံချိုင်ရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး မေလ ၁၁ရက်နံနက် ၈နာရီ ၁၅မိနစ်ခန့်တွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့က ဆိုသည်။

 စစ်ကောင်စီတပ်မှ ဖလံချိုင်ရွာ မီးတင်ရှို့မှုကြောင့် ဒေသခံလူနေအိမ် မည်မျှမီးလောင်သွားသည်ကို အတည်မပြုနိုင်သေးပေ။ 

ထိုကဲ့သို့ရွာစဉ်အလိုက် မီးရှို့နေသော စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း (၃၆၁) စစ်ကြောင်းသည် မေလ ၁၂ရက် နံနက် ၇နာရီ ၂၀မိနစ်တွင် ကန့်ဘလူမြို့နယ်၊  ဖုတ်ကုန်းရွာအနီးသို့ ရောက်ရှိနေကြောင်းသိရသည်။ 

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၇ ရက်နေ့ကလည်း ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ရွာရှိ လူနေအိမ် ၈၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်ပြည်သူ ၁၁ ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ 

 လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ထောက်ရှာအိုင်ရွာသား ၁၁ဦးနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။  

ကန့်ဘလူခရိုင်အတွင်းရှိ  ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်နှင့် ကာဘိုးတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့်  ဧပြီလကုန်မှစ၍ ယနေ့အချိန်ထိ  မနားတမ်းလှည့်ပတ် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၂၀ ခန့်မှ ဒေသခံ ၂၀,၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး အခြေခံစားသောက်ကုန်၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်း တချို့တိုက်နယ်များတွင် စစ်ကောင်စီတပ် စစ်ကြောင်းထွက်သွားလျှင် ရွာထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသူများရှိသကဲ့သို့  တချို့ပြည်သူများမှာ ကျေးရွာတွင်းသို့ ပြန်မဝင်ကြတော့ဘဲ နီးစပ်ရာတောများတွင် တဲထိုးနေထိုင်ကြရသည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူကဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူများမှာ စစ်ဘေး၊ မီးဘေးအန္တရာယ်တင်မကဘဲ မြွေဆိုးအန္တရာယ်ပါ ရင်ဆိုင်နေကြရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly